သတင်း

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၅ ဦး ကျန်းမာရေးစောင့်ကြည့်ခံနေ

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၅ ဦးအပါအဝင် စုစုပေါင်း ဝန်ထမ်းအယောက် ၃၀ သည် တောင်ကြီးမြို့ရှိ အစိုးရဧည့်ရိပ်သာ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ခြင်း/တားမြစ်ခြင်း (facility quarantine) ဝင်နေရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယောင်း ခရီးစဉ်မှ ပြန်ရောက်လာပြီး ဧပြီ ၂၀ ရက်တွင် အစိုးရဧည့်ရိပ်သာ၌ Facility Quarantine ဝင်နေခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များမှ ဆေးရုံများသို့ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရေး ပစ္စည်းများ၊ စားနပ်ရိက္ခာများကိုလှူဒါန်းခဲ့ပြီး ဧပြီ ၁၉ က ကျိုင်းတုံမြို့၌ ညအိပ်ခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ထံ လာလှူထားသည့် တစ်ခါသုံးရောဂါစစ်ကိရိယာ (Rapid test kit) များ အသုံးပြု၍ အဆိုပါ ခရီးစဉ်လိုက်ပါခဲ့သူများကို စမ်းသပ်စစ်ဆေးကြည့်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းနှင့် ရဲမှူးချုပ်၏ ကိုယ်ရေးအရာရှိတို့တွင် ကိုရိုနာဗိုင်းရပ်ပိုးရှိကြောင်း အဖြေထွက်သည့်အတွက် ကျန်းမာရေး စောင့်ကြည့်ခံနေရခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါ တစ်ခါသုံးရောဂါစစ်ကိရိယာ (Rapid Test Kit) များသည် ရောဂါသိနိုင်စွမ်းအားကို အာရုံခံနိုင်စွမ်း အားနည်းသည့်အတွက် အသုံးမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

“Test Kit (ရောဂါစစ်ကိရိယာ) ကို စမ်းသုံးကြည့်တာပါ။ အသုံးတည့်မလားလို့ပေါ့ဗျာ။ လက္ခဏာပြလို့စစ်တာ မဟုတ်ဘူး။ တစ်ယောက်မှ ကိုဗစ်လက္ခဏာမပြပါဘူး”ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် အစိုးရအစိုးရအဖွဲ့တို့ သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ရှိအထိ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိနေသည်။ လူနာအမှတ် ၉၆ နှင့် ၁၁၂ တို့ဖြစ်သည်။ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၄ ဦးရှိသည်။

အဆိုပါခရီးစဉ်တွင် ရောဂါပိုးတွေ့ရှိထားသူများနှင့်လည်း တွေ့ဆုံခဲ့ခြင်း မရှိသလို ပိုးတွေ့လူနာကိုကုသပေးနေသည့် ဆရာဝန်များနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိဟု ဝန်ကြီးက ဆိုသည်။

တစ်ခါသုံးစစ်ဆေးကိရိယာဖြင့် စစ်ဆေး၍ ရောဂါပိုးတွေ့ရှိကြောင်း အဖြေထွက်သူ နှစ်ဦးကို ကျိုင်းတုံမြို့၌ Quarantine ဝင်ထားခိုင်းထားပြီး ၎င်းတို့၏ အာခေါင်တို့ဖတ် နမူနာများကို ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ ကားဖြင့် ပို့ထားသည်ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

“ရန်ကုန်ဓာတ်ခွဲခန်း၏ ရလဒ်​ပေါ်မူတည်ပြီး​တော့ ​ဆောင်ရွက်သင့်တာကို ​ဆောင်ရွှက်သွားမှာဖြစ်ပါတယ်။ အကယ်၍ Positive (ပိုးတွေ့) ခဲ့ရင်​တော့ Q (အသွားအလာ တားမြစ်ထားခြင်း) လုပ်​နေသူအားလုံး ဆက်လက်ဝင်ရမှာဖြစ်ပြီး အဆိုပါ positive လူနာများနဲ့ ထိစပ်ခဲ့သူအားလုံး၏ရာဇဝင်လိုက်ပြီးQuarantine ဝင်ခြင်း၊ ထိစပ်​နေများကို Lockdown လုပ်ခြင်းတို့ ဆက်လက်​ဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးညွန့်လွင်က ၎င်း၏ Facebook တွင် ရေးသားထားသည်။

ရှမ်းပြည်နယ်အတွင်း ၅၅ မြို့ နယ်အနက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှလွဲ၍ ကျန် ၄၈ မြို့နယ်တွင် ဧပြီ ၂၀ မှ မေ ၁၄ အထိ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရသည့် လူနာဦးရေ ၁၂၁ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦး ရှိလာပြီး လတ်တလောတွင်စောင့်ကြည့်ခံရသူ ၂၀၈၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၁ ည ၈နာရီတွင် သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button