
ကိုဗစ်နိုင်တင်းကူးစက်ပျံ့နှံ့မှု မဖြစ်စေရန်တားမြစ်ထားသည့် အမိန့်ကိုဖောက်ဖျက်၍ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရာတွင် ပါဝင်ခဲ့သည့်ကလေး ၂ ဦး ကို မန္တလေးတိုင်း ကလေးသူငယ်တရားရုံးက ကျပ်ငါးသိန်းခံဝန်ဖြင့် ယနေ့ပြန်လွှတ်ပေးလိုက်သည်။
“ခံဝန်နဲ့မိဘထံပြန်အပ်တဲ့အမိန့်ပါ။ နောက်ထပ်လုပ်ခဲ့ရင် သူတို့က ၅ သိန်း ဒဏ်ဆောင်ရမယ်လို့ ခံဝန်ထိုးရတယ် “ဟု တိုင်းတရားရေးဦးစီးမှူး ဦးမြင့်စန်းကပြောဆိုသည်။
အဆိုပါ အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ်ကလေး ၂ ဦးမှာ ဧပြီ ၁၀ တွင်မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်တွင် အစ္စလာမ်ဘာသာဝင် ၁၄ ဦး စုပေါင်းဝတ်ပြုဆုတောင်းရာ၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထဲမှ အမျိုးသား ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ ချမ်းမြသာစည်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီကျခံစေရန် မေ ၇ ကအမိန့်ချမှတ်ခဲ့ပြီး ကျန်ရှိသည့် ကလေး ၂ ဦးကို ယနေ့တွင် အမိန့်ချမှတ်ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။