သတင်း

မေတ္တာဖြင့် အုပ်ချုပ်သူကိုသာ နှစ်သက်သည့် ထွေအုပ်ဝန်ထမ်း

အသက် ၅၀ အရွယ် ဒေါ်စိန်စိန် (အမည်လွှဲ) သည် စစ်ကောင်စီက နိုင်ငံကို အုပ်ချုပ်ရန် ကြိုးစားလာခြင်းအား ဂုဏ်ယူဖွယ်ရာ နိုင်ငံ့ဝန်ထမ်းဘဝဖြင့် အလဲအထပ်ပြု၍ ရုံးမတက်သည့်လှုပ်ရှားမှုတိုက်ပွဲအတွင်း ဝင်ရောက်လာသည်။

လာမည့် လေးလအတွင်း အငြိမ်းစား (ပင်စင်) ယူရတော့မည့် ဒေါ်စိန်စိန်အတွက် ရုံးမတက်သည့် လှုပ်ရှားမှု (CDM- Civil Disobdience Movement)  တိုက်ပွဲက မလွယ်ကူလှပေ။ 

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးဖြစ်ပြီး လုပ်သက် ၂၈ နှစ်ကျော်အတွင်း ပြစ်ချက်ကင်းရှင်းပြီး ယခုနှစ်ဆန်းပိုင်းတွင် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရရှိခဲ့သူ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ (နစအ) လက်ထက်အရောက် ဝန်ထမ်းတစ်ယောက်အနေဖြင့် အကြီးမားဆုံးပြစ်မှု ကျူးလွန်သူအဖြစ် ရုတ်ခြည်းပြောင်းလဲသွားရသည်။ 

ဒေါ်စိန်စိန်သည် ၁၉၈၈ နောက်ပိုင်းမှ အစိုးရဝန်ထမ်းဖြစ်လာသူဖြစ်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အုပ်ချုပ်ရေးတို့နှင့် မစိမ်းသူ ဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်အထိ ထွေအုပ်ဝန်ထမ်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

မိဘများသည်လည်း အစိုးရဝန်ထမ်းများ ဖြစ်ပြီး စစ်အစိုးရလက်အောက်တွင် အနှစ် ၃၀ နီးပါး အမှုထမ်းခဲ့သူများ ဖြစ်သည်။ 

ထိုသို့ စစ်အစိုးရအုပ်ချုပ်ရေးယန္တရား၏ ဝန်ထမ်းမိသားစုဝင်တစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်သူ ဖြစ်လာခဲ့သည်။

ယခုနှစ်ဆန်းမှစ၍ အငြိမ်းစားယူနိုင်သော်လည်း မိတ်ဆွေတစ်ဦးနှင့်အတူ ဇူလိုင်လတွင်မှ အတူတကွအလုပ်နားရန် တိုင်ပင်ထားကြရာမှ အေးဆေးသက်သာစွာ ပင်စင်ယူနိုင်သည့် အခွင့်အရေးကို လက်လွှတ်ကာ အာဏာရှင်ဆန့်ကျင်ရေးကို ပူးပေါင်းပါဝင်လာခဲ့သည်။ 

“ပြည်သူတွေ ခံစားနေရတာကို ကိုယ်လည်းထပ်တူ ခံစားပြီးတော့မှ ဒီဆန္ဒဖော်ထုတ်ပွဲမှာ ဝင်ပါလိုက်တာ”ဟု ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်း ဒေါ်စိန်စိန်က ပြောသည်။ 

ရွေးကောက်ခံအစိုးရ (NLD) လက်အောက်တွင် ခဏတာခံစားခဲ့ရသည့် လွတ်လပ်ခြင်းအရသာကို အဆုံးရှုံးမခံနိုင်၍ ပြည်သူနှင့်အတူ တိုက်ပွဲခြင်းဟု ၎င်းက ဆိုသည်။

“ပြည်သူ့ရဲ့ အစိုးရအောက်မှာ ငါးနှစ်လောက် လုပ်ကိုင်ဖူးသွားပြီ။ ၈၈ နောက်ပိုင်းမှာ အလုပ်ဝင်တော့ စစ်အုပ်ချုပ်ရေးမှာလည်း ကြုံခဲ့ရဖူးတယ်။ အခု ပြည်သူ့အစိုးရ အုပ်ချုပ်မှုကိုပဲ ပိုပြီးတော့ သဘောကျတယ်။ အဲ့ဒါကြောင့်မို့လည်း ဒီစစ်အာဏာရှင်ကို လက်မခံချင်တာ”ဟု ဒေါ်စိန်စိန်က Myanmar Now ကို ပြောသည်။ 

ထို့ကြောင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ စစ်အာဏာသိမ်းပြီး ၁၄ ရက်အကြာတွင် စစ်ကောင်စီက ဒေါ်စိန်စိန်ကို အစိုးရဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းလိုက်သည်။

CDM တွင် ပါဝင်သော ကျိုက်လတ်မှ ဒေါ်စိန်စိန် အပါအဝင် ထွေအုပ်ဝန်ထမ်း ၄ ဦး ကို ဖေဖော်ဝါရီ ၁၄ တွင် တာဝန်ရပ်ဆိုင်းလိုက်ကာ “နိုင်ငံ့ဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများ၌ ပါဝင်ကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင်ပတ်သက်ခြင်း စသည့်ကိစ္စရပ်များကြောင့်”ဟု သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်သည့်စာ၌ ပါရှိသည်။

“ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ နောင်တလည်းမရပါဘူး။ မလုပ်ခင်က ပထမဆုံးစဉ်းစားခဲ့တယ်။ ဘာလို့လဲ ဆိုတော့ လုပ်သက်က ၂၈ နှစ်ရှိနေပြီ။ အသက်ကလည်း ၅၁ ကျော်သွားပြီ။ အခုဆိုရင် လျှော့ပေါ့ပင်စင်ယူလို့ရပြီ။ အဲ့ဒါတွေလည်း မမျှော်ကိုးတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်အောက်တွင် ဝန်ထမ်းအဖြစ် နှစ်ရှည်လုပ်ကိုင်ခဲ့သူဖြစ်သောကြောင့် အာဏာဖြင့် ဖိနှိပ်၍ အမျိုးမျိုး အမိန့်ပေးအုပ်ချုပ်မှုများကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရဖူးသည်ဟု ဆိုသည်။

“သူတို့(အထက်လူကြီး) ခရီးတစ်ခုကို လာတာပဲဖြစ်ဖြစ်၊ အစ်မတို့တွေ ကြိုရတယ်။ ဧည့်ခံရတယ်။ မလုပ်ချင်လည်း လုပ်ရတယ်၊ လုပ်ချင်လည်း လုပ်ရတယ်။ နောက်ပြီးတော့ သူတို့လာမယ်ဆိုလို့ရှိရင် ပြည်သူလူထုက လှည်းကျင်းပြီး လမ်းမှာ တစ်ခါတည်း ခွေးတစ်ကောင်တောင် အမြင်မခံစေရဘူး။ အဲဒီလိုမျိုးတွေ ဖြစ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

သို့သော် ၂၀၁၅ တွင် ရွေးကောက်ပွဲအနိုင်ရသူက အစိုးရဖြစ်လာချိန်တွင် အာဏာမပါ မေတ္တာဖြင့် အုပ်ချုပ်လာ၍ ထိုအချိန်မှစ၍ လူသားတစ်ဦး၏ လွတ်လပ်ခွင့်ကို စတင်ခံစားမိလာရသည်ဟု ဆိုသည်။

“အမေစု လက်ထက်ရောက်တဲ့အခါကျတော့ အဲ့ဒီလိုမျိုးတွေ အဲ့ဒီလောက်ထိ လုပ်မပေးရဘူး။ ပြီးတော့ လွတ်လပ်မှုလည်း ကွာတယ်။ ပြောရရင်တော့ မေတ္တာနဲ့ အုပ်ချုပ်တာပဲ လိုချင်တာ”ဟု ဒေါ်စိန်စိန်က ပြောသည်။

အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသော်လည်း NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့လိုက်သည်။ 

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဖြစ်စဥ်၏ အရေးကြီးသည့်အပိုင်းများတွင် ထွေအုပ် ဝန်ထမ်းများလည်း ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ 

ဒေါ်စိန်စိန်ကဲ့သို့ စစ်ကောင်စီ အမိန့်ကို မနာခံဘဲ ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အခြားမြို့နယ်များမှ ထွေအုပ်ဝန်ထမ်းများလည်း အများအပြား ပါဝင်ခဲ့သည်။ 

စစ်ကောင်စီဆန့်ကျင်ရေးအတွက် လူထုသည် CDM လှုပ်ရှားရေးတွင် ဝန်ထမ်းများ ပိုမိုပါဝင်လာနိုင်ရန် တိုက်တွန်းလျက်ရှိသည်။ ( ဓာတ်ပုံ- အောင်ခန့်)

အနာဂတ်အတွက် အာမခံချက်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) တွင် မော်ကျွန်းမြို့နယ်ထွေအုပ်ရုံးမှ ၂၆ ဦး ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ထွေအုပ်ဝန်ထမ်း ၉ ဦး၊ ဟားခါးမြို့ ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော်၊ တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်း ၃၀ ကျော်အနက် သုံးပုံနှစ်ပုံ၊ မုံရွာမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦး၊ ကရင်ပြည်နယ်၊ ဖာပွန်မှ ထွေအုပ်ဝန်ထမ်းတစ်ဦး၊ ကယားပြည်နယ် ဖယ်ခုံမှ ထွေအုပ်ဝန်ထမ်းတစ်ဦး၊ မန္တလေးတိုင်းရှိ ထွေအုပ်ဝန်ထမ်းများ အပါအဝင် ဒေသအနှံ့အပြားရှိ ထွေအုပ်ဝန်ထမ်းများ ပူးပေါင်း ပါဝင်လာကြသည်။ 

CDM တွင် ပါဝင်သောကြောင့် ထွေအုပ်ဌာနမှ အချို့မှာ တာဝန်ရပ်ဆိုင်းခံရပြီး  တချို့မှာ တိမ်း‌ရှောင်နေရသည်။ 

ကရင်ပြည်နယ်၊ ခရိုင်ထွေအုပ်ဝန်ထမ်း ဦးကျော်ကျော်ထက်က “အခုက ပါတီနိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ထမ်း သစ္စာအဓိဋ္ဌာန်အရ အခုလို CDM လုပ်ငန်းမှာ ဝင်ပါတာ”ဟု Myanmar Now ကို ပြောသည်။

CDM တွင် ပါဝင်သဖြင့် ဖေဖော်ဝါရီ ၁၅ တွင် တာဝန်မှ ရပ်နားခံရသည့် ဦးကျော်ကျော်ထက် လတ်တလောတွင် တိမ်းရှောင်နေရသည်။

“နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သမ္မတက အဖမ်းခံနေရတဲ့အခါမှာ ကျွန်တော်တို့က သူ့ရဲ့ သစ္စာအဓိဋ္ဌာန်ကို စောင့်သိတဲ့အနေနဲ့ သမ္မတလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းနေတာဆိုတာ သက်သေပြနေတာ”ဟု ၎င်းက နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၁) ကို ပြောသည်။

  “နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သမ္မတက ပေးအပ်လာတဲ့ တာဝန်မှာပဲ ကျွန်တော်တို့က ဦးလှည်မသုန်  သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားပါမည်ဟု သစ္စာပြုထားတာ။ သမ္မတ မဟုတ်တဲ့ လူတစ်ယောက်က ပေးအပ်လာတဲ့ အမိန့်ပေါ်မှာ ဦးလှည်မသုန် သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံတော်ကို ပုန်ကန်တဲ့သူလို့ အဓိပ္ပာယ်ပေါက်သွားမယ်”ဟု နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ကို ကိုးကား၍ ၎င်းက ပြောသည်။

ထို့ကြောင့် ၎င်းသည် ဖာပွန်ခရိုင်တစ်ခုလုံး၌ CDM အတွင်းပါဝင်သည့် ပထမဆုံး ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်အချို့မှ ထွေအုပ်ဝန်ထမ်းအများအပြားသည် CDM တွင် ပါဝင်ကာ အာဏာသိမ်း စစ်ကောင်စီကို အန်တုရန် ကြိုးပမ်းနေကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CDM တွင် ပါဝင်သဖြင့် အရေးယူခံရသည့် ဝန်ထမ်းများကို ၎င်းတို့ အာဏာပြန်ရချိန်တွင် ဝန်ထမ်းများ၏ မူလတာဝန်များနှင့် ရာထူးများကို ဥပဒေပြဋ္ဌာန်း၍ အပြည့်အဝ ကာကွယ်ပေးမည်ဟု ဖေဖော်ဝါရီ ၁၁ က ကတိကဝတ်ပြုထားသည်။ 

ကော်မတီဝင် ဖြစ်သော ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “ဒီလှုပ်ရှားမှုကို နောက်ထပ် တစ်ပတ်၊ ၁၀ ရက်လောက် ဆက်ပြီးတော့ တောင့်ခံထားမယ်ဆိုရင် ကျွန်မတို့ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခု၊ အရွေ့တစ်ခုကို တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ဆက်ပြီးတော့ တောင့်ခံထားပေးကြပါ”ဟု တိုက်တွန်းထားသည်။ 

အစိုးရအဆက်ဆက်တွင် တပ်မတော်က တိုက်ရိုက်ခန့်အပ်သူသာ စီမံအုပ်ချုပ်ခွင့်ရရှိခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးယန္တရားတွင် အဓိက ကျပြီး လက်ရှိတွင် အရပ်သားအစိုးရ လက်အောက် တိုက်ရိုက်အုပ်ချုပ်ရသည့် ဌာန ဖြစ်လာခဲ့သည်။ 

ထို့သို့ အလုပ်ရပ်နားခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိနေသော်လည်း အာဏာရှင် ပြုတ်မကျမချင်း ကြံ့ကြံ့ခံ၍ ယုံကြည်မှုအပြည်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလုပ်နားခံရသည့် ထွေအုပ်ဝန်ထမ်းများက ပြောသည်။

အချို့ကလည်း စစ်ကောင်စီ လက်အောက်တွင် တာဝန် မထမ်းဆောင်လိုဟုဆိုကာ နုတ်ထွက်ကြသည်။ 

အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်စသည့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။

ဖေဖော်ဝါရီ ၆ မှစ၍ အာဏာဖီဆန်ရေး ရုံးမတက်နဲ့ ရုန်းထွက် လှုပ်ရှားမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြင့်နေပြီး ဆန္ဒပြသူများသည်လည်း CDM လှုပ်ရှားမှုဘက်သို့ ပြောင်းလဲလာနေသည်။ 

 

Show More

Related Articles

Back to top button