သတင်း

ကိုဗစ်နိုင်တင်းကာလတွင် မသန်စွမ်းများအတွက် အကူအညီများလိုအပ်နေ

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ထားရသူများထဲတွင် ပါဝင်သည့် မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့မှာ သက်ဆိုင်ရာ ဆေးရုံများ၌ ဆေးကုသမှုခံယူရာတွင် သာမန်လူနာများနှင့်မတူသည့် အခက်အခဲများကြုံနေရသည်ဟု ၎င်းတို့က ပြောသည်။

အင်းစိန်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးနှင့် မတ္တရာမြို့နယ်နေ အသက် ၈၀ အရွယ် မသန်စွမ်း အမျိုးသားတို့မှာ ကိုရိုနာဗိုင်းရပ်တွေ့ရှိထားသည့် အတည်ပြုလူနာများဖြစ်ပြီး မိသားစုဝင်တစ်ဦးစီက ရန်ကုန် တောင်ဥက္ကလာဆေးရုံနှင့် မန္တလေး ကန်တော်နဒီဆေးရုံတို့၌ အသီးသီး အနီးကပ်စောင့်ရှောက်ပေးနေသည်။

မသန်စွမ်းလူနာများအတွက် အဓိကအခက်အခဲမှာ အနီးကပ်စောင့်ရှောက်မည့်သူလိုအပ်ခြင်း၊ မိသားစုဝင်များထဲမှ စောင့်ရှောက်မည့်သူရှိပါကလည်း ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိခြင်း၊ မသန်စွမ်းသူများအတွက် သီးသန့်ဖန်တီးထားသော နေရာမရှိခြင်းတို့ဖြစ်သည်ဟု မသန်စွမ်းသူများ ကိုဗစ်နိုင်တင်း အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး (၁) ဦးနေလင်းစိုးက ပြောသည်။

ရန်ကုန်မှ ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးကို ဆေးရုံတွင်၎င်း၏ခင်ပွန်းဖြစ်သူက ကူညီစောင့်ရှောက်နေကြောင်း၊ ခင်ပွန်းဖြစ်သူ၌လည်း ကိုဗစ်နိုင်တင်းကူးစက်ခံရကြောင်း အဖြေထွက်ထား၍ ၎င်းအား အကူအညီပေးရန် ဆေးရုံက စီစဉ်ပေးခြင်းဖြစ်ကြောင်း ပိုးတွေ့လူနာ ထိုအမျိုးသမီးက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

“ဒါက အဆင်ပြေအောင်လို့ ဆရာဝန်တွေက လုပ်ပေးလို့လေ။ တကယ်လို့သာ အသက်ကြီးပိုင်းတွေဖြစ်မယ်။ အမြင်အာရုံ မသန်စွမ်းတွေ ဖြစ်ချင်ဖြစ်မယ်။ သူတို့သာ ပိုးကူးစက်သွားမယ်ဆိုရင် လုပ်ပေးဖို့အတွက် တစ်ယောက်လောက်က လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမှ အသက် ၈၀ အရွယ် မသန်စွမ်းအမျိုးသားကိုမူ ၎င်း၏သမီးက ဆေးရုံတွင်စောင့်ရှောက်ကူညီပေးနေသည်။ အဆိုပါအမျိုးသမီးမှာ ပိုးကူးစက်ခံရသူ ဖခင်နှင့်အနီးကပ်နေသူဖြစ်သဖြင့် ၎င်းထံမှဓာတ်ခွဲနမူနာယူကာ စစ်ဆေးနေသော်လည်း ဓာတ်ခွဲအဖြေမထွက်သေးပေ။

“စားရေးသောက်ရေးတွေက ဆေးရုံကြီးက အကုန် ကူညီပေးတယ်။ အခက်အခဲက (ဖခင်ဖြစ်သူ) ဆီးဝမ်းမနိုင်တာ။ ဆီးဝမ်းသွားထားတဲ့ ဒိုင်ဗာတွေ လာမသိမ်းတော့ အနံ့တွေ ထွက်နေတယ်” ဟု ယင်းအမျိုးသမီးကဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံထားရသည့် မသန်စွမ်းများနှင့် ကန့်သတ်စောင့်ကြည့်ခံထားရသည့် မသန်စွမ်းများကို ကိုဗစ်နိုင်တင်းအရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် မြန်မာနိုင်ငံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ငွေကြေးအကူအညီပေးနေသည်။

ယင်းပူးပေါင်းကော်မတီကို မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံမျက်မမြင်များအသင်း အစရှိသည့် မသန်စွမ်းအရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၃၁ ဖွဲ့က ပူးပေါင်း၍ ဧပြီ ၁၈ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်မှ မသန်စွမ်းသူ အမျိုးသမီးအတွက် ကော်မတီက ကျပ်တစ်သိန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကျပ်တစ်သိန်း ထောက်ပံ့ခဲ့ပြီး မတ္တရာမြို့နယ်မှ အမျိုးသားအတွက် တနင်္လာနေ့တွင် ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းကော်မတီ အထွေထွေအတွင်းရေးမှူး (၁) ဦးနေလင်းစိုးက ပြောသည်။

ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ခံရသည့် မသန်စွမ်းသူများ၊ ကန့်သတ်စောင့်ကြည့်ခံရသူများ၊ အသွားအလာ ပိတ်ပင်ခံရသည့် မြို့နယ်များရှိ ငွေကြေးချို့တဲ့သော မသန်စွမ်းသူများကိုလည်း ကူညီမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုများပြားပါက ရောဂါဖြစ်ပွားသည့် ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေသော မသန်စွမ်းသူများကိုပါ ထောက်ပံ့နိုင်ရန် ကော်မတီက ရည်ရွယ်ကြောင်း ၎င်းကဆက်ပြောသည်။

ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင် ကန့်သတ်စောင့်ကြည့်ခံရ၍ ငွေကြေးအကူအညီလိုအပ်သည့် မသန်စွမ်းသူ ၉ ဦးနှင့် မန္တလေးတိုင်းရှိ ရောဂါပိုးကူးစက်ခံရသူ မသန်စွမ်းတစ်ဦးကို ကူညီရန် ပြင်ဆင်နေကြောင်း ကော်မတီ အထွေထွေ အတွင်းရေးမှူး ၂ ဖြစ်သည့် ဦးရဲဝင်းက ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနကလည်း မသန်စွမ်းသူများကို ထောက်ပံ့ပေးရန် အချက်အလက်များ ကောက်ခံလျက်ရှိကြောင်း ယင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော် က ဆိုသည်။

ထို့အပြင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးအတွက် မသန်စွမ်းသူတို့၏ လိုအပ်ချက်ကို ဆန်းစစ်သည့်စာတမ်းများ အင်တာနက်မှတစ်ဆင့် ကောက်ခံလျက်ရှိပြီး ဧပြီ ၂၄ ရက်ထိ စာတမ်း ၁၅၀ နီးပါး ရရှိထားကာ လိုအပ်ချက်ကို စိစစ်၍ တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၄၄ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ည ၁၁ နာရီတွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် စောင့်ကြည့်လူနာ ၂၅၄၁ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၆၁၂၄ ဦး ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button