အုံ့မှိုင်းနေသည့် ကောင်းကင်အောက် ကတ္တရာလမ်းမထက်တွင် လူငယ်တစ်စု ဖြတ်သန်းသွားရာ ကြွေးကြော်သံများ ဖုံးလွှမ်းသွားသည်။
ရှေ့ဆုံးမှ သပိတ်တစ်လုံးကို မှောက်လျက်ကိုင်ဆောင်ထားသူ၏ နောက်တွင် အင်အား ၁၀၀ ခန့် လူငယ်များက အားမာန်အပြည့် ချီတက်နေကြသည်။
“ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး” “ဖက်ဆစ်စနစ် အမြစ်ဖြတ်ရေး” ဟု ကြွေးကြော်နေသော ထိုလူငယ်များက နိုင်ငံတောင်ပိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တစ်နေရာတွင် ဇွန်လ ပထမပတ်က ချီတက် ဆန္ဒပြနေခြင်းဖြစ်သည်။
၂၀၂၁ နှစ်ဆန်းတွင် ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းလိုက်သည့် စစ်ကောင်စီကို လက်မခံကြောင်း လမ်းပေါ်ထွက် စုဝေးဆန္ဒပြခြင်းဖြင့် လူထုအန်တုမှု စတင်ခဲ့သည်။
စုဝေးဆန္ဒပြမှုများက နိုင်ငံအနှံ့ မြို့ကြီးမြို့ငယ်အသီးသီးသို့ ပျံ့နှံ့သွားပြီး နေ့စဉ်ရက်ဆက် လမ်းမထက် လူပင်လယ်သဖွယ် ဖြစ်ခဲ့သည်။ နိုင်ငံလုံးအနှံ့ ဆန္ဒပြဆန့်ကျင်နေသည့် လူထုကို စစ်ကောင်စီက တိုက်ပွဲဝင်လက်နက်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည်။
လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျု (The International Institute for Strategic Studies – IISS) က သုတေသနပြု ထုတ်ပြန်ထားသည့် မြန်မာ့ပဋိပက္ခမြေပုံအရ တစ်နိုင်ငံလုံး၏ ထက်ဝက်ကျော်ဖြစ်သည့် မြို့နယ်ပေါင်း ၁၆၅ မြို့နယ်တွင် ဆန္ဒပြပွဲများကို နှိမ်နင်းဖြိုခွဲမှုပေါင်း ၇၇၉ ကြိမ် ဖြစ်ပွားခဲ့သည်။
အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံရန် ဆုံးဖြတ်လိုက်သည့် လူငယ်အများစုက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက် စစ်ပညာသင်ယူပြီးနောက် ၂၀၂၁ မေလခန့်မှ စတင်၍ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
အာဏာသိမ်းတပ်က ဆန္ဒပြသူတို့ကို ဖမ်းပြီး အရေပြားပေါ်မှ ဆေးမင်ကြောင်ကို ဓားဖြင့် ခွာထုတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်း စသည့် နည်းလမ်းများဖြင့် တုံ့ပြန်လင့်ကစား ထိုဆန္ဒပြပွဲများ လုံးဝ ပျောက်ကွယ်မသွားသေးပေ။
လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်ကျော်လာချိန်အထိ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့တွင် ဆန္ဒပြပွဲများ အခါအားလျော်စွာ ရှိနေဆဲဖြစ်သည်။
ဆန္ဒပြပွဲများကို မဖြစ်မနေ ဆက်လုပ်ရမည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။
“စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ဆိုရင် နိုင်ငံတကာသံခင်းတမန်ခင်းအရရော ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော အလုံးစုံ ဖိအားပေးပြီး ဖြုတ်ချမှ ထိရောက်မယ်လို့ မြင်တယ်ဗျ။ အဲ့ဒီအမြင်နဲ့ပဲ လက်ရှိအခြေအနေထိ နိုင်ငံရေးလှုပ်ရှားမှုတွေ လူထုသပိတ်လှုပ်ရှားမှုတွေ ဆက်လုပ်နေတာ” ဟု သူက ပြောသည်။
လက်နက်မဲ့ အာဏာဖီဆန် အန်တုနေသည့် ဆန္ဒပြ အင်အားစုများမှာလည်း တော်လှန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
ထိုနှစ် ဖက်ဆစ်တော်လှန်ရေးနေ့က နိုင်ငံအနှံ့ ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွဲရာ ပြည်သူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး အပြင်းအထန်ဖိနှိပ်မှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ ထားဝယ်မြို့ပေါ်မှသည် လောင်းလုံးမြို့နယ်ဘက်တွင် ပြောင်းလဲလှုပ်ရှားခဲ့ရသည်။
ကမ်းရိုးတန်းဒေသဖြစ်သည့် လောင်းလုံးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်နှင့် လောင်းလုံးကျွန်းဆွယ်ကြား ပင်လယ်ထွက်ပေါက်အနီး အထိုင်ချ တပ်စွဲထားရာ လုံခြုံရေးအခြေအနေအပေါ် ချိန်ဆပြီး ဆန္ဒပြသူများက လှုပ်ရှားသည်။ လုံခြုံရေးတင်းကျပ်ချိန်တချို့တွင် လျှပ်တစ်ပြက် ပြောက်ကျားလှုပ်ရှားခဲ့သော်လည်း အများစုမှာ စုဝေးချီတက်ခြင်းဖြစ်သည်။
လူထောင်ချီ စုဝေးခဲ့သည့် ရန်ကုန်မြို့ပြ ဆန္ဒပြပွဲများမှာ ဖိနှိပ်ဖြိုခွဲမှုများအောက် ကျဲပါးသွားခဲ့သော်လည်း ပြောက်ကျားဆန္ဒပြပွဲများ ရှိနေဆဲဖြစ်သည်။ ပူးပေါင်းပါဝင်မှုအင်အားကောင်းခဲ့သည့် မန္တလေးမြို့တွင်လည်း ဆန္ဒပြပွဲများကို ကား၊ ဆိုင်ကယ်တို့ဖြင့် တိုက်ပြီး ဖြိုခွဲခြင်း၊ ဆန္ဒပြပွဲ ပါဝင်သူများကို ပိုက်စိပ်တိုက်ဖမ်းဆီးမှုများအပြီး ယခုနှစ်ဆန်းပိုင်းအထိ အခါအားလျော်စွာ လှုပ်ရှားနေကြဆဲဖြစ်သည်။
ဆန္ဒပြပွဲဦးဆောင်သူများဖြစ်သော မန္တလေးမှ ကိုသူရအောင်၊ မုံရွာမှ ကိုဝေမိုးနိုင် အပါအဝင် ဦးဆောင်သူများကို ပစ်မှတ်ထားကာ စစ်ကောင်စီက အင်အားသုံးဖမ်းဆီးပြီးနောက် ဆန္ဒပြပွဲများ အားနည်းသွားသည်။ အလားတူ ရန်ကုန် ပန်းပင်ကြီးလမ်း ဆန္ဒပြသူများကို ဖြိုခွဲမှု၊ ကလေးမြို့ဆန္ဒပြသူများကို ဖြိုခွဲမှု အပါအဝင် အင်အားသုံးဖြိုခွဲမှုများကြောင့် အားကောင်းသည့် ဆန္ဒပြပွဲများ ပျောက်ကွယ်သွားသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် မန္တလေးသံဃသမဂ္ဂမှ သံဃာများကို ဖမ်းဆီးထောင်ချခဲ့သလို ဖမ်းမိပါက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ထောင်ချခဲ့သည်။
လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ခုခံတော်လှန်မှုပင်မဒေသဖြစ်လာသည့် စစ်ကိုင်းတိုင်း မုံရွာ၊ အရာတော်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဝက်လက်၊ မြောင်၊ ကနီ၊ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်မြို့နယ်တို့တွင် ကျေးလက်ကို အခြေခံသည့် လူထုဆန္ဒပြပွဲများ ရှိနေဆဲဖြစ်သည်။
မကြာသေးမီ မေလ ၂၁ ရက်က စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာနှင့် မီတာ ၅၀ ခန့်အကွာ မုံရွာမြို့အဝင် အဝိုင်းပတ်နားတွင် အရာတော်ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
အလားတူ မကွေးတိုင်း မြိုင်မြို့နယ်တွင်လည်း ဇွန် ၇ ရက်နေ့က ဗကသများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့တွင် လူငယ်ထု၏ ဆန္ဒပြမှုများ၊ လုပ်ဆောင်မှုအမျိုးမျိုးဖြင့် မြို့ပြကို စိုးမိုးထားကြဆဲ ဖြစ်သည်။
အချို့က နေ့စဉ်ရက်ဆက် မပြတ်ဆန္ဒပြနေကြပြီး အချို့ဒေသများတွင်မူ ရံဖန်ရံခါမှ စုဝေး ဆန္ဒပြကြသည်။
စစ်ကောင်စီ ဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး စစ်တပ်နှင့် တရုတ်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေကြသည့် လက်ပံတောင်းကြေးနီစီမံကိန်းဒေသဖြစ်သည့် ယင်းမာပင်မြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်က အဆက်မပြတ် စစ်ကြောင်းထိုးနေသော်လည်း ဆန္ဒပြသူတို့၏ လှုပ်ရှားမှုများ ရပ်တန့်မသွားခဲ့ပေ။
ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှသည် လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကို ထင်ဟပ်သည့် ကြွေးကြော်သံများ ပါဝင်သည့် ဆန္ဒပြပွဲများမှာ တစ်ရွာ စစ်ကြောင်းထိုးနေလျှင် အခြားကျေးရွာ ရွှေ့ပြောင်းပြီး ဆန္ဒပြစုဝေးနေသည်။
“လူထုလှုပ်ရှားမှုတွေက တော်လှန်ရေးတစ်ခုရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့အတွက် လူထုလှုပ်ရှားမှုတွေ မရှိတော့တာနဲ့ တော်လှန်ရေးအတွက် မြောက်မြားစွာ ထိခိုက်သွားနိုင်တယ်။ ကုန်ကုန်ပြောရရင် တော်လှန်ရေးအောင်မြင်ဖို့ ပိုတောင် ခက်ခဲသွားနိုင်တယ်” ဟု ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်လှုပ်ရှားမှုကော်မတီဝင် ကိုလွမ်းသူက ပြောသည်။
နိုင်ငံတစ်ဝန်းမှ သပိတ်အင်အားစုများအနေဖြင့် ပူပေါင်းလှုပ်ရှားမှုများသာမက ဒေသတွင်း ဆန္ဒပြလှုပ်ရှားမှုကော်မတီချင်း ပူးပေါင်းလှုပ်ရှားမှုများလည်း ရှိကြောင်း သပိတ်အင်အားစုများက ဆိုသည်။
နွေဦးတော်လှန်ရေး အစပြုရာဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင်သူများကို စစ်ကောင်စီတပ်က အင်အားသုံး ပစ်ခတ်ဖြိုခွဲမှုများသာမက ဖမ်းဆီးရမိသူများကိုလည်း အငြိုးတကြီး တုံ့ပြန်လေ့ရှိသည်။
ဧပြီ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းပေါ်ထွက် ဆန္ဒပြရန် လူစုနေချိန် စစ်တပ်က သေနတ်ပစ်ဖောက်ဖြိုခွဲရာ ၄ ဦး ဖမ်းဆီးခံရသည်။ စစ်ကောင်စီက ထိုသူများကို ဖမ်းဆီးရုံမျှမက နေအိမ်များ ချိပ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်း နည်းလမ်းများသုံးပြီး တုံ့ပြန်ခဲ့ကြောင်း ကလေးမြို့နယ်သပိတ်ကော်မတီထံမှ သိရသည်။
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်၊ ထိုအထဲတွင် ၁၀၀ ကျော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဆန္ဒပြသူများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြို့နယ်သပိတ်ကော်မတီဝင် ကိုဗိုက်ပူက ပြောသည်။
ရက်ပေါင်း ၈၀၀ အထိ နေ့စဉ်ချီတက်ခဲ့သည့် ကလေးမြို့နယ် ဆန္ဒပြလှုပ်ရှားမှုများသည် ၂၀၂၃ ဧပြီ ၁၆ ရက်နေ့က ပစ်ခတ်ဖြိုခွဲမှုအပြီး သိသိသာသာ အင်အားလျော့သွားသော်လည်း ပြန်လည်ထွက်ပေါ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်သည်ဟု ကိုဗိုက်ပူက ဆိုသည်။
အသံမတိတ်၊ အလံမလိပ်သည့် လူထုလှုပ်ရှားမှုများ ရှိနေဆဲဖြစ်သည့်တိုင် အင်အားလျော့နည်းလာသည်က အဓိက အခက်အခဲတစ်ရပ်ဖြစ်လာသည်။ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ဆုံးရှုံးပြီး စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်ရှားပါးမှု အကျပ်အတည်းတို့နှင့် ရင်ဆိုင်နေရသည့် လူထုက လမ်းပေါ်ထွက် ဆန္ဒပြရေးကို စိတ်ဝင်စားမှု လျော့ကျလာကြောင်း ဆန္ဒပြပွဲ စီစဉ်သည့် အဖွဲ့များ၊ ကော်မတီများက ဆိုသည်။
နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှု၊ နိုင်ငံရေးဟောပြောပွဲများဖြင့်လည်း လူထုစိတ်ဝင်စားမှု မြင့်တက်စေရန် လုပ်ဆောင်နေကြသည်။ ထို့ပြင် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ လူထုပါဝင်နိုင်မည့် နည်းလမ်းအချို့ကိုလည်း ကော်မတီတချို့က ကြံဆအသုံးပြုနေသည်။
အခက်အခဲများကြားမှ ရုန်းကန်နေရသည့် လမ်းပေါ်ထွက် လှုပ်ရှားမှုများ မည်သည့်အချိန်ထိ ဆက်လက်တည်ရှိနေမည်ကို တိတိပပ မမှန်းဆနိုင်သော်လည်း ဆက်လက်ရှိနေရေးအတွက် ကော်မတီက ကြိုးပမ်းနေကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။
“လူထုသပိတ်လှုပ်ရှားမှုကို လူထုက မယုံကြည်တော့ဘူး၊ လူထုသပိတ်လှုပ်ရှားမှု လုပ်လို့မရတော့ဘူးဆိုရင် ကျွန်တော်တို့ကော်မတီလည်း ဖျက်သိမ်းမှာပဲ။ စစ်အာဏာရှင် ရှိသရွေ့၊ လူထုတွေ ရှိနေသရွေ့တော့ လူထုသပိတ်လှုပ်ရှားဖို့ ကြိုးစားနေမှာဖြစ်တယ်” ဟု ကိုမင်းလွင်ဦးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)