သတင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်ဆန္ဒပြ

ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၇ ရက်နေ့က အတည်ပြုလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ (ဇွန်လ ၂၁ရက်) ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲတွင် ဟောပြောသူတစ်ဦးဖြစ်သည့် ရှေ့နေဦးအေးပိုင်က ရဲဘော်ကြီး ကျန်းမာပါစေ ချမ်းသာပါစေ ဆိုကာ စင်ပေါ်မှ တိုင်ပေးခဲ့ပြီး ပွဲတက်ရောက်လာသူများက လိုက်လံသံပြိုင်အော်ဟစ်ခဲ့သည်။

မေလ ၂၇ ရက်နေ့ညပိုင်းက တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက မစိုးရိမ်တိုက်သစ်၊ ငါးထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းတရားပွဲ ဟောပြောပြီးနောက်အပြန် ကားပေါ်တက်စဉ် ဦးဝီရသူကို ငါ့ရဲဘော်ဟု မိန့်ကြားခဲ့သည်။

ယခုဆန္ဒဖော်ထုတ်မှုကို ယခင် ဦးဝီရသူဆုတောင်းပွဲများတွင် ပါဝင်ခဲ့သူအများစုက ဦးဆောင်ပါဝင်ခဲ့ကြောင်း တွေ့ရသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ကျင်းပခဲ့သည့် အမျိုးသားရေး တပ်ပေါင်းစု ဦးဆောင်ကော်မတီဝင် ဦးတင့်လွင်က ယနေ့ ဆန္ဒပြတောင်းဆိုသည့် အမျိုးသားရေးတပ်ပေါင်းစုတွင် နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့အစည်းပေါင်းစုံမှ အမျိုးသားရေးသမားများ ပါဝင်နိုင်ကြောင်း ပြောဆိုသည်။

“တချို့ပါတီဝင်တွေ ပါချင်ပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့က မေးပိုင်ခွင့်လဲမရှိဘူး။ အမျိုး၊ဘာသာ၊သာသနာ အတွက်ဆိုတာက ပါတီရယ်၊ အသင်းအဖွဲ့အစည်းရယ်လို့ ကျွန်တော်တို့ မသတ်မှတ်ထားဘူး။ မည်သူမဆို တိုင်းရင်းသား အားလုံး၊နိုင်ငံသား အားလုံး ပါဝင်ခွင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဇွန် ၁၆ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ထိုဥပဒေပြင်ဆင်ချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ကန့်ကွက်ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေပြင်ဆင်ချက်တွင် ပါရှိသည့် “နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်” ဟူသော ဥပဒေပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် အခန်း (၈) ၊ ပုဒ်မ ၇၃ ပါ “နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရှိစေရ”ဟူသော ပြဋ္ဌာန်းချက်ကို လွှမ်းမိုး ပယ်ဖျက်လိုက်သည့်သဘော ဖြစ်နေသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းပြင်ဆင်ချက်ကြောင့် မွေးစားကလေးသူငယ်သည် မဲပေးခွင့် ရွေးချယ်ပိုင်ခွင့်နှင့်အတူ တိုင်းရင်းသား နိုင်ငံသားများ၏ အခွင့်အရေးအားလုံးကိုပါ သားသမီးအရင်းများနှင့်တန်းတူ ရပိုင်ခွင့် ရှိလာမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်းအပြင် ထိုဥပဒေပုဒ်မ ၃၃(ခ)တွင်”မွေးစား ကလေးသူငယ်တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်”ဟု ပြဋ္ဌာန်းထားကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း(၈) ကလေးသူငယ်ကို မွေးစားခြင်းပါ ပြဋ္ဌာန်းချက်များမှာ တည်ဆဲ ဓလေ့ထုံးထမ်း ဥပဒေ (Customary Law) များနှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတို့ကို ကျော်လွန်မည် မဟုတ်ကြောင်း၊ လွှမ်းမိုးမည် မဟုတ်ကြောင်း ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အခန်း(၈) ပုဒ်မ ၂၆ တွင် မြန်မာနိုင်ငံသား တစ်ဦးဦးသည် ကလေးသူငယ်ကို မိဘအရင်းသဖွယ် ပြုစု စောင့်ရှောက်နိုင်ပါက ကလေးသူငယ်အား သတ်မှတ်ချက်များနှင့်အညီ မွေးစားပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဇွန်လ ၇ ရက်နေ့က ထိုဥပဒေကြမ်းကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦးက မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံများနှင့် နိုင်ငံဧရိယာ ကျဉ်းမြောင်းပြီး လူဦးရေ ပေါက်ကွဲနေသည့် နိုင်ငံများကြား တည်ရှိနေကြောင်း၊ ယခု ပြဋ္ဌာန်းမည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ တွင် စိုးရိမ်ဖွယ်ရာ အချက်အလက်များကို တွေ့နေရပြီး လက်ရှိ ရှုပ်ထွေးနေသည့် နယ်စပ်ဒေသ အခြေအနေများအပေါ် နောင်အနာဂတ်တွင် ထပ်ဆင့် ဝန်ပိလာစေနိုင်သည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေသည် ဟု ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။

“ဥပဒေ ပြဋ္ဌာန်းရာမှာ အားနည်းချက် ဟာကွက်များ မရှိစေဖို့ အထူးလိုအပ်လှပါတယ်။ ဥပမာ ပုဒ်မ ၂၁၊ ၂၈ တို့ကို ဆွေးနွေးစဉ်က နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်တဲ့ ဘင်္ဂါလီများက ဤဥပဒေအရ တရားဝင် မွေးစားခွင့် လွယ်လွယ်ကူကူ ရရှိသွားစေနိုင်တဲ့ ပြဋ္ဌာန်းချက် ဖြစ်လို့ ကလေးမွေးစားခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ အုတ်ရောရော ကျောက်ရောရော ပါမလာစေဖို့ အတွက် မွေးစားခံရသူ ကလေးရဲ့ ဇာစ်မြစ် သမိုင်းကြောင်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ သတ်မှတ် ပြဋ္ဌာန်းချက်တွေဟာ ရှင်းလင်း တိကျခိုင်မာဖို့လိုတာ တွေ့ရပါတယ်” ဟု ၎င်းက ပြော သည်။

ဇွန် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့ထားပြီး ၁၄ ရက် အတွင်း သမ္မတက လက်မှတ်ထိုးလိုက်ပါက ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။

သို့မဟုတ်ဘဲ သမ္မတက ၁၄ ရက်အတွင်း လက်မှတ်မထိုးဘဲ ၎င်း၏ မှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံ ပြန်လည် ပေးပို့လာပါက ပြည်ထောင်စုလွှတ်တော်တွင် သီးသန့် ပြန်လည် ဆွေးနွေးရမည် ဖြစ်သည်။

Show More

Related Articles

Back to top button