သတင်း

စခန်းစီးနင်းသည့် စစ်တပ်က ကာကွယ်ရေးအဖွဲ့ဝင် အမျိုးသမီးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့စခန်းတစ်ခုကို ယမန်နေ့ (မေ ၂၈) နံနက်ပိုင်းတွင် စီးနင်းသည့် စစ်ကောင်စီတပ်က ဖမ်းဆီးရမိသည့် အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်မီးရှို့သွားကြောင်း သိရသည်။

မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ ကမ်းဖြူရွာနှင့် ဝါးရောင်းတောရွာအကြား Danger Force LPDF အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှု အခြေအနေကို ကင်းထောက်ထွက် စုံစမ်းသည့် အသက် ၄၃ နှစ်အရွယ် ဒေါ်သီတာမြင့် အသတ်ခံရခြင်း ဖြစ်ကြောင်း ထိုအဖွဲ့၏ ခေါင်းဆောင်က ပြောသည်။ 

“သူ့ကို လက်ပြန်ကြိုးတုပ်ပြီး၊ သေနတ်နဲ့ ပစ်ပြီး တဲမှာ မီးရှို့သွားတာ။ စခန်းဝင်စီးတာကို စကောက် (Scout) ထောက်တာပေါ့။ အဲ့ဒီမှာ မိသွားတာ” ဟု Danger Force LPDF အဖွဲ့ခေါင်းဆောင် ကိုမောင်းလေးက Myanmar Now ကို ယနေ့ နံနက်တွင် ပြောသည်။

ကမ်းဖြူရွာနှင့် အနီးအနားရွာများမှ ဖမ်းဆီးလာသည့် ဓားစာခံတချို့ကို အကာအကွယ်ယူ စီးနင်းလာသည့် စစ်ကောင်စီတပ်နှင့် မိနစ်အနည်းငယ် ပစ်ခတ်မှုဖြစ်ပြီး လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာပေးလိုက်ရသည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်က စခန်းကို မီးရှို့ဖျက်ဆီးရာ လူနေဆောင် ၂ ခု မီးလောင်သည်၊ ကျည်ဆန်၊ ကျည်ဘောက်များ အပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးပြီး အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ ညတွင် ထိုစစ်ကြောင်းက ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယခုလဆန်းကလည်း Danger Force အဖွဲ့၏ လက်နက်ခဲယမ်းထုတ်လုပ်ရေးစခန်းတစ်ခု အပူရှိန်လွန်ကဲပြီး ဝါယာရှော့ကြောင့် မီးလောင်သွားရာ တွင်ခုံ၊ ဖြတ်စက်အပါအဝင် ကျပ်သိန်း ၇၀ ဖိုးနီးပါး ဆုံးရှုံးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများအနေဖြင့် မုံရွာ-အရာတော်လမ်းပိုင်းကို အသုံးပြုခြင်းမပြုရန် Danger Force အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။

Danger Force LPDF ၏ ထုတ်လုပ်ရေးစခန်း အပူရှိန်လွန်ကဲ၍ မီးလောင်သွားသည်ကို မေ ၉ ရက်က တွေ့ရစဉ်။

အရာတော်မြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေသည့် အထက်ပါစစ်ကြောင်းတွင် အရာတော်အခြေစိုက်တပ်များဖြစ်သည့် စစ်ရေးအခြေခံလေ့ကျင့်ရေးတပ် (စခတ) ၁၀၊ အမှတ် (၃၆၉) အမြောက်တပ်ရင်း (အမတ ၃၆၉) နှင့် တင့်ကားတပ်ရင်းတို့မှ အင်အား ၇၀ နီးပါး ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့မှ မိုင် ၃၀ ခန့်အကွာ အရာတော်မြို့ကို စစ်ကောင်စီတပ်က မေလ တတိယပတ်မှ စတင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

မေ ၂၃ မှ စတင်၍ မြို့အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးရာ အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး မီးရှို့မှုကြောင့် တောင်မွှာကျေးရွာမှ အိမ်ခြေ ၁၃၈ လုံး၊ ကြွေပုဂံရွာမှ အိမ်ခြေ ၁၀ လုံးနှင့် မကျီးစောက်ရွာမှ အိမ်ခြေ ၈၉ လုံး ပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

ထို့နောက် ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့နေရာမှ အရာတော်မြို့တွင်း ပြန်ဝင်ပြီးနောက် ယမန်နေ့ (မေ ၂၈ ရက်) မှ စတင်၍ မြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ယနေ့ (မေ ၂၉) တွင် ကျွန်းဖိုပင်ရွာအနီးတစ်ဝိုက် ရောက်ရှိနေသည်။

စစ်ကောင်စီတပ်ရန်ကြောင့် ကျွန်းဖိုပင်၊ တုံးတင်ကန်၊ ဝါးရောင်း၊ စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၅ ရွာရှိသည့်အနက် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး) အားကောင်းရာ ရွာအချို့မှအပ ကျေးရွာ ၁၂၈ ရွာကို နယ်မြေစိုးမိုးထားနိုင်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာ မြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်တွင်သာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း ယခုနှစ်ဆန်းတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ဝန်ခံထားပြီး တော်လှန်ရေးအားကောင်းရာ မြို့နယ် ၄၀ ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

အရာတော်ဘက်မှ လာသော သတင်းအများစုမှာ စစ်ကောင်စီတပ်က အရပ်သားများကို ရန်ပြု သတ်ဖြတ်သည့် သတင်းများသာ ဖြစ်သည်။

ဖေဖော်ဝါရီလတွင် ဒေသကာကွယ်ရေးအဖွဲ့များက အရာတော်မြို့နယ်ရှိ ပျူစောထီး ခေါ် ပြည်သူ့စစ်များ အခြေပြုတပ်စွဲထားရာ သစ်ကျင်းကြီးရွာ၊ နောင်ကြီးအိုင်ရဲစခန်း၊ လက်နက်ကိုင်အင်အား ၃၀ ခန့်ရှိသည့် စပါးတွင်းရွာတို့ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button