သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်အကြောင်း ပွင့်လင်းမြင်သာစွာ ချပြရန် ဒေသခံများတောင်းဆို

အငြင်းပွားသံ၊ ဝေဖန်သံများ ညံခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ တိကျသည့် သတင်းအချက်အလက်များ အစိုးရထံမှ မရသဖြင့် ဒေသခံလူထုအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောပြ ပေးရန် အစိုးရအား စီမံကိန်းအနီးရှိ ကျေးရွာများမှ ရွာသူရွာသားများက တောင်းဆိုသည်။

ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသည့် ‘ဟန်ချက်ကြားမှ နဘုလယ်ဒေသ၊ တစ်ကျော့ပြန် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဒေသနေလူထုအသံနှင့် ရှု့ဒေါင့် (ရှုထောင့်) အထွေထွေ’ အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားတွင် တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ယနေ့အထိ သတင်းအချက်အလက် မရရှိမှုကြောင့် ဒေသခံလူထု များစွာ စိုးရိမ်နေရကာ အသက်မွေးဝမ်းကျောင်းအတွက်လည်း အခက်အခဲဖြစ်နေကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသည့် ဒေသခံများက ပြောသည်။

စီမံကိန်းဧရိယာတွင်ပါသည့် ဒေသခံများ၏မြေယာပိုင်ဆိုင်မှု အထောက်အထားကိစ္စ၊ အသိမ်းဆည်းခံ မြေယာများပေါ်တွင် ပြန်လည်စိုက်ပျိုးခွင့်ကိစ္စများနှင့်ပတ်သက်ပြီး တိတိကျကျ မသိရှိရခြင်းကြောင့် ဒေသခံများ၏ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများကို များစွာထိခိုက်သည်ဟု မေတ္တာမြို့နယ်၊ ကလစ်ကြီးကျေးရွာသား ဦးရဲအောင်က ပြောသည်။

ဓားမဦးချနေထိုင်လာခဲ့ကြသည့် ဒေသခံများလက်ထဲတွင် ပိုင်ဆိုင်မှုအထောက်အထား မရှိသည်ကို အခွင့်ကောင်းယူကာ ပြင်ပစီးပွားရေးသမားများက ဝင်ရောက်လာသည့်အခါ ဌာနေတိုင်းရင်းသားများ ဒုက္ခရောက်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

“လက်ရှိအစိုးရကို ကျွန်တော်ပြောချင်တာက ဘယ်စီမံကိန်းပဲလုပ်လုပ် ဒေသခံတွေကို တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးပါ။ ဒါမှ ဒေသခံတွေ ဆုံးဖြတ်နိုင်မယ်။ နောက်ပြီး တာဝန်ယူတဲ့၊ တာဝန်ခံတဲ့ အစိုးရကောင်းတစ်ရပ် ဖြစ်ဖို့ ပြောချင်တယ်” ဟု မေတ္တာမြို့နယ်၊ သပြုချောင်းကျေးရွာသား စောသဲဒိုက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် ဒေသခံပေါင်း ၄၃,၀၀၀ ခန့်၏ ဘဝများကို ထိခိုက်စေပြီး စီမံကိန်း စတင်စဉ်ကလည်း စီမံကိန်းဝင်ဒေသခံများ၏ ၈ ရာခိုင်နှုန်းထံမှသာ သဘောတူညီချက် ရယူခဲ့ကြောင်း၊ ဒေသခံ ၇၀ ရာခိုင်နှုန်းကျော် ၏ အသက်မွေးဝမ်းကျောင်းမှုများသည် စီမံကိန်းလုပ်မည့် မြေပေါ်တွင် မှီတည်နေရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်ကတည်းက ရပ်ဆိုင်းထားသည့် အဆိုပါ စီမံကိန်းကို ယခုနှစ်အတွင်း ပြန်စမည်ဟု အသံပြန်ကြားလာရသော်လည်း ဒေသခံများအနေဖြင့် ဘာကိုမျှ တိတိကျကျ မသိရှိကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။

“သတင်းအချက်အလက် တိတိကျကျ မသိရတော့ ဒေသခံတွေမှာ ဆုံးဖြတ်ရခက်တာပေါ့။ ဘယ်ကိုပြောင်းရမှာလဲ၊ အဲ့ဒီနေရာမှာ ကိုယ့်ဘဝရပ်တည်မှုကို ပိုကောင်းစေမှာလား မဆုံးဖြတ်နိုင်ကြဘူး။ အဲ့ဒီတော့ လူထုထဲမှာ ပျံ့နေတဲ့ သတင်းတွေကလည်း ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ မသိကြဘူး” ဟု သူကဆိုသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဒေသခံတချို့အား လျော်ကြေးပေးသော်လည်း မြေယာ လျော်ကြေးလား၊ မြေရောင်းမြေဝယ်ပုံစံမျိုးလားဆိုသည်ကို ယခုအထိ တိတိကျကျ မသိရသေးဟု အဆိုပါ အစီရင်ခံစာကို သုတေသနပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့ Earth Rights International(ERI) အဖွဲ့၏ အကြံပေး ဦးဘိုဘိုက ပြောသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဖြစ်လာလျှင် ရွှေ့ပြောင်းလုပ်သားများကြောင့် ပေါ်ပေါက်လာနိုင်သည့် လူမှုရေးပဋိပက္ခများကိုလည်း ထောက်ပြသူများရှိသည်။

“ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်တုန်းက ရွာတစ်ရွာမှာ ပြဿနာတစ်ခု ဖြစ်ခဲ့တယ်။ ကျေးရွာက ရှိတာ လူ ၅၀၀ လောက်ပဲ။ စီမံကိန်းလုပ်ဖို့ အပြင်က ရောက်လာသူတွေက ၁၀၀၀ ကျော်။ အဲ့ဒီမှာ ပထမဆုံးဖြစ်လာတာက ရွာမှာ အရက်ဆိုင်တွေ မှိုလိုပေါက်လာတယ်။ အဲ့ဒီမှာ မူရင်းရွာသားတွေနဲ့ ရောက်လာသူတွေ ပဋိပက္ခဖြစ်ရော” ဟု ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဒါရိုက်တာ ဦးသန့်ဇင်က ဆိုသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့ ၂၀၀၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် ထားဝယ်မြို့အနီး အထူးစီးပွားရေးဇုန်သည် အဆိုပြုအကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၅၀ ရှိပြီး အကောင်အထည် ဖော်ဖြစ်မည် ဆိုပါက အရှေ့တောင်အာရှ၏ အကြီးဆုံး စက်မှုစီးပွားရေးဇုန်ကြီး ဖြစ်လာမည် ဖြစ်သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမည့်သူများ ထင်သလောက်မရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခံစားရနိုင်ခြေ မြင့်မားခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှု စွပ်စွဲချက်များအပေါ် ဒေသခံအရပ်ဘက်လူမှုအဖွဲ့များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြခြင်းတို့ကြောင့် ဆယ်စုနှစ်တစ်ခုတိုင်သည်အထိ အကောင်အထည်ဖော်မှုအပိုင်းက သိသိသာသာ ရှေ့မတိုးဘဲ ဖြစ်နေသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို တည်ဆောက်သည်ထက် မတည်ဆောက်သည်က အကျိုးကျေးဇူး ပိုများလိမ့်မည် ဟု Frontier Myanmar သတင်းဌာနမှာ ယမန်နှစ်က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် သုံးသပ်ထားသည်။

Show More

Related Articles

Back to top button