
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အနောက်ဘက်တွင် စစ်ကြောင်းထိုးကာ ရွာမီးရှို့နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (ဇူလိုင် ၅) နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
တပ်မ (၈၈) လက်အောက်ခံ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် နံနက် ၆ နာရီခန့်တွင် ရွှေကူမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ချောင်းဝရွာအဝင်တံတားအနီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည်၊ အထိနာသွားသည့် စစ်ကောင်စီတပ်က ချောင်းဝရွာအတွင်း ဝင်ရောက်သွားခဲ့သည်ဟု မြို့လှ-PDF အဖွဲ့မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။
“ကျွန်တော်တို့နဲ့ မနက်ပိုင်းမှာ တစ်ခါဖြစ်၊ ဖြစ်ပြီးတော့ ကျွန်တော်တို့က မကျေနပ်လို့ ဒရုန်း တစ်ခါသွားပြန်ချတာနဲ့ သူတို့ကလည်း လက်နက်ကြီးနဲ့ ပြန်ထုတယ်။ တိုက်ပွဲက ချောင်းဝတံတားနားမှာပဲ ဖြစ်တာ။ ထိပ်တိုက်၊ သူပစ်ကိုယ်ပစ်ပဲ။ သူတို့ တစ်ယောက်ကျသွားတယ်” ဟု မြို့လှ-PDF စစ်ကြောင်းမှူးက ပြောသည်။
မြို့လှသည် ရွှေကူ၏ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံတွင် စစ်ပညာသင်ယူထားပြီး တိုက်ပွဲဝင်လက်နက်များ ကိုင်ဆောင်ထားကြသည်။
တိုက်ပွဲပြီးသည့်နောက် ချောင်းဝရွာအတွင်းသို့ ဝင်ရောက်သွားသည့် ထိုစစ်ကြောင်းက ရွာအတွင်းရှိ ဒေသခံ ၅၀၀ ခန့်ကို ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဖမ်းဆီးထားခဲ့သည်၊ ည ၇ နာရီခန့်တွင် ရွာအတွင်းရှိ နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ချောင်းဝရွာ မီးရှို့ခံရချိန်နှင့် တစ်ချိန်တည်းလိုလိုပင် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကလည်း ရွေကူမြို့အနောက်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဘိုကုန်းရွာမှ နေအိမ် ၇ လုံးကို မီးရှို့လိုက်သည်ဟု သိရသည်။
ယနေ့နံနက် (ဇူလိုင် ၆ ရက်) တွင် ချောင်းဝရွာမှ ထွက်ခွာလာသည့် အဆိုပါစစ်ကြောင်းသည် ချောင်းဝရွာနှင့် မိုင်အနည်းငယ်ဝေးသည့် သာယာကုန်းရွာသို့ ဦးတည်သွားခဲ့ရာ နံနက် ၇ နာရီခန့်တွင် ရွာအနီး၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ဗိုလ်မိုးကြိုးက ပြောသည်။
“သာယာကုန်းဝင်ခါနီး ကွင်းမှာ ဖြစ်ကြတာ၊ အဲဒီကနေမှ သူတို့က ရွာထဲကို ဝင်သွားတယ်၊ ကျွန်တော်တို့က ရွာအပြင်မှာ သူတို့ကို ဝိုက်ထားသလို နေထားကြတာ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။
စစ်ကြောင်းဝင်ရောက်လာသည့် သတင်းကြားသည်နှင့် သာယာကုန်းရွာသားအားလုံး ထွက်ပြေးကြရသည်ဟု အသက် (၃၀) ကျော်အရွယ် သာယာကုန်းရွာသားတစ်ဦးက ပြောသည်။
“ချောင်းဝက လူတွေက ပိတ်ခံလိုက်ရတယ်လေ၊ ချောင်းဝထဲ ဝင်တော့ မပြေးဘဲ နေလိုက်ကြတာမှာ ပိတ်ခံလိုက်ရတာ။ ကျွန်တော်တို့ကတော့ သတင်းကြားတာနဲ့ ပြေးရတာပဲ၊ အခုထိ ရွာထဲမှာ ရှိနေတုန်း၊ ရွာကို မီးရှို့မှာ ကြောက်နေရတယ်” ဟုအဆိုပါ ရွာသားက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကလည်း အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုက ရွှေကူမြို့တောင်ဘက် မိုင်အနည်းငယ်အကွာရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီးနောက် ထောင်နှင့်ချီသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသခံထောင်နှင့်ချီလည်း စစ်ရှောင်နေကြရသည်။
ရွှေကူမြို့သည် ပစ်ခတ်သတ်ဖြတ်မှုများ၊ ရွာမီးရှို့မှုများ နေရာအနှံ့ နေ့စဉ် ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းနှင့် ကပ်လျက် တည်ရှိသည်။
နေအိမ်များ ဖျက်ဆီးခံရမှု အချက်အလက်များကို ကောက်ယူနေသည့် Data for Myanmar ၏ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းအတွင်းမှ မီးရှိ့ခံရသည့် အိမ်ခြေပေါင်း ၅၄,၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။ ကချင်ပြည်နယ်တွင် ၁,၃၇၈ လုံး မီးရှို့ခံခဲ့ရပြီး ထိုအထဲတွင် ပြည်နယ်တွင်းရှိ ရွှေကူမြို့နယ်မှ အိမ်ခြေပေါင်း ၉၆၅ လုံး ပါဝင်သည်။
နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (IISS) က ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် နိုင်ငံအနှံ့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးတို့ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ပေါင်း ၅၆၄ ကြိမ် ရှိကြောင်း မှတ်တမ်းတင်ထားသည်။ ထိုအထဲတွင် ကချင်ပြည်နယ်အပါအဝင် နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် တိုက်ပွဲပေါင်း ၈၆ ကြိမ် ဖြစ်ပွားသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ ပျံ့နှံ့လာရာ စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးရှိ ဒေသများသည် KIA ၏ ကူညီမှုဖြင့် စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)