မေလ ၁၄ ရက်နေ့ ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာချိန်တွင် ဝမ်းသာပျော်ရွှင်နေသော ထိုင်းပြည်သူများအကြား စစ်ခေါင်းဆောင်များ ကြီးစိုး အုပ်ချုပ်ခဲ့သော ခေတ်တစ်ခု အဆုံးသတ်ပြီး၊ နိုင်ငံရေးသမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ရေး မျှော်လင့်ချက်များ မြင်တွေ့နေရသည်။
ရွေးကောက်ပွဲတွင် ပညာတတ်လူငယ်မျိုးဆက် မျက်နှာသစ်နိုင်ငံရေးသမားများဖြင့် စုဖွဲ့ထားပြီး၊ ထိုင်းနိုင်ငံကို ဒီမိုကရေစီခေတ်သစ်တစ်ခုဆီ ဆွဲခေါ်သွားရန် ကြိုးပမ်းနေသော Move Forward Party (MFP) နှင့် ပါတီခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ကို မဲဆန္ဒရှင်ပြည်သူ ၁၄ သန်းကျော်က မဲပေးရွေးချယ်ခဲ့ခြင်းကို ကြည့်လျှင် ထိုင်းပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်သည်။
သို့သော် အိမ်နီးချင်း မြန်မာနိုင်ငံကဲ့သို့ပင် ထိုင်းစစ်တပ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး၊ စစ်ခေါင်းဆောင်များ စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အနိုင်ရပါတီက ပြည်သူ့ဆန္ဒအတိုင်း အစိုးရဖွဲ့နိုင်ရေးမှာ အတားအဆီး အကန့်အသတ်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှ ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ရွေးကောက်ပွဲကော်မရှင် (EC) က စစ်ဆေးရသည်။ ရွေးကောက်ပွဲရလဒ်များကို မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သဖြင့် ထိုနေ့မှစ၍ ရေတွက်လျှင် ရက်ပေါင်း (၆၀) ပြည့်မည့်အချိန်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ဖြစ်ပါသည်။
ထိုကာလအတွင်း EC သည် တိုင်ကြားမှုအားလုံးကို စစ်ဆေးပြီး နောက်ဆုံးထုတ်ပြန်သော ရလဒ်အရ ရွေးကောက်ခံ လွှတ်တော်အမတ်အဖြစ် တရားဝင် ရပ်တည်ခွင့်ရှိမည် ဖြစ်သည်။
ထိုကာလအတွင်း အနိုင်ရလွှတ်တော်အမတ်များကို တရားဥပဒေကြောင်းအရ တားမြစ်ချက်အမျိုးမျိုးနှင့် ငြိစွန်းခြင်း ရှိမရှိ စစ်ဆေးသည့်ကာလဖြစ်၍ အမတ်အဖြစ်မှ ပြုတ်နိုင်ခြင်း၊ တရားစွဲ ထောင်ချခံရနိုင်ခြင်းအထိ ဥပဒေကန့်သတ်ချက်များ ရှိနေသည်။
ယခုအခါ ရွေးကောက်ပွဲကျင်းပပြီးသည်မှာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ပြိုင်ဘက်ပါတီများက အနိုင်ရလွှတ်တော်အမတ်များကို EC ထံ တိုင်ကြားမှုများ၊ အပြန်အလှန်စွပ်စွဲမှုများ၊ ဖြေရှင်းမှုများ၊ ကော်မရှင်၏ တုံ့ပြန်မှုများ၊ ထိုင်းသတင်းမီဒီယာများ၏ ရွေးကောက်ပွဲအလွန် မည်သည့်ပါတီက ဦးဆောင်ပြီး အစိုးရသစ် ဦးဆောင်ဖွဲ့စည်းနိုင်ခြေရှိမရှိ သတင်းသုံးသပ်ချက်အမျိုးမျိုးအရ ထိုင်းနိုင်ငံရေးအခြေအနေ လေ့လာရသည်မှာ ရိုလာကို့စ်စတာ (Roller Coaster) စီးရသည့်နှယ် အတက်အကျ မြန်ဆန်လှသည်။
MFP ပါတီခေါင်းဆောင် ဖိထာ၏ အစိုးရသစ်ဖွဲ့ရန် မြန်မြန်ဆန်ဆန် ကြိုးပမ်းမှုများ
မေလ ၁၅ ရက်နေ့ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှာပင် အောက်လွှတ်တော်အမတ်နေရာ ၁၅၂ နေရာ အနိုင်ရရှိခဲ့သော MFP ပါတီခေါင်းဆောင် ဖိထာက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ၎င်းတို့ပါတီက ဦးဆောင်ကာ ညွန့်ပေါင်းအစိုးရဖွဲ့မည်ဖြစ်ပြီး၊ ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဟု ကြေညာခဲ့သည်။
မေလ ၁၉ ရက်နေ့တွင် MFP ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်နှင့် ဖိထာက ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ရန် အောက်လွှတ်တော်အမတ်နေရာ ၃၁၃ နေရာကို ကိုယ်စားပြုသော ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းကြောင်း ဖိထာက ညွန့်ပေါင်းပါတီခေါင်းဆောင်များ ခြံရံလျက် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ညွန့်ပေါင်းအဖွဲ့တွင် MFP နှင့် အဓိကပူးပေါင်း ထောက်ခံရပ်တည်ခဲ့သည်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဦးဆောင်သော Pheu Thai Party (PTP) ဖြစ်သည်။
မေလ ၂၂ ရက်နေ့တွင် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖြစ်လာသည့်အခါ ၈ ပါတီအကြား ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာကို ပါတီခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးကာ ထိုင်းပြည်သူများသို့ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာတွင် ညွန့်ပေါင်းအစိုးရသစ်က ဦးစားပေး အကောင်အထည်ဖော်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ၂၃ ချက်ကို ဖော်ပြခဲ့ရာ MFP က ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ပြောကြားခဲ့သော ဘုရင်စနစ်ကို ဝေဖန်မှုအား တားမြစ်သည့်ဥပဒေ (Lese Majeste Law) ၏ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟူသောအချက် မပါဝင်တော့ပါ။
MFP ဦးဆောင်သော ၈ ပါတီညွန့်ပေါင်း၏ နိုင်ငံပြုပြင်ပြောင်းလဲရေးအစီအစဉ်
MFP က ထိုပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ထည့်သွင်းထားလျှင် အစိုးရသစ် ဖွဲ့စည်းနိုင်ရန် လိုအပ်နေသော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုရရှိရေး အဓိက အဟန့်အတားဖြစ်မည်စိုး၍ ညွန့်ပေါင်းပါတီများက မလိုလားသဖြင့် ထိုအချက်ကို ဖယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
မေလ ၃၀ ရက်နေ့တွင် အာဏာလွှဲပြောင်းရေး ကြားကာလအဖွဲ့ (Transition Team) ကို ညွန့်ပေါင်း ၈ ပါတီက ဖွဲ့စည်းလိုက်ခြင်းဖြင့် MFP ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းအဖြစ် လူကြိုက်များနေသော ဖိထာက ရွေးကောက်ပွဲရှုံးနိမ့်ထားသော အာဏာရညွန့်ပေါင်းပါတီ၏ အိမ်စောင့်အစိုးရကို ဖိအားပေးလျက်ရှိသည်။
ထိုနေ့မှာပင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ဆောင်ရွက်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ပရာရွတ်ချန်အိုချာကို သတင်းထောက်များက MFP ညွန့်ပေါင်းအဖွဲ့၏ ကြားကာလအဖွဲ့ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မေးမြန်းကြသည်။ သူက MFP ၏ အစိုးရဌာနဆိုင်ရာများနှင့် တွေ့ဆုံနေမှုမှာ မဖြစ်သင့်ကြောင်း၊ ထိုဌာနများမှာ လက်ရှိအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြောပြီး စည်းမကျော်ရန် သတိပေးလိုက်သည်။
ယင်းသည် ရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာ ရှုံးနိမ့်ခဲ့သော ဝန်ကြီးချုပ် ပရာရွတ်နှင့် အနိုင်ရပါတီအကြား ပထမဆုံး လူသိရှင်ကြား တင်းမာသောအခြေအနေဖြစ်သည်။
MFP ညွန့်ပေါင်းအစိုးရသစ်က ဖော်ဆောင်မည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ထဲ ထိပ်ဆုံးတွင် ဖော်ပြထားသည်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အစားထိုးရေးသည် စစ်ခေါင်းဆောင်များကို ထိပ်တိုက်စိန်ခေါ်လိုက်သော အချက်ဖြစ်သည်။
ထို့ပြင် အခြားသော စစ်တပ်၏ အကျိုးစီးပွားနှင့် ထိပ်တိုက်တွေ့နိုင်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များမှာ အုပ်ချုပ်ရေး၊ ရဲ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တရားရေးစနစ်ကို ပြုပြင်ပြောင်းရေး၊ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ကာယကံရှင်၏ သဘောဆန္ဒအရသာ လုပ်ဆောင်ရန် ပြင်ဆင်ရေးတို့ဖြစ်သည်။
ထိုင်းအစိုးရ၏ အုပ်ချုပ်ရေးစနစ်အတွင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာများ ခွဲဝေပေးရေး၊ အကျင့်ပျက်ချစားမှုများ ကိုင်တွယ်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်ရေး၊ စီးပွားရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ်မှု ချုပ်ငြိမ်းရေး စသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက ထိုင်းပြည်သူများ လိုလားထောက်ခံသော မူဝါဒများဖြစ်သည်။ သို့သော်လည်း နိုင်ငံရေးနှင့် စီးပွားရေးအလွှာမှ ဩဇာကြီးသူတို့နှင့် ထိပ်တိုက်တွေ့နိုင်သော မူဝါဒများ ဖြစ်နေသည်။
MFP အစိုးရမဖွဲ့နိုင်ရန် ဟန့်တားမည့် ခြေလှမ်းများ အာဏာရညွန့်ပေါင်း လှုပ်ရှားလာ
အာဏာရညွန့်ပေါင်းအစိုးရ ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲအလွန်ရက်များတွင် တိတ်ဆိတ်နေပြီး၊ MFP ၈ ပါတီ ညွန့်ပေါင်းနှင့်အပြိုင် ညွန့်ပေါင်းပါတီ ဖွဲ့စည်းသော လှုပ်ရှားမှုများကို ယနေ့အချိန်ထိ မတွေ့မြင်ရသေးပါ။
ဒီမိုကရေစီယဉ်ကျေးမှုအရ ပြိုင်ဘက် MFP ပါတီက ရွေးကောက်ပွဲအနိုင်ရခြင်းကိုလည်း ဂုဏ်ပြုစကား မဆိုခဲ့ပေ။ ထိုအချက်က အာဏာရအသိုင်းအဝိုင်းအကြား ရွေးကောက်ပွဲအရှုံးအပေါ် တိတ်ဆိတ်နေသော်လည်း တင်းမာနေသည့် အရိပ်လက္ခဏာများအဖြစ် တွေ့မြင်နေရသည်။
ထိုအခြေအနေကို ရိပ်စားမိနေသော MFP ၏ ဝန်ကြီးချုပ်လောင်း ဖိထာသည် MFP အပြတ်အသတ် အနိုင်ရခဲ့သော ဘန်ကောက်မြို့တော် မဲဆန္ဒနယ် ၃၃ နေရာတွင် ၃၂ နေရာရှိ မဲဆန္ဒရှင်များနှင့် အခြားအနိုင်ရ ပြည်နယ်များသို့ လှည့်လည်ပြီး၊ ပါတီကို မဲပေးထောက်ခံသူ မဲဆန္ဒရှင်များနှင့် တွေ့ဆုံကာ လူထုနှုတ်ဆက်ပွဲများ ကျင်းပလျက်ရှိရာ “ရွေးကောက်ပွဲပြီးသော်လည်း ဖိထာ၏ မဲဆွယ်ပွဲ မပြီးသေး” ဟု ပြောဆိုလာကြသည်။
သို့သော် ဖိထာ၏ ဗျူဟာမှာ ၎င်းဦးဆောင်သော အစိုးရသစ်ဖွဲ့နိုင်ရေး ကြိုးပမ်းမှုကို ဟန့်တားလာပါက လူထုထောက်ခံမှုအင်အားဖြင့် ရင်ဆိုင်ရန်၊ ထိုင်းပြည်သူများ၏ နိုင်ငံရေးနိုးကြားမှု ကြီးမားသည်ထက် ကြီးမားစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
အမှန်တကယ်လည်း ဖိထာ ဝန်ကြီးချုပ်မဖြစ်ရေး၊ MFP ပါတီ ဦးဆောင်ပြီး အစိုးရသစ်မဖွဲ့စည်းနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာများ တင်သွင်းနေကြပြီ ဖြစ်သည်။ ထူးခြားသည်မှာ ကန့်ကွက်လွှာတင်သွင်းမှုများကို ပြိုင်ဘက်နိုင်ငံရေးပါတီများက ပါတီကိုယ်စားပြု တင်သွင်းခြင်းမျိုးမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် တင်သွင်းကြခြင်းဖြစ်သည်။
အဆိုပါ ကန့်ကွက်လွှာများထဲ ဘုရင်စနစ်ကို အကာအကွယ်ပေးထားသော Lese Majeste Law ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ဖိထာနှင့် MFP ၏ ကြိုးပမ်းမှုအပေါ် ပါတီဖျက်သိမ်းပေးရန် တောင်းဆိုသော ကန့်ကွက်လွှာ ၄ စောင်ကို EC က လက်ခံရရှိခဲ့သော်လည်း အထောက်အထားမခိုင်လုံ၍ဟု ဆိုကာ ပယ်ချထားသည်။
ထူးခြားသည်က ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောက်လွှတ်တော် ၈၁ နေရာ အနိုင်ရရှိခဲ့သော MFP ၏ မိခင်ပါတီ Future Forward Party (FFP) ကို ဖျက်သိမ်း၊ ပါတီခေါင်းဆောင် Thanathorn Juangroongruangkit ကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်လိုက်သည့် အရေးယူမှု ရှိခဲ့ရာ ယခုအခါ MFP နှင့် ပါတီခေါင်းဆောင် ဖိထာတို့ အလားတူ ဟန့်တားမှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။
ထို့ပြင် FFP ဖျက်သိမ်းရေး ကန့်ကွက်လွှာ တင်သွင်းခဲ့သူ Ruangkrai Leekitwattana ကပင် ယခုတစ်ကြိမ် ဖိထာကို အရေးယူရန်နှင့် MFP ကို ဖျက်သိမ်းရန် ကန့်ကွက်လွှာ တင်သွင်းထားခြင်း ဖြစ်သည်။
ထိုစဉ်က FFP ဖျက်သိမ်းခံရသည့် ကိစ္စမှာ ပါတီခေါင်းဆောင် Thanathorn ၏ မီဒီယာအစုရှယ်ယာ ပိုင်ဆိုင်မှုကိစ္စကြောင့်ဖြစ်ပြီး၊ ဖိထာအလှည့်တွင်လည်း iTV မီဒီယာကုမ္ပဏီ အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားသဖြင့် လွှတ်တော်ရွေးကောက်ပွဲ ဝင်ရောက်ခွင့်မရှိသူဖြစ်သည်ဟု ရွေးကောက်ပွဲမတိုင်ခင် မေလ ၁၀ ရက်နေ့တွင် EC ထံ ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်း ဖြစ်သည်။
EC က ရွေးကောက်ပွဲနီးမှ တင်သွင်းလာသော Ruangkrai ကန့်ကွက်လွှာကို စုံစမ်းစစ်ဆေးရန် အချိန်မရှိသဖြင့် ဖိထာ၏ MFP ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ခြင်းကို ဥပဒေအရ မတားမြစ်နိုင်ခဲ့ပါ။ ရွေးကောက်ပွဲအလွန် ဖိထာ၏ မီဒီယာအစုရှယ်ယာပိုင်ဆိုင်မှုအပေါ် တင်သွင်းလာသော ကန့်ကွက်လွှာ ၃ စောင်ကိုလည်း အထောက်အထားမခိုင်မာ၍ ပယ်ချခဲ့သေးသည်။
Ruangkrai က ဖိထာကို ပစ်မှတ်ထားသည့် သူ၏ ကန့်ကွက်လွှာကို EC က အရေးယူရန် ဆုံးဖြတ်မှု နှောင့်နှေးနေသဖြင့် မေလ ၂၄ ရက်နေ့တွင် MFP ဦးဆောင်သော ညွန့်ပေါင်း ၈ ပါတီ၏ နားလည်မှုစာချွန်လွှာသည် ပါတီများ၏ လွတ်လပ်မှုကို ဆုံးရှုံးစေသည်ဟုဆိုကာ ညွန့်ပေါင်း ၈ ပါတီစလုံးကို ဖျက်သိမ်းပေးရန် EC တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ပြန်ပါသည်။
Ruangkrai ၏ လုပ်ရပ်သည် MFP ပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင် ဖိထာ ဝန်ကြီးချုပ် ဖြစ်မလာရန် ကြိုးပမ်းသော နိုင်ငံရေးလှုံ့ဆော်ချက်များ (Politically motivated actions) အဖြစ် ထိုင်းနိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ဝေဖန်နေကြသည်။
Ruangkrai Leekitwattana ဘယ်လိုလူစားမျိုးလဲ
ထို့ကြောင့် ကန့်ကွက်လွှာ ဆက်တိုက်တင်နေသော Ruangkrai Leekitwattana ၏ နိုင်ငံရေးနောက်ခံကို လေ့လာကြည့်ရာ ၎င်းသည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ Pheu Thai Party တွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးပြီး၊ ဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်သည်ကို တွေ့ရသည်။
၂၀၁၈ ခုနှစ်က ပြိုင်ဘက်ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တစ်ဦးကို မမှန်မကန် စွပ်စွဲတိုင်ကြားခဲ့မှုဖြင့် တရားရုံးက ထောင် ၈ လ ချမှတ်ခြင်း ခံခဲ့ရဖူးသည်။ နောက်ပိုင်းတွင် Pheu Thai Party ကို အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်တစ်ဦးနှင့် လက်ရှိ ဒု-ဝန်ကြီးချုပ် ပရာဝပ် ထူထောင်သော အာဏာရ Palang Pracharat Party (PPRP) သို့ ကူးပြောင်းခဲ့သော အမတ်တစ်ဦး ဖြစ်သည်။
၂၀၂၁ ခုနှစ်က အောက်လွှတ်တော်တွင် အစိုးရဘတ်ဂျက်ဥပဒေ ဆွေးနွေးစဉ် MFP ပါတီက ဘုရင့်နန်းတော်၏ အသုံးစရိတ် အလွန်များပြားနေသည်ကို ဝေဖန်ပြီး၊ အသုံးစရိတ် လျှော့ချရန် ဆွေးနွေးတင်ပြရာ Ruangkrai က ထိုဆွေးနွေးချက်သည် နိုင်ငံအကြီးအကဲ (Head of State) ဖြစ်သော ဘုရင်ဦးဆောင်သည့် အစိုးရကို စော်ကားရာရောက်သဖြင့် MFP ပါတီကို ဖျက်သိမ်းပေးရန် EC သို့ အယူခံလွှာတင်သွင်းခဲ့ဖူးသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၎င်းကူးပြောင်းခဲ့သော PPRP ပါတီမှ နုတ်ထွက်ရန် လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထိုပါတီမှ မထွက်ဖြစ်ဘဲ ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ EC ထံ ဖိထာနှင့် ပတ်သက်၍ ကန့်ကွက်လွှာတင်သွင်းချိန်အထိ အာဏာရ PPRP ၏ လွှတ်တော်အမတ် ဖြစ်သည်။
အချိန်ကိုက် နိုင်ငံရေးလုပ်ကြံမှုဖြစ်လာသော ဖိထာ ၏ iTV အစုရှယ်ယာပိုင်ဆိုင်မှု
၂၀၁၉ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့စဉ်ကတည်းက ဖိထာတွင် iTV အစုရှယ်ယာများ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုစဉ်ကတည်းက ၎င်း၏ iTV အစုရှယ်ယာပိုင်ဆိုင်မှုအကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ကို ရှင်းလင်းတင်ပြထားပြီးဖြစ်၍ အမှားလုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် စိတ်မပူပါဟု သူ့ကို ထောက်ခံသော မဲဆန္ဒရှင်များကို ရှင်းပြခဲ့သည်။
သို့ဆိုလျှင် ယခင်အောက်လွှတ်တော်သက်တမ်း (၂၀၁၉ – ၂၀၂၃) ၄ နှစ်ကာလတစ်လျှောက်လုံး ထိုကိစ္စ အဘယ်ကြောင့် မပေါ်ပေါက်သနည်း။ Ruangkrai သည် ထိုကာလတွင် အာဏာရ PPRP ပါတီ၏ လွှတ်တော်အမတ်ဖြစ်နေပြီး၊ ထိုစဉ်က ဖိထာကို အရေးယူပေးရန် အဘယ်ကြောင့် မလုပ်ဆောင်ခဲ့သနည်း။
Ruangkrai က သူ့အနေဖြင့် ဖိထာ၏ iTV ပိုင်ဆိုင်မှုကို ယခုအခါမှ သိရှိခဲ့ခြင်းဖြစ်သည်ဟု ချေပထားသည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည်ဟု မရှိဘဲ အချိန်ကိုက် လုပ်ဆောင်ခြင်းကပင် နိုင်ငံရေးဖြစ်သည်။
အဂတိတိုက်ဖျက်ရေးကော်မရှင်က ဖိထာ၏ iTV အစုရှယ်ယာများ ပိုင်ဆိုင်ထားခြင်းကို ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သိရှိထားပြီး၊ အရေးယူစုံစမ်းမှု လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် ဖိထာသည် ပြီးခဲ့သော လွှတ်တော် ၄ နှစ်သက်တမ်းတစ်လျှောက် လွှတ်တော်အမတ်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် iTV ၏ နောက်ခံသမိုင်း နှင့် iTV အစုရှယ်ယာများ ဖိထာ မည်သို့မည်ပုံ ပိုင်ဆိုင်ထားသည်ကို သိရှိရန် လိုအပ်လာပါသည်။
ထိုအစုရှယ်ယာများ၏ မူလပိုင်ရှင်သည် ဖိထာ မဟုတ်ဘဲ ၎င်း၏ ဖခင်ဖြစ်သည်ဆိုသည့် အချက်ဖြင့် စတင်ရပါလိမ့်မည်။ အစုရှယ်ယာတန်ဖိုးက မများလှပေ။ ရှယ်ယာတစ်စုလျှင် ၅ ဘတ်နှင့် အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားပြီး၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၂၁၀,၀၀၀ (ဒေါ်လာ ၆,၀၀၀ ခန့်) ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ဖခင်သေဆုံးသည့်အခါ မိသားစုအမွေအဖြစ် ထိုအစုရှယ်ယာများ ကျန်ရစ်ခဲ့သည်။ မိသားစုအတွင်း ထိုအစုရှယ်ယာများကို ဦးစီးစီမံခန့်ခွဲရန် သူ့အမည်ဖြင့် လွှဲပြောင်းလက်ခံခဲ့ရာမှ ထိုအစုရှယ်ယာများ ယခုအချိန်ထိ ဖိထာအမည်နှင့် ဖြစ်နေသည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ထိုအစုရှယ်ယာများကြောင့် မည်သည့်ပြဿနာမျှ မတက်ခဲ့သော ဖိထာသည် ယခုရွေးကောက်ပွဲတွင်လည်း ပြဿနာတက်လိမ့်မည်ဟု ယူဆခဲ့ဟန်မတူပါ။
တစ်ဖန် iTV သည် ထိုင်းနိုင်ငံ၏ ပထမဆုံး Ultra High Frequency (UHF) အခမဲ့တီဗွီချယ်နယ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်ရုံးက နှစ် ၃၀ စာချုပ် iTV Public Company Limited ကို ထူထောင်ခွင့်ပေးခဲ့သည်။
ယင်းနောက် iTV နှင့် အမြဲတမ်းအတွင်းဝန်ရုံးအကြား တီဗွီချယ်နယ်ခွင့်ပြုချက်အတွက် ပေးဆောင်ရမည့် ငွေကြေးဆိုင်ရာ အငြင်းပွားမှုဖြင့် အစိုးရပြည်သူ့ဆက်ဆံရေးဌာနက iTV ကို ၂၀၀၇ ခုနှစ်တွင် ထိန်းချုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် iTV ကို အစိုးရက လုံးဝပိတ်သိမ်းခဲ့ပြီး၊ iTV ချယ်နယ်လိုင်းကို ယခုအစိုးရပိုင် Thai PBS သို့ လွှဲပေးခဲ့သည်။ ထိုအချိန်ကတည်းက iTV သည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ဆောင်ခြင်း မရှိတော့ပါ။
သို့သော် iTV နှင့် အစိုးရအကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှုဖြင့် တရားရင်ဆိုင်မှုများ ယနေ့အထိ ဆက်လက်ရှိနေသဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမရှိဘဲ အစုရှယ်ယာပိုင်ဆိုင်မှုများလည်း ဆက်လက်ရှိနေသည်။
ဖိထာ၏ နိုင်ငံရေးအနာဂတ်ကို စီရင်မည့် EC ၏ ခြေလှမ်းစတင်
ဇွန်လ ၇ ရက်နေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonpracong က Ruangkrai ၏ မေလ ၁၀ ရက်နေ့တွင် တင်သွင်းထားသော iTV ရှယ်ယာပိုင်ဆိုင်မှုအပေါ် ကန့်ကွက်လွှာကို စုံစမ်းစစ်ဆေးရန် သင့်မသင့် EC က မဆုံးဖြတ်သေးပါဟု ပြောဆိုခဲ့သည်။
သို့သော် နှစ်ရက်အကြာ ဇွန်လ ၉ ရက်နေ့တွင် ဖိထာသည် အောက်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (၃) နှင့် ပုဒ်မ ၁၅၁ ကို ချိုးဖောက်ခြင်းရှိမရှိ စတင်စုံစမ်းစစ်ဆေးမည်ဟု ရုတ်တရက် ကြေညာလိုက်ပါသည်။ EC အဖွဲ့ဝင် ၆ ဦးစလုံး၏ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ဖြင့် ကြေညာခြင်းဖြစ်သည်။
အောက်လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၂ ပုဒ်မခွဲ ၃ အရ သတင်းစာ သို့မဟုတ် လူထုမီဒီယာလုပ်ငန်းကို ပိုင်ဆိုင်သူ သို့မဟုတ် အစုရှယ်ယာရှင်ဖြစ်သူသည် အောက်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။
ထိုဥပဒေ ပုဒ်မ ၁၅၁ အရ ထိုသို့ဝင်ပြိုင်ခွင့်မရှိသည်ကို သိလျက်နှင့် ပါတီတစ်ခု၏ ကိုယ်စားလှယ်လောင်း (Party-list Candidate) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ထင်ရှားလျှင် ထိုပုဂ္ဂိုလ်သည် ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၁၀ နှစ်အထိ၊ ငွေဒဏ် ဘတ် ၂ သောင်းမှ အများဆုံး ၂ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး၊ ထိုပုဂ္ဂိလ်၏ မဲပေးခွင့် (Right to vote) ကို နှစ် ၂၀ အထိ ပိတ်ပင်နိုင်သည်။
ထို့ပြင် အရေးယူခံရသော ပုဂ္ဂိုလ်သည် လွှတ်တော်အမတ်ဖြစ်နေလျှင် သူထမ်းဆောင်ခဲ့သော လွှတ်တော်အမတ်သက်တမ်းအတွင်း လစာအပါအဝင် ခံစားရရှိခဲ့သမျှ အားလုံးကို ပြန်လည်ပေးအပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဝန်ကြီးချုပ်လောင်း MFP ပါတီခေါင်းဆောင် ဖိထာ၏ နိုင်ငံရေးအနာဂတ် ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်း ကံကြမ္မာသည် EC ၏ စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် အခြေခံဥပဒေခုံရုံး၏ စီရင်ချက်အပေါ်တွင် လုံးလုံးလျားလျား မူတည်လျက်ရှိသည်။
တစ်ဖန် EC က ဖိထာကို စုံစမ်းစစ်ဆေးမည်ဟု ထုတ်ပြန်ကြေညာပြီး နောက်တစ်နေ့ ဇွန်လ ၁၀ ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်များကို အတည်ပြုပေးရမည့် လုပ်ငန်းစဉ်အရ EC ၏ စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက် အချိန်မီ မချမှတ်နိုင်လျှင် ဖိထာကို လွှတ်တော်အမတ်အဖြစ် အတည်ပြုပေးရလိမ့်မည်ဟု EC ၏ အထွေထွေအတွင်းရေးမှူးချုပ် Sawaeng Boonmee က ထပ်မံ ပြောဆိုလာပြန်ပါသည်။
EC သည် ဖိထာကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲပြီး တစ်လခန့်အကြာမှ ချနိုင်ခဲ့ပြီး၊ EC သည် ပုဒ်မ ၁၅၁ ကို ချိုးဖောက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုသည် ပထမဆုံးအကြိမ် လုပ်ဆောင်ရခြင်း ဖြစ်သည်။ ရှေ့တွင် အလားတူ စုံစမ်းစစ်ဆေးမှုမျိုး မရှိထားသဖြင့် ကြာမြင့်မည့် အချိန်ကာလကို မခန့်မှန်းနိုင်ပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အရ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုထုတ်ပြန်ရမည့် ဇူလိုင်လ ၁၄ ထက် ပို၍ကြာမြင့်နိုင်သည်။
ထို့ကြောင့် EC သည် ဖိထာကို စုံစမ်းစစ်ဆေးရန် အချိန်မလုံလောက်မှု ပြဿနာတက်နေပြီး၊ တစ်ဖက်တွင် ဖိထာ အပြစ်ရှိကြောင်း သက်သေမပြနိုင်သရွေ့ ဖိထာကို လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ထားခြင်းကို ပယ်ဖျက်၍ မရပါ။
တစ်ဖန် ၂၀၁၇ ခြေ/ဥ ပုဒ်မ ၁၂၁ အရ အောက်လွှတ်တော်ရွေးကောက်ပွဲရလဒ်များကို ရက်ပေါင်း ၆၀ အတွင်း EC က ထုတ်ပြန်ပြီးသည့်နေ့မှစ၍ ၁၅ ရက်အတွင်း အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ပထမအကြိမ် National Assembly ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး၊ ဝန်ကြီးချုပ်ရွေးချယ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကာလသည် ဇူလိုင် ၁၅ ရက်နှင့် ၃၀ ရက်အကြား ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသော လွှတ်တော်အမတ်အရည်အချင်းနှင့် ကိုက်ညီခြင်း ရှိမရှိ EC ၏ စုံစမ်းစစ်ဆေးမှုဟူသော အရိပ်မည်းကြီး ထိုးထားသဖြင့်၊ အောက်လွှတ်တော်တွင် ဖိထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မည့် အလားအလာနှင့် ပတ်သက်ပြီး စစ်တပ်ခန့်ထားသော အထက်လွှတ်တော်အမတ်များက ထိုအရိပ်မည်းကြီးကို လက်ညှိုးထိုးပြီး ဖိထာကို ထောက်ခံမဲပေးကြလိမ့်မည်မဟုတ်ဟု ဝေဖန်သုံးသပ်လာကြပါသည်။
အကယ်၍ ဖိထာ အပြစ်ရှိကြောင်း တွေ့ရှိပါက ထိုအချိန်တွင် ဖိထာသည် လွှတ်တော်အမတ် သို့မဟုတ် ဝန်ကြီးချုပ် ဖြစ်နေလျှင်လည်း၊ ၎င်းကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသာ အရေးယူခွင့်ရှိပြီး၊ ခုံရုံး၏ စီရင်ဆုံးဖြတ်မှုသည် ထိုင်းနိုင်ငံရေးလောကကို အကြီးအကျယ် လှုပ်ခတ်နိုင်ပါသည်။
ဖိထာကို အရေးယူသည့် ဆုံးဖြတ်ချက်ဖြစ်စေ၊ MFP ပါတီကို ဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ဖြစ်စေ၊ ထိုပါတီနှင့် ခေါင်းဆောင်ကို ယုံကြည်ထောက်ခံ မဲပေးခဲ့ကြသော သန်းနှင့်ချီသည့် ထိုင်းပြည်သူများ နိုင်ငံအနှံ့ လမ်းမများပေါ်ထွက် ဆန္ဒပြပွဲများ ဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွက်ဆထားကြသည်။ အိမ်စောင့်အစိုးရကလည်း ထိုအချက်ကို စိုးရိမ်လျက်ရှိပြီး၊ ကိုဗစ်အလွန် ဦးမော့စ ထိုင်းစီးပွားရေးကိုပါ အကြီးအကျယ် ထိခိုက်စေမည် ဖြစ်သည်။ မည်သည့်ဘက်က အသာစီးရရ လာမည့်ကာလတွင် ထိုင်းနိုင်ငံအနှံ့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာနိုင်သည်။ ပေါ်ပေါက်လာနိုင်သည့် ဆန္ဒပြပွဲများ ကြာရှည်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး၊ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များကို နိုင်ငံအနှံ့ တိုးချဲ့ဖွဲ့စည်းနေသည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရ ရဲ ဒု-ဗိုလ်ချုပ်ကြီး Archayon Kraithong က ဇွန်လ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)