သတင်း

အရာတော်မြို့ စစ်ရေးပစ်မှတ် ၃ ခုကို တိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ ပြော

စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ရေးပစ်မှတ် ၃ ခုကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ညပိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပစ်မှတ် ၃ ခုမှာ ပျူစောထီး ခေါ် ပြည်သူ့စစ်များ အခြေပြုတပ်စွဲထားရာ သစ်ကျင်းကြီးရွာ၊ နောင်ကြီးအိုင်ရဲစခန်း၊ လက်နက်ကိုင်အင်အား ၃၀ ခန့်ရှိသည့် စပါးတွင်းရွာတို့ဖြစ်သည်ဟု ဆိုသည်။

မြို့အရှေ့ဘက်ခြမ်းရှိ စပါးတွင်းရွာကို ည ၇ နာရီဝန်းကျင်တွင် ဝင်တိုက်သည့် တိုက်ပွဲမှာ နာရီဝက်နီးပါး ကြာသည်၊ ညသန်းခေါင်ကျော် ၂ နာရီဝန်းကျင်တွင် မြို့မြောက်ဘက်ခြမ်းရှိ နောင်ကြီးအိုင်ရဲစခန်းကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“မလဲသာ၊ ကန်ရင်း၊ မင်းရွာဘက်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတော့ ဒီဘက်မှာ အားနည်းမယ်၊ ကျွန်တော်တို့ဘက်က အသာစီးရမယ်လို့ ယူဆတာ၊ ထင်တဲ့အတိုင်းလည်း အသာစီးရတယ်။ သစ်ကျင်းကြီးဆိုရင် ပျူ ၁ ကောင်နဲ့ စစ် … ၁ ကောင်ရတယ်။ စပါးတွင်းကတော့ အထိခိုက်အကျအဆုံး စီစစ်ဆဲရှိသေးတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု မည်မျှရှိသည်ကို မသိရပေ။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာနှင့် မိုင် ၃၀ ခန့်အကွာရှိ လက်နက်ကိုင်ခုခံမှု အားကောင်းသည့် အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ခုခံမှုအားကောင်းရာ ဒေသများကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလဆန်းက ထုတ်ပြန်ပြီး နှစ်ပတ်အကြာ နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်ထိ မြို့နယ် ၄၀ ထိရှိလာပြီး စစ်ကိုင်းတိုင်းမှ ၁၄ မြို့နယ်ဖြင့် အများဆုံးဖြစ်သည်။

အရာတော်မြို့နယ်တွင် ယခုလ ဒုတိယပတ်ကတည်းက ရွာစဉ်လှည့် မီးရှို့နေသည့် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီ ၂၂ ရက်က မင်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

“လက်နက်ခဲယမ်း အပြည့်အစုံမပါတော့ ပြန်ဆုတ်ခဲ့ရတယ်။ ပစ်တာတော့ ပစ်ခဲ့ရတယ်။ သူတို့ကလည်း လန့်ပြေးပြေးပြီး ဆုတ်ခဲ့တယ်။ နေ့ခင်းမှာ တစ်ပွဲလုပ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ လေကြောင်းနဲ့ လာပြီးတော့ ပစ်ပြီးတော့ လူချတယ်” ဟု မြင်းမူမြို့နယ် PDF မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။

လေကြောင်းမှ ထပ်မံဖြည့်တင်းထားသည့် စစ်ကူများအပါအဝင် အင်အား ၂၀၀ နီးပါးဖြင့် အရာတော် – မြင်းမူနယ်စပ်တွင် မြေပြင်စစ်ကြောင်းထိုးလျက်ရှိပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်) နံနက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၅ ရွာရှိသည့်အနက် ပြည်သူ့စစ်အားကောင်းရာ ကျေးရွာများဖြစ်သည့် သစ်ကျင်းကြီး၊ စပါးတွင်း၊ သလဲဘာ၊ ငွေတွင်း၊ ကျောက်ပျောက်၊ ဆိပ်ဖူးကြီး တို့မှအပ ကျေးရွာ ၁၂၈ ရွာတွင် နယ်မြေစိုးမိုးထားနိုင်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

လက်နက်မဲ့ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲသည့် စစ်တပ်ကို ဒေသအတော်များများတွင် လက်နက်ကိုင်ခုခံလျက်ရှိသည်။

ခုခံသူများတွင် တိုက်ပွဲဝင်မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်နိုင်သည့်အဖွဲ့ နည်းပါးပြီး အများအပြားဖြင့် လက်လုပ်လက်နက်ကိုသာ အားပြုနေကြသည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာချိန်တွင် မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ထက်ဝက်ကျော်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button