
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေကျေးရွာအနီး ရန်ကုန်အခြေစိုက် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်မည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်သူဒေသခံများနှင့် ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသည့် ပြဿနာများနှင့်ပတ်သက်ပြီး ယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး (တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ) ကို Myanmar Nowက ဆက်သွယ်မေးမြန်းထားပါသည်။
Myanmar Now- ဘယ်လိုအကျိုးကျေးဇူးတွေကြောင့် ဒီစက်ရုံစီမံကိန်းကို ခွင့်ပြုခဲ့တာပါလဲ။
ဖြေ– ဒါကတော့ စီမံကိန်းလုပ်ငန်းကြီးတစ်ခုလုပ်တာပဲ။ အဲဒီလို လုပ်တယ်ဆိုကတည်းက အလုပ်သမားလိုအပ်ချက်တွေ ဘာတွေလဲရှိမှာပဲ။ ဒေသခံတွေ အလုပ်တွေဘာတွေ ရနိုင်တာပေါ့။ နောက်တစ်ခုက လုပ်ငန်းတွေရတာ မရတာထက် အခု လမ်းကြီးတွေဖောက်တယ်ပေါ့။ ကျေးရွာဘေးမှာ စာသင်ကျောင်းတွေလည်း ဆောက်ပေးတယ် ပြောတယ်။ ဒါတွေလုပ်ပေးခြင်း အားဖြင့် ဒို့ဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ရတာပေါ့။ အမှန်ဆို နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ လုပ်ရမယ်ဆိုရင် ဒီလိုလမ်းတွေဆိုရင် ကောင်းကောင်းမွန်မွန်ဖြစ်အောင် မလုပ်နိုင်ဘူးပေါ့။ ရတဲ့ဘတ်ဂျက်က နည်းတဲ့အခါကျတော့ အခု သူတို့တွေက လုပ်ပေးနေတော့ ဒို့ဒေသအတွက် တိုးတက်မှုတွေ ရှိတာပေါ့။
Myanmar Now-စက်ရုံအဝင်လမ်းဟာ ရွာသူရွာသားတွေရဲ့လယ်မြေတွေပေါ်ကနေ ဖောက်သွားတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ– လမ်းဖောက်တယ်ဆိုတာကလည်း အစိုးရဌာန လမ်းဦးစီးကနေပြီး ဒီလမ်းတွေကို ဖောက်ပေးတာ ပြည်သူတွေရဲ့လမ်းတွေမြေတွေ ပါနေမယ်ဆိုရင် လမ်းဦးစီးကလည်း လက်ခံမှာ မဟုတ်ပါဘူး အဲဒီတော့ လမ်းဦးစီးဌာနကနေ ဦးဆောင်ပြီး လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ သူတို့မြေတွေ ပါတယ် မပါဘူးဆိုတာ ကျွန်တော်တော့ မသိဘူး။ ပါတယ်ဆိုတာတော့ မဖြစ်နိုင် လောက်ဘူးလို့ ထင်တယ်။ လူထုက ပါနေတယ်ဆိုရင်လည်း အစိုးရအနေနဲ့ကလည်း ဒါမျိုးကို လက်ခံမှာမဟုတ်ဘူး။
Myanmar Now- ဒီစက်ရုံက ကျောက်မီးသွေးစွမ်းအင်သုံးလို့ သိရတယ်။ ကျောက်မီးသွေးကြောင့် ဒေသခံတွေအတွက် ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ ရှိနိုင်သလား။
ဖြေ– စက်ရုံတည်လိုက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးရှိနိုင်သလားဆိုတာ လောလောဆယ်ကတော့ တို့တွေ မသိနိုင်ဘူးပေါ့။ နိုင်ငံတော်အနေနဲ့ ဒီစက်ရုံကြီးချပေးလိုက်တာ ဗလိုင်းချပေး လိုက်တာမဟုတ်ဘူး။ ဒီစက်ရုံကြီး မတည်ဆောက်ခင် ဒီစက်ရုံစီမံကိန်းလုပ်မယ်ဆိုကတည်းက ပုသိမ်ကြီးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ဒီကိစ္စကို လွှတ်တော်မှာတင်တယ်။ လွှတ်တော်တင်တဲ့အခါကျတော့ ဦးအုန်းဝင်းက လာပြီးဖြေတယ်။ ဒီဟာကြီးလုပ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေရှိသလား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တွေ ရှိသလား။ ဒါတွေကို သက်ဆိုင်ရာဌာနတွေက ကွင်းဆင်းစစ်ဆေးမယ်၊ ထိခိုက်တယ်ဆိုရင် လုပ်ပိုင်ခွင့်မပြုဘူး။ မထိခိုက်ဘူးဆိုမှ ဒါကို လုပ်ပိုင်ခွင့်ပြုမယ် ဆိုပြီးတော့ ဖြေခဲ့တယ်။ သူဖြေတဲ့အတိုင်းပဲ သက်ဆိုင်ရာ ပြည်ထောင်စုက ဌာနဆိုင်ရာတွေအားလုံး ကွင်းဆင်းပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘူးလို့ ဆိုတဲ့အတွက် သူတို့ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးလိုက်တယ်။ ခွင့်ပြုတာကိုက အကြောင်းမဲ့ ခွင့်ပြုတာတော့ မဟုတ်ဘူးပေါ့။
Myanmar Now-စီမံကိန်းမဆောက်မီကရော ဒေသခံရွာသူရွာသားတွေကို ဒီစီမံကိန်းပတ်သက်လို့ ကြိုတင် အသိပေးခဲ့တာရှိသလား။
ဖြေ-အဲဒါကတော့ ကုမ္ပဏီကနေ အသိပေးတာတွေ ရှိမယ်ထင်ပါတယ်။ အဲဒါတော့ ကျွန်တော်တို့ မသိဘူး။ နောက်တစ်ခုပြောချင်တာက အဲဒီဒေသခံမှာ ပုသိမ်ကြီးမြို့နယ်ပါတယ်၊ မတ္တရာမြို့နယ်ပါတယ်၊ နယ်မြေနှစ်ခု ခွနေတာပေါ့။ ကျွန်တော်တို့ သိရသလောက်ကတော့ ဒီစီမံကိန်းလုပ်ချင်တဲ့အင်အားစုက အများစုဖြစ်နေတယ်။ ကန့်ကွက်တယ်ဆိုတဲ့လူက လူနည်းစု ဖြစ်နေတယ်။ လူနည်းစုမှ တော်တော့်ကို နည်းတယ်လို့ ပြောတယ်။ ထောက်ခံတဲ့လူက လေး၊ ငါး၊ ခြောက်ထောင်လောက်ကို ရှိတယ်လို့ပြောတယ်။ ဒီအနေအထားအပေါ်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထောက်ခံတဲ့လူဦးရေ ကန့်ကွက်တဲ့လူဦးရေ ဒီစာရင်းတွေကို ကောက်တယ်လို့ ပြောတယ်။ နောက်တစ်ခါ သက်ဆိုင်ရာမြို့နယ် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ကန့်ကွက်တဲ့လူတွေ ဘာတွေကန့်ကွက်တာလဲ၊ သူတို့ ဘာတွေလိုချင်တာလဲဆိုတာ တစ်ကြိမ်မဟုတ်ဘူး နှစ်ကြိမ်သုံးကြိမ်မက ညှိနှိုင်းတယ်လို့ ကြားတယ်။ ဒါတွေညှိနှိုင်းပြီးတဲ့အခါကျမှ ဒေသခံတွေဟာ ဘယ်လိုမှ ပြောမရဘူးတွေ ဖြစ်လာတာကြောင့် အစိုးရအဖွဲ့အစည်းအနေနဲ့က တရားစွဲတာတွေဘာတွေ ဖြစ်လာရတာပေါ့။ အဲဒီတော့ အစိုးရအနေနဲ့ … လူထုမျက်နှာမကြည့်ဘဲနဲ့ လုပ်လိုက်တာမျိုး လုံးဝမရှိဘူး။
Myanmar Now-ဒါဆို ဒေသခံတွေပြောတဲ့ ထောက်ခံတယ်ဆိုတဲ့ လက်မှတ် ၅၀၀၀ က တကယ်ဒေသခံတွေရဲ့ထောက်ခံမှု လုံးဝမဟုတ်ဘဲ ကုမ္ပဏီဘက်ကနေ အစိုးရကို လီဆယ်ပြီး တင်တယ်လို့ ဒေသခံတွေက စွပ်စွဲတယ် အဲဒီအပေါ်မှာ ဆရာတို့ ကွင်းဆင်းပြီး မှန်မမှန် စစ်ဆေးခဲ့တာတွေ ရှိသလား။
ဖြေ-ကွင်းဆင်းပြီး စစ်ဆေးရမယ့်အလုပ်က ဦးတို့အလုပ် မဟုတ်ပါဘူး။ ဒီမဲတွေက အစိုးရရုံးက တောင်းတာပါ ဒို့လွှတ်တော်က လုပ်ခိုင်းတာ မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လုပ်ရတာ မဟုတ်ပါဘူး။ ဒါ အစိုးရအဖွဲ့ကလုပ်တာပါ။
MyanmarNow- စီမံကိန်းကန့်ကွက်ခဲ့တဲ့ ရွာသားငါးဦးကို ပုဒ်မအများကြီး စွဲထားတဲ့ အထဲက တစ်မှုကို နိုဝင်ဘာ ၂၈ ရက်နေ့က ထောင်တစ်လ ချလိုက်တယ်။ အဲဒီတော့ စီမံကိန်းနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အရေးယူမှုတွေဟာ အခြေခံဥပဒေအရ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ဖိနှိပ်တယ်လို့ ပြောမရနိုင်ဘူးလား။
ဖြေ-အဲဒါကတော့ တရားစီရင်ရေးလမ်းကြောင်းက သွားတာ။ တစ်ခု ပြောချင်တာကဒီမိုကရေစီအစိုးရ ပြည်သူ့အစိုးရ လက်ရှိလုပ်ကိုင်နေတဲ့စနစ်ကို အားလုံးသိပြီးသားပါ။ ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ဥပဒေကိုတော့ မဆန့်ကျင်နဲ့ပေါ့။ ဆန့်ကျင်လို့ကတော့ ဘာပဲဖြစ်ဖြစ် အရေးယူမှုကတော့ လုပ်ရမှာပဲ။ ဥပဒေနဲ့အညီ လုပ်ကြပေါ့။ ကန့်ကွက်တာတွေ ဆန္ဒပြတာတွေ အများကြီး အစိုးရဘက်ကနေ လိုက်လျောမှုတွေ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာတွေ ကျွန်တော်သိတယ်။
MyanmarNow-တိုင်းအစိုးရရုံးကို ဆွေးနွေးဖို့သွားတော့ ဝန်ကြီးချုပ်က အတွေ့မခံဘူးလို့ ရွာသားတွေက စွပ်စွဲတယ် အဲဒါဟုတ်သလား။
ဖြေ-စဉ်းစားကြည့်လေ ဝန်ကြီးချုပ်က နေရာတကာ လူတိုင်းကို တွေ့စရာမလိုဘူး။ သူက မတွေ့ချင်လို့ အခြားသူတစ်ယောက် တွေ့ခိုင်းပြီလေ။ ဒါ ဝန်ကြီးချုပ်ကိုယ်စား တွေ့ခိုင်းတာပဲ။ ဝန်ကြီးချုပ်နဲ့ တွေ့ရမှ … ဒါမျိုးကြီးတော့ မလုပ်ကြနဲ့လေ။ ဝန်ကြီးချုပ်ခိုင်းတဲ့လူတွေ့ရင် ဝန်ကြီးချုပ်တွေ့တဲ့သဘောပဲလေ။
Myanmar Now-အခုထောင်ချခံရတဲ့သူတွေရဲ့မိသားစုဝင်တွေက သူတို့အိမ်ထောင်ဦးစီးတွေကို ထောင်ချထားလို့ လုပ်ကိုင်စားသောက်ရ ခက်ခဲနေတဲ့အတွက် စျေးချိုမှာ တောင်းရမ်းစားသောက်တာတွေ မနေ့က လုပ်သွားတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ-ဒါကတော့ ကျွန်တော်တို့မသိဘူး အမျိုးသား ထောင်ကျသွားလို့ လုပ်ကိုင်စရာမရှိဘူး ဘာညာဆိုတာ ပြောချင်တာ ပြောလို့ရတာပေါ့။ နဂိုက ဒါဆို ဘာတွေလုပ်စားကြတာလဲ ဘာလုပ်တယ်ဆိုတာ ကျွန်တော်လည်း မသိဘူးပေါ့နော်။ သဘာဝကျလား မကျလား စဉ်းစားကြည့်ကြပေါ့။
Myanmar Now-အခု ဒီပုသိမ်ကြီးမြို့နယ်ဟာ လွှတ်တော် ဥက္ကဋ္ဌရဲ့ မြို့နယ်ဖြစ်တဲ့အတွက် ခုလိုပြဿနာဖြစ်နေတဲ့အပေါ် ဒေသခံတွေနဲ့ ကုမ္ပဏီကြား ဝင်ဆွေးနွေးပေးခဲ့မှုတွေ ရှိသလား။
ဖြေ– တို့ အဲဒီလိုတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ပထမတုန်းကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ လူထုတွေ့ဆုံပွဲတွေဘာတွေ လုပ်တယ်။ အဲလိုလုပ်တဲ့အခါ ဦးသောင်းဌေးလင်းလည်း ပါတယ်။ ဦးရဲမင်းဦးလည်း ပါတယ်။ တွေ့ဆုံတဲ့အခါ ဦးသောင်းဌေးလင်းက ဒီကိစ္စကို လွှတ်တော် တင်ပေးမယ်ဆိုပြီးတော့ သူပြောခဲ့တယ်။ ပြောတဲ့အတိုင်းပဲ ပြည်သူ့လွှတ်တော်ကို တင်ပေးတယ်။ အဲဒီတွေ့ဆုံပွဲ လုပ်တုန်းက တို့ လူထုဘက်ကနေ ရပ်ပြီး ပြောခဲ့တာပဲ။ တို့တွေဘက်က လွှတ်တော်ကို တင်မပေးဘူးဆိုလည်း တစ်မျိုးပေါ့။ အစိုးရဘက်က ညှိနှိုင်းမှုတွေမလုပ်ဘူးဆိုလည်း တစ်မျိုးပေါ့။ သူတို့နဲ့ကုမ္ပဏီကြားကို အစိုးရအနေနဲ့ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာပဲ။
Myanmar Now-ဖြည့်စွက်ပြီး ပြောချင်တာရှိသေးလား
ဖြေ-ဘာပဲဖြစ်ဖြစ် ဒို့က ပုသိမ်ကြီးမြို့နယ်သားဆိုတော့ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ချင်တာပေါ့။ ဒီလိုသာ လူနည်းစုကကန့်ကွက်တိုင်း ဖွံ့ဖြိုးမှုတွေ မလုပ်ရဘူးဆိုရင် ဒို့တိုင်းပြည် ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်မှာလဲ။