သတင်း

ပုဂ္ဂလိကလက်ထဲရောက် နိုင်ငံပိုင်စက်ရုံများအခြေအနေ သမ္မတထံ အသိပေးရန် အလုပ်သမားများဆုံးဖြတ်

(ရန်ကုန်) – ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံပိုင်စက်ရုံများမှ အစိုးရဝန်ထမ်းဟောင်း အလုပ်သမားများသည် ၄င်းတို့အလုပ်လက်မဲ့ ဖြစ်နေသည့် အခြေအနေပါအဝင် ကြုံတွေ့နေရ သည့် အခက်အခဲများကို တင်ပြနိုင်ရန် သမ္မတနှင့်တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံပိုင် စက်ရုံများထဲမှ ဒါဇင်နှင့်ချီသည့် နိုင်ငံအနှံ့ရှိ စက်ရုံများမှ အစိုးရဝန်ထမ်းဟောင်း အလုပ်သမားများသည် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကိုးမိုင်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် တွေ့ဆုံဆွေးနွေးပြီး သမ္မတနှင့်တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများသည် နိုင်ငံပိုင်စက်ရုံများ ပုဂ္ဂလိက ငှားရမ်းခြင်းအတွက် ခွဲခြားဆက်ဆံမှု အခက်အခဲများ၊ လစာပေးချေမှုတွင် နိုင်ငံ့ဝန်ထမ်းများမှ လွှဲပြောင်းခဲ့သော ရာထူးအလိုက်လစာ ခံစားခွင့် အပြည့်အဝရရှိရန်၊ စက်ရုံ ငှားရမ်းသည့် စာချုပ်ပါ ရည်ရွယ်ချက်များ ပျက်ကွက်ပါက ငှားရမ်းသူ ကုမ္ပဏီ လုပ်ပိုင်ခွင့် ပြန်ရုပ်သိမ်းရန်နှင့် အလုပ်ပြုတ်ဝန်ထမ်းများ အာမခံချက် ရရှိရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

စက်မှု(၁)လက်အောက်မှ ရွှေသံလွင်ကုမ္ပဏီသို့ ၂၀၁၁ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့သည့် မွန်ပြည်နယ် စစ်တောင်းစက္ကူစက်ရုံမှ အလုပ်ရုံစုမှူး ဦးဇော်ဝင်းက ၂၀၁ရခုနှစ်တွင် ကုမ္ပဏီသည် စက်ရုံကို အစိုးရထံ ပြန်လည် လွှဲအပ်ခဲ့ပြီးနောက် အလုပ်သမား ၅၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ရွှေသံလွင်သည် ယင်းနေရာတွင် စက်မှုဇုန်တည်ထောင်ရန်အတွက် စီစဉ်ခဲ့ပြီး စက်ရုံအလုပ်သမားများကို မည်သည့် လုပ်ငန်းမှ မခိုင်းစေဘဲ လစာပေးထားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် အလုပ်ဖြုတ်ခံခဲ့ရသည်ဟု ၎င်းကပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၂ တွင် ကျော်ထက်ကျော်ကုမ္ပဏီ ထံ လွှဲပြောင်းပေးခဲ့သည့် ရန်ကုန် အုတ်ကျင်းဂုန်နီအိတ်စက်ရုံမှ အလုပ်သမားများသည်လည်း အနာဂတ်အလုပ်အကိုင် မရေရာမသေချာဖြစ်နေရသည်ဟု စက်ရုံအလုပ်ရုံစိတ်မှူး ဦးအောင်ကျော်စိုးက ပြောသည်။

ကုမ္ပဏီသည် အဆိုပါစက်ရုံကို ဇူလိုင်လတွင် စက်ရုံပိတ်သိမ်းမည်ဟု ရုံးတွင်းကြေညာချက် ထုတ်ခဲ့သည်ကို အလုပ်သမားများက လက်မခံသဖြင့် ဆန္ဒပြရန် ပြင်ဆင်နေစဉ် ရန်ကုန်တိုင်း အစိုးရ အရာရှိများက ကြားဝင်ဖြေရှင်းခဲ့သော်လည်း ယနေ့အထိ တိကျသည့် အဖြေမရသေးဟု ၄င်းကပြောသည်။

“အလုပ်ပြန်ဆင်းနေရပေမယ့် တိကျတဲ့ အဖြေတော့ မရှိသေးပါဘူး” ဟု၎င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂမှ ဦးအောင်ကျော်ထွန်းနိုင်ဦးက နိုင်ငံတော်ပိုင်စက်ရုံများကို ပုဂ္ဂလိကထံသို့ ထပ်မံလွှဲပြောင်းပေးမည့် စက်ရုံများရှိနေသေးပြီး ထိုစက်ရုံများမှ ဝန်ထမ်းများကလည်း အလုပ်လက်မဲ့ ဖြစ်မည့်အရေး စိုးရိမ်နေကြသည်ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ဗဟို၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိ အငြင်းပွားမှုဖြေရှင်းရေး တိုင်းကိုယ်စားလှယ် ဖြစ်သူ ဦးအောင်ကျော်ထွန်းနိုင်ဦးက ပုဂ္ဂလိလုပ်ငန်းအဖြစ် လွှဲပြောင်းခံခဲ့ရသည့် နိုင်ငံပိုင် စက်ရုံများမှ အလုပ်သမားများ၏ အခက်အခဲကို ပြေလည်စေရန် နည်းလမ်းများစွာ အသုံးပြုခဲ့ သော်လည်း ရလဒ်မှာ ထူးခြားခဲ့ခြင်းမရှိဟု ပြောသည်။

နိုင်ငံပိုင်စက်ရုံများမှ အလုပ်သမားများ၏ ပြဿနာကို ပြေလည်စေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ အပါအဝင် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများထံ တင်ပြခဲ့ပြီးဖြစ်သော်လည်း အလုပ်သမား ပြဿနာမှာ ပိုမိုကြီးထွားလာခဲ့သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို သမ္မတက တကယ်မသိတာလား။ ဝန်ကြီးဌာနတွေရဲ့တင်ပြချက်တွေက လွဲမှားနေတာလားဆိုတာကို ကျွန်တော်တို့အနေနဲ့ မသိရှိရဘူး။ ဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင် တွေ့ပြီး ကျွန်တော်တို့ကိုယ်တိုင် ပြောပြချင်တယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button