သတင်း

ဆိပ်ကမ်းမြို့နယ် မဖျက်သိမ်းရန် ကြံ့ခိုင်ရေးပါတီ ဦးဆောင်ဆန္ဒပြ

လူဦးရေ တစ်ထောင့်ငါးရာဝန်းကျင်သာရှိသော ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး နီးစပ်ရာ မြို့နယ်များဖြစ်သည့် ဗိုလ်တထောင်မြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် ထည့်သွင်းရန်လုပ်ဆောင်နေမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ယနေ့မနက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

 “ ဆိပ်ကမ်းမြို့နယ် ချစ်သူများ အဖွဲ့”က ဆန္ဒပြမည်ဟု သိရှိရ၍ လာရောက် ဝန်းရံခြင်းဖြစ်ပြီး ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပါက အဓိကနစ်နာမည့် အဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီ ဖြစ်သည်ဟု ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ဆိုသည်။

ဆိပ်ကမ်းမြို့နယ် သံဃနာယကအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်၍ နစ်နာမည့် အဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့မှာ ကြံ့ခိုင်ရေးဖြစ်ပြီး အခြားတစ်ဖွဲ့မှာ ယင်းအဖွဲ့ကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“သုံးကြိမ်ပြိုင်ပြီး သုံးကြိမ် လက်ရှိ အာဏာရပါတီကို နိုင်ထားတဲ့ မြို့နယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ့်ကို ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက်ကတော့ များစွာ ဆုံးရှုံးနစ်နာမှုရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဦးနေမျိုးအောင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မှ အနိုင်ရခဲ့သူဖြစ်ပြီး ရှုံးနိမ့်ခဲ့သူ NLD ပါတီမှ ဦးသန်းထိုက်အောင်၏ ကန့်ကွက်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်စစ်ဆေးကာ ဦးသန်းထိုက်အောင်ကို ပြန်အနိုင်ပေးခဲ့သည်။

ဦးနေမျိုးအောင်သည် ရွေးကောက်ပွဲအကြိုကာလတွင် ဒေသခံများအား ငွေချေးကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ပေးခဲ့ခြင်းအပေါ် ကော်မရှင်က ဥပဒေနှင့်ငြိစွန်းသဖြင့် ၎င်း၏ကိုယ်စားလှယ်အဖြစ်သည် ပျက်ပြယ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ဆန္ဒပြပွဲတွင် ဆိပ်ကမ်းမြို့နယ်၌ နေထိုင်သူ ၁၀ ဦး ခန့်သာပါဝင်ပြီး အများစုမှာ မည်သည့်ဒေသကမှန်း မသိသည့် လူများဖြစ်သည်ဟု NLD ပါတီဝင် ဆိပ်ကမ်းမြို့နယ် အမှတ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

 “လူဦးရေ ၁၅၀၀ နီးပါးရှိတဲ့ မြို့နယ်မှာ လူ၁၀ ယောက်ရဲ့ ဆန္ဒ သဘောထားဖြစ်နေပြီး ကျန်တဲ့ လူတွေက ဘယ်ကမှန်းမသိတဲ့ လူတွေဖြစ်နေတာကို တွေ့ရတယ်” ဟု ၎င်းက ယနေ့ဆန္ဒပြပွဲကို သုံးသပ်သည်။

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ ဗိုလ်တထောင်နှင့် လမ်းမတော်မြို့နယ်တွင် ပေါင်းထည့်နိုင်ရန် စီစဉ်ရခြင်းမှာ လှိုင်သာယာမြို့နယ်၏ လူဦးရေပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ရန် စီစဉ်ခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ် ၃၃၀ သာ ထားရှိရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းမှသာ လူဦးရေ သန်းချီရှိနေသည့် လှိုင်သာယာမြို့နယ်တွင် မြို့နယ်နောက်တစ်ခု ထပ်တိုးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသည့် သန်းခေါင်စာရင်းပါ အချက်အလက်များအရမူ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ခုနှစ်သိန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

ဆိပ်ကမ်းမြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ဆိပ်ကမ်းမြို့နယ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကော်စီ လက်ထက်ကတည်းက အမှတ် ၁၁ နယ်မြေအဖြစ် စတင်တည်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် လုံခြုံရေးအရ ဆိပ်ကမ်းနှင့် ကိုကိုးကျွန်းတို့ကို မြို့နယ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာရပါတီက ဆိပ်ကမ်းမြို့နယ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်သည့်အတွက် ဆိပ်ကမ်းမြို့နယ်ကို နိုင်ငံရေးအရ ဖျက်သိမ်းခြင်းဖြစ်သည်ဟု ပြောသည်။

“ကျွန်တော့် အနေနဲ့ကတော့ ဒီမြို့နယ်ကို ဖျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကန့်ကွက်သွားမှာပါ ” ဟု ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးဖြစ်သူ ၎င်းက ပြောသည်။

ဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းမြို့နယ်တွင် လူဦးရေ ၁၅၀၀ ခန့်သာရှိပြီး မြို့နယ်တစ်ခုလုံးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ လက်အောက်တွင်သာရှိသည်ဟု ပြောသည်။

Show More

Related Articles

Back to top button