သတင်း

ရေယာဉ်ပေါ်ထိုးကြိတ်ကန်ကျောက်ခံရသူ အနည်းဆုံး ၃ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်ပါ ရေယာဉ်ပေါ်မှ လက်ပြန်ကြိုးတုပ် ထိုးကြိတ်ကန်ကျောက်ခံရသူ လူငယ်ငါးဦးအနက် သုံးဦးမှာ ယခင်လက တပ်မတော်စစ်ကြောင်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးသွားခဲ့သူ ရွာသား ၃၈ ဦးထဲတွင် ပါဝင်သူများဖြစ်သည်ဟု ၎င်းတို့၏မိသားစုဝင်များက Myanmar Now ကို ပြောသည်။

စုစုပေါင်း အပိုင်း ၃ ပိုင်းပါရှိသည့် ရုပ်သံဖိုင်တွင် ဗမာစကားပြော အရပ်ဝတ်တချို့နှင့် ရေတပ်နှင့် တပ်မတော်စစ်ဝတ်စုံဝတ်ထားပြီး သေနတ်ကိုင်ဆောင်ထားသူအချို့က မျက်နှာတွင် အဝတ်စည်းထားသည့် အရပ်ဝတ်ငါးဦးကို သင်္ဘောပေါ်တွင် ထိုးကြိတ်ကန်ကျောက်နေကြခြင်းဖြစ်သည်။

“မင်းတို့ကို အကုန်သတ်မှာ” ဟု စစ်ဦးထုပ်ဆောင်းထားသူတစ်ဦးက ပြောနေသည်ကိုလည်း တွေ့ရပြီး မျက်နှာကို ခြေထောက်ဖြင့်နင်းခြင်း၊ ပက်လက်လှန်ခိုင်းထားကာ ရင်ဘတ်ကို ခြေထောက်ဖြင့် တက်ဆောင့်ခြင်းများပြုလုပ်နေသည်ကို တွေ့ရသည်။

ထို့ပြင် စွပ်ကျယ်အင်္ကျီအဖြူနှင့် လူငယ်ကို “မင်း ဘယ်အဆင့်လဲ၊ တပ်သားလား” ဟု မေးမြန်းကာ ပါးရိုက်ခြင်း၊ မျက်နှာကို လက်သီးဖြင့်ထိုးနေသည်ကိုလည်း တွေ့ရသည်။

အဆိုပါလူငယ်များထဲတွင် ပါဝင်သည့် စွပ်ကျယ်အင်္ကျီအဖြူနှင့် လူငယ်မှာ မောင်ညီညီအောင်ဖြစ်ကြောင်း ဦးလေးဖြစ်သူ ဦးစောသိန်းမောင်က Myanmar Now ကို အတည်ပြုသည်။

မောင်ညီညီအောင်မှာ ဧပြီ ၁၉ တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသား ၃၈ ဦးအနက် တစ်ဦးဖြစ်ကာ အဆိုပါလူအများအပြား ဖမ်းဆီးခံရသည့်အကြောင်း Myanmar Now က ဧပြီ ၂၇ တွင် သတင်းရေးသားခဲ့သည်။

ဦးလေးဖြစ်သူက အတည်ပြုပေးသည့် ၎င်း၏တူ မောင်ညီညီအောင်။

အဆိုပါရွာသားများမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်နေသည်ဟု ယူဆရသည့် မသင်္ကာစရာအချက်များ တွေ့ရှိရသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧပြီ ၂၀ တွင် ဧရာဝတီသတင်းဌာနကို ဖြေဆိုခဲ့သည်။

ယင်း ၃၈ ဦးအနက် ၃၃ ဦးကို ဧပြီ ၂၀ တွင် ပြန်လွှတ်ပေးလိုက်ပြီး ငါးဦးကျန်နေခဲ့ရာ ၎င်းတို့မှာ Myanmar Now ၏စာရင်းအရ ညီညီအောင် ၂၄ နှစ်၊ မောင်ချေ ၂၇ နှစ်၊ ကျော်ဝင်းဟိန်း ၂၂ နှစ် နှင့် မျိုးမင်းအောင် ၂၆ နှစ်နှင့် မျိုးလင်းဦး ၂၄ နှစ်တို့ဖြစ်သည်။

ထို့နောက် ၎င်းတို့ ၅ ဦးကို ထောင်ဒဏ်တစ်သက်ကျစေနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ပုဏ္ဏားကျွန်းမြို့ ရဲစခန်းတွင် ဧပြီ ၂၃ က အမှုဖွင့်ခဲ့သည်။

ထို့နောက် ဧပြီ ၂၇ တွင် ၎င်းတို့ ၅ ဦးကို ပုဏ္ဏားကျွန်းရဲစခန်းမှ ခေါ်ထုတ်သွားသည်ဟု မျက်မြင်တွေ့ရှိလိုက်သည့် မိသားစုဝင်များက Myanmar Now ကို ယင်းနေ့တွင်ပင် ပြောသည်။

နံနက် ၇ နာရီခွဲခန့်တွင် စစ်တပ်ကားတစ်စီးက ၎င်းတို့ ၅ ဦးကို တင်ဆောင်ပြီး ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာရှိ ဂူဝရွာသို့ ခေါ်ဆောင်သွားသည်ကို ပုဏ္ဏားကျွန်းရဲစခန်းရှေ့ ဘုန်းကြီးကျောင်းတွင် တည်းခိုနေကြသည့် မိသားစုဝင်များက တွေ့မြင်လိုက်ရခြင်းဖြစ်သည်။

“နေဗီ (Navy) နဲ့ခေါ်သွားတယ်” ဟုသာ သိကြပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မည်သူမျှ မသိလိုက်ကြပေ။

ယခု ရုပ်သံဖိုင်မှာ ဧပြီ ၂၇ က တပ်မတော်ရေယာဉ်ဖြင့် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ခေါ်ယူသွားချိန်တွင် ရေယာဉ်ပေါ်မှအဖြစ်အပျက်များ ဖြစ်နိုင်ကြောင်း အဆိုပါငါးဦးအနက် သုံးဦး၏ မိသားစုဝင်များက ပြောသည်။ အဆိုပါသုံးဦးအနက် ညီညီအောင်၏ဦးလေး ဦးစောသိန်းမောင်မှလွဲ၍ ကျန်နှစ်ဦး၏မိသားစုဝင်များကမူ ၎င်းတို့လူ ဟုတ်မှန်သည်ဟုသာ ပြောပြီး တခြားအချက်အလက်များကို မပြောပါ။

ဗီဒီယိုထဲတွင် မြင်တွေ့ရသည့် စစ်ယူနီဖောင်းဝတ်ထားသူများ။

“စရဖ က စစ်တွေမှာစစ်ဆေးဖို့ ခေါ်သွားတယ်လို့ သိရပါတယ်။ ၂၈၊ ၂၉ ရက်နေ့တွေမှာ သူတို့လက်ထဲမှာ။ စစ်တွေ စရဖရုံးမှာ ထားတယ်လို့ ထင်ရတယ်။ ၃၀ ရက်နေ့ အမှတ် (၁) ရဲစခန်းကိုပို့တယ်။ မေ ၈ ရက်နေ့ ရမန်ပြည့်မယ်ဆိုတော့ ရမန်မပြည့်ခင် ၇ ရက်နေ့ စစ်တွေအမှတ် (၁) ကနေပြီးတော့ ပုဏ္ဏားကျွန်းကို ပို့တာ။ ပုဏ္ဏားကျွန်းရဲစခန်းကို ရောက်တဲ့အချိန်မှာ မိသားစုဝင်တွေနဲ့ တွေ့ရပါတယ်” ဟု ဦးစောသိန်းမောင်က ဆိုသည်။

အဆိုပါရုပ်သံဖိုင်ပါ ၅ ဦး ထိုးကြိတ်ကန်ကျောက်ခံရမှုနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ လက်ခံဖြေဆိုခြင်းမရှိပါ။

အဆိုပါရုပ်သံဖိုင်နှင့်ပတ်သက်၍ ဟုတ်မှန်မှုရှိမရှိ စစ်ဆေးနေသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက Myanmar Now ကိုပြောသည်။

“ခေါ်ယူစစ်ဆေးတာတွေ၊ စစ်ကြောရေးနဲ့ ပတ်သက်ပြီး တပ်မတော်မှာ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ အပြစ်ပေးအရေးယူတာ ရှိမရှိဆိုတာကတော့ အဲဒီလိုဖြစ်စဉ် ရှိမရှိ တိတိကျကျ မသိရသေးလို့ မပြောနိုင်သေးပါဘူး” ဟု ၎င်းကပြောသည်။

ဗီဒီယိုဖိုင် ဘယ်က စခဲ့သလဲ

ယခုဗီဒီယိုဖိုင်မှာ မေလ ၁၀ ရက်နေ့မှစ၍ ပျံ့နှံ့ခဲ့သည်ကို တွေ့ရပြီး ဖိုင် ၃ ခုကို Aungnai Aungnai ဆိုသည့် Facebook Account က မေ ၁၀ ရက် နံနက် ၁၀ နာရီတွင် တင်ခဲ့သည်ကို တွေ့ရသည်။ တွေ့ရှိရသမျှတွင် အစောဆုံးဖြစ်သည်။ ၁ မိနစ် ၁၈ စက္ကန့် တစ်ဖိုင်၊ ၂ မိနစ် ၇ စက္ကန့် နှစ်ဖိုင်ပါရှိပြီး နောက်ဆုံး ဗီဒီယိုဖိုင်နှစ်ခုသည် အတူတူပင်ဖြစ်သည်။

ထို့နောက် Rathedaung media ဆိုသည့် Facebook Page တွင် Aungnai Aungna Account ကတင်ခဲ့သည့် ဗီဒီယိုနှင့် မတူညီသည့် မြင်ကွင်းမှ ရိုက်ထားသည့် ၇ မိနစ်ကျော်ရှည်သည့် ဗီဒီယိုဖိုင်ကို မေလ ၁၀ ရက် နံနက် ၁၀ နာရီ ၂၁ တွင် တင်ခဲ့သည်။ ထို့ထက်စောကာ တင်ခဲ့သည်များရှိခဲ့သည်ကို တွေ့ရသော်လည်း လက်ရှိတွင် Facebook ပေါ်တွင် မတွေ့ရတော့ပေ။

အဆိုပါ ဗီဒီယိုဖိုင်များကို ပြန်လည်မျှဝေမှု သောင်းနှင့်ချီ ရှိနေပြီး Facebook တွင်သာမက twitter, YouTube နှင့် VK လူမှုကွန်ရက်များတွင်လည်း ပျံ့နှံ့နေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button