ရန်ကုန် မြို့တော်ခန်းမရှေ့တွင် တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သည့် အမျိုးဘာသာ၊ သာသနာအရေးဟုဆိုသော ဆန္ဒပြပွဲသတင်းကို တင်ဆက်ခဲ့သော ရန်ကုန်အခြေစိုက် 7Day သတင်းဌာနနှင့် ခေတ်သစ်မီဒီယာတို့ကို ၎င်းတို့၏သတင်းများပြန်ဖြုတ်ပေးရန် အမျိုးသားရေးဝါဒီဆိုသူများက ဖိအားပေးခဲ့ကြသည်။
၎င်းတို့၏ ဟောပြောချက်များအပေါ် ချဲ့ကားရေးသားတင်ဆက်သည်ဟု ယူဆကာ ဆန္ဒပြပွဲဦးဆောင်သူများက ယင်းသတင်းဌာနများကို ဖိအားပေးခဲ့ခြင်းဖြစ်သည်။
သတင်းဖော်ပြခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေ့နေ့ညကပင် အမျိုးသားရေးဝါဒီဆိုသူ သံဃာတော်များနှင့် အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသည့် လူများ 7Day သတင်းစာတိုက်ရှိသည့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ ဒိုင်းမွန်းကွန်ဒိုသို့ ရောက်ရှိလာပြီး 7Day TV မှ ထုတ်လွှင့်ခဲ့သည့် ဆန္ဒပြပွဲအကြောင်း တင်ဆက်ထားသည့် သတင်းကို ပြန်လည်ဖြုတ်ချပေးရန် တောင်းဆိုခဲ့ကြသည်။
ယင်းအပြင် ယနေ့နံနက်တွင်လည်း ဦးဉာဏောဘာသ အပါအဝင် ၆ ဦး 7Day သတင်းစာတိုက်သို့ ထပ်မံလာရောက်ခဲ့ရာတွင် လုံခြုံရေးအရ သုံးဦးကိုသာ ဝင်ခွင့်ပေးခဲ့ပြီး 7Day အယ်ဒီတာအဖွဲ့က တွေ့ဆုံခဲ့သည်။
7Day TV က အွန်လိုင်းတွင် ထုတ်လွှင့်ခဲ့သည့် “အမျိုး၊ ဘာသာနဲ့ အချုပ်အခြာ ထိပါးခံနေရတာကြောင့် ကန့်ကွက်ပွဲလုပ်တာလို့ဆို” အမည်ရှိ သတင်းတွင် “အဲဒီဟောပြောပွဲမှာ ဟောပြောတဲ့ ပုဂ္ဂိုလ်တချို့ဟာ ဘာသာရေးပဋိပက္ခ ဖြစ်ဖွယ်ရှိတဲ့ အမုန်းစကားတွေ ဟောပြောခဲ့တာလည်း တွေ့ရပါတယ်” ဟု ရေးသားခဲ့သည့် အတွက် ၎င်းတို့က လာရောက်ကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
7Day က အဆိုပါသတင်းကို ပြန်လည်ဖြုတ်ချခဲ့သည်။
အမျိုးသားရေးဝါဒီများ၏ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ ထိုသတင်းတွင်ပါဝင်သည့် “ပဋိပက္ခဖြစ်ဖွယ်ရှိတဲ့ အမုန်းစကား” ဆိုသည့် အသုံးအနှုန်းကို ဖြုတ်ချသင့်သည်ဟု ယူဆသည့်အတွက် ဖြုတ်ချပေးခဲ့ခြင်းဖြစ်သည်ဟု 7Day TV ၏ အယ်ဒီတာချုပ် ဒေါ်ငြိမ်းငြိမ်းနိုင်ကMyanmar Now ကိုပြောသည်။
“ဒီဟောပြောပွဲမှာ ပြောခဲ့တဲ့ ပုဂ္ဂိုလ်တချို့က ဘာသာရေးအမုန်းစကားတွေ ပြောခဲ့တာလည်း တွေ့ရပါတယ်ဆိုတဲ့ ဝါကျဆိုရင်တော့ ကျွန်မတို့က ဖြုတ်ချဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ ‘ပဋိပက္ခဖြစ်ဖွယ်ရှိတဲ့ အမုန်းစကားတွေ’ ဆိုတဲ့ စကားလုံးပါနေတာကြောင့် ကျွန်မတို့ရဲ့ Editorial (သတင်းမူဝါဒ) အရ ဖြုတ်လိုက်တာပါ ” ဟု ၎င်းက ပြောသည်။
အဆိုပါသတင်းကို 7Day TV တွင် ဖြုတ်ချပေးခဲ့သော်လည်း ထိုသတင်းကို တနင်္လာနေ့ထုတ် 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ “ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူအချို့က ဝန်ကြီးသူရဦးအောင်ကိုကို ညစ်ညမ်းသော အသုံးအနှုန်းများ သုံးနှုန်း၍ အော်ဟစ်” ခဲ့ကြောင်း ကိုးကားဖော်ပြရေးသားခဲ့သည်။ အမှန်တကယ်တွင်လည်း ဆန္ဒပြသူအချို့က သူရဦးအောင်ကိုအား ခွေး နှင့်နှိုင်းပြီး ဆဲဆိုအော်ဟစ်ခဲ့သည်ကို တွေ့ရသည်။
“အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန်အတွက် ဗလီကျောင်းဆောက်လုပ်ခွင့်ပြုရန် ဆန္ဒရှိသည်” ဟု ပြောဆိုချက်မှာ တရားမျှတမှု ရှိပါ၏လားဟု အရှင်ဉာဏောဘာသက ပရိသတ်များကို မေးမြန်းရာတွင် အမျိုးသမီးပရိသတ်တစ်ဦးက “အောင်ကိုက ခွေး၊ခွေး” ဟု သာသနာရေးဝန်ကြီး ဦးအောင်ကိုအား ခွေးဖြင့် ခိုင်းနှိုင်းခဲ့ခြင်းဖြစ်သည်။
ဦးဉာဏောဘာသက “ဦးအောင်ကိုကခွေး ဦးပဉ္ဇင်း မပြောဘူးနော်။ ဒကာမကြီးပြောတာ” ဟု စင်ပေါ်မှ ပြန်လည်တုံ့ပြန်ခဲ့သည်။ ပရိသတ်အတွင်းမှ အမျိုးသားတစ်ဦးကလည်း “အောင်ကိုက ဗုဒ္ဓဘာသာကို ဟောင်တဲ့ ခွေး” ဟု အော်ဟစ်ခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်ခေတ်သစ် သတင်းဌာန၏ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်ကလည်း ဆန္ဒပြပွဲစီစဉ်သူများက ၎င်း၏လက်ကိုင်ဖုန်းကို မနေ့ညက ဆက်သွယ်လာပြီး ရေးသားဖော်ပြထားသော သတင်းအပေါ် မကျေနပ်၍ ညအချိန်လာရောက်တွေ့ဆုံရန် ရုံးလိပ်စာတောင်းယူကြောင်း ပြောသည်။
ယင်းသို့ ဖုန်းဖြင့်ပြောဆိုရာတွင် သတင်းအတွက် ရန်ကုန်ခေတ်သစ် သတင်းဌာနသည် အမှုတွဲဖြစ်မည်ဖြစ်ကြောင်း၊ ဆရာတော်က ထိုသို့ပြောဆိုခြင်းမရှိကြောင်း ၊ ဆရာတော်က အောင်နက်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခွေးဟု မပြောခဲ့ကြောင်း ဖုန်းဆက်၍ ပြောဆိုခဲ့သည်ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနက ထုတ်ပြန်သည်။
“အဆိုးဆုံးကတော့ ချတ်ဘောက်တွေ ကနေ လာလာပြီးတော့ သတ်မယ်၊ ဖြတ်မယ်ပေါ့။ အဲဒါကတော့ အဆိုးဆုံးပဲပေါ့” ဟု ဦးသာလွန်ဇောင်းထက်က ပြောသည်။
ဦးဉာဏောဘာသ(ခေါ်) ကန်ညီနောင် ကြာတစ်ပွင့်ဆရာတော်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ရန်ကုန်၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည်။
ထိုဟောပြောပွဲတွင် ဦးဉာဏောဘာသက “ ဘာတွေဟောပြောသွားလဲဆိုတာလဲ သေသေချာချာမှတ်သွား။ လိုရာရေးပြီးတော့ ဖာလို၊ ဖုတ်လို မလုပ်နဲ့” ဟု သတင်းမီဒီယာများကိုလည်း ပြောဆိုခဲ့သည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု ဆိုသူများ၏ ဆန္ဒပြပွဲမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က စတင်ခဲ့ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီး ရေခဲဆိုင်မှတ်တိုင်မှ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
လမ်းတစ်လျှောက်တွင် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၅၉(စ)အား ကာကွယ်စောင့်ရှောက်ရေး၊ ရိုဟင်ဂျာ လူမျိုးလိမ် မပေါ်ပေါက်ရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။
ထိုဆန္ဒပြသူများသည် ယခင်က ဆန္ဒပြပွဲများတွင်လည်း မကြာခဏပါဝင်သူများဖြစ်ပြီး တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးကို ထူထောင်ပြီးဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပရိသတ်များကို ကြေညာခဲ့သည်။