စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသီးသီးတွင် တပ်မိသားစုဝင်များကို အလုပ်ခန့်ရန် စစ်ကောင်စီ စီစဉ်နေသည်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ မှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က ယခုလ ၉ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပေးပို့သည့် ရုံးစာတစ်စောင်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်း၊တပ်ဖွဲ့ဝင်များရှိ မှီခိုသူများ အလုပ်အကိုင်ရရှိရေး ကူညီပေးရန် သက်ဆိုင်ရာ စီမံ အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားသည်။
မုံရွာ၊ အရာတော်၊ စစ်ကိုင်း၊ ရွှေဘို၊ ပခုက္ကူ၊ ကျီကုန်း၊ ဟုမ္မလင်းတပ်နယ်များမှ ထွေအုပ်ဌာန အလုပ်အကိုင်အတွက် လျှောက်ထားသူ ကျား ၁၃၊ မ ၄၈ စုစုပေါင်း ၆၁ ဦးရှိကြောင်း၊ အသက် ၃၅ နှစ်မှ ၁၇ နှစ်အရွယ်အတွင်းရှိကြောင်း၊ အရာခံဗိုလ်မှ တပ်သားအဆင့်ရှိ စစ်သားများ၏ ဇနီး၊ သားသမီးနှင့် ညီညီမမှစ၍ တူတူမများအထိ ပါဝင်သည်ကို တွေ့ရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် စပ်ဆက်သော နေရာများတွင် စစ်ဆင်ရေး လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီလက်ချက်ဖြင့် ကျေးရွာများ မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်း တွင် အများဆုံးဖြစ်သည်။ ထို့အတူ စစ်ကိုင်းတိုင်းအတွင်း ရရာလက်နက်ဖြင့် ခုခံနေသူများကို စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်နေရသည်။
ထိုအခြေအနေတွင် စစ်ကိုင်းတိုင်းအတွင်း၌ ဒေသန္တရဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများ၌ အလွန်အရေးပါ သည့် ထွေအုပ်ဌာနများတွင် တပ်မိသားစုဝင်များကို အလုံးအရင်းဖြင့် ခန့်အပ်ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို စစ်အာဏာရှင်များက ၎င်းတို့ တိုက်ရိုက်စီမံခန့်ခွဲနိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ထားရှိကာ အပြည့်အဝ ထိန်းချုပ်ထားသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အရပ်သားအစိုးရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) လက်ထက်တွင် ထွေအုပ်ဌာန၏ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနက စီမံခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ၊ စစ်တပ်က တကျောပြန် အာဏာသိမ်းပြီးနောက်တွင် ပြည်ထဲရေးအောက်သို့ ပြန်ရွှေ့ထားသည်။
စစ်ကောင်စီ လက်ထက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လွှတ်တော်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ တပ်ဘက်မှ အများဆုံး ပြောင်းရွှေ့လာကြကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်း ထံမှ ကြားသိရသည်။
“စစ်ကောင်စီက ရွေးကောက်ပွဲကို အဓိက ဦးစားပေးလုပ်နေတာ။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဌာနတွေကို စစ်တပ်ကသူတွေ အများဆုံးပြောင်းရွှေ့နေတာတော့ တွေ့ရတယ်”ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ လုံခြုံရေးအရ နာမည်မဖော်လိုသည့် ညွှန်ကြားရေးမှူးအဆင့် အမျိုးသားက ပြောသည်။
မိုးကျရွှေကိုယ်များထဲတွင် ဗိုလ်မှူးကြီးအဆင့်ကို ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်ကို ဒုတိယ ညွှန်ကြားရေးမှူးရာထူးများ ပေးလေ့ရှိကြောင်း၊ အာဏာရှင်ဟောင်း ဦးသန်းရွှေခတ်တွင် အရပ်ဘက် ပြောင်းသည့် ဗိုလ်ကြီးအဆင့်များမှာ ဦးစီးအရာရှိ ရာထူးသာရလေ့ရှိသော်လည်း စစ်ကောင်စီကမူ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်အထိပင် ပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဌာနတွေမှာ မိုးကျရွှေကိုယ်တွေလည်းရောက်တယ်။ စစ်တပ်က မိသားစုဝင်တွေလည်းရောက်တယ်။ ဌာနအကြီးအကဲရဲ့ ဆွေမျိုးတွေ ဝန်ထမ်းတွေရဲ့ အမျိုးတွေလည်း ရောက်တာပဲ။ ရာထူးတွေတော့ မတူကြ ဘူးပေါ့။ ရာထူးကြီးတဲ့သူရဲ့ အကန့်နဲ့ဆိုရင် နေရာကောင်းရတာပေါ့ဗျ”ဟု အထက်ပါ သတင်းရင်းမြစ် ကဆိုသည်။
နေပြည်တော်ရှိ ဌာနတစ်ခု၏ ဦးစီးအရာရှိတစ်ဦး၏ အဆိုအရ စစ်ကောင်စီလက်ထက်တွင် စစ်ဘက်မှ အရပ်ဘက်သို့ အပြီးပြောင်းရွှေ့သူများရှိသလို တွဲဖက်ဟူသော သတ်မှတ်ချက်ဖြင့် အရပ်ဘက်၊ စစ်ဘက် ပူးတွဲတာဝန်ယူထားသူများလည်းရှိနေကြောင်း သိရသည်။
“အရပ်ဘက်ရော၊ တပ်ထဲရော ပြောင်းချင်တဲ့ဘက် အချိန်မရွေး ပြောင်းလို့ရအောင် တွဲဖက်ဆိုပြီး စကစ (စစ်ကောင်စီ) အစိုးရအဖွဲ့ရုံးမှာ ထားပေးထားတာ။ ရာထူးကြီးကြီးနဲ့ ပြောင်းရွှေ့လာတဲ့ လူကြီးတွေက သူ့လူယုံတွေကို ခေါ်လာတဲ့သဘောပေါ့ ”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက အစိုးရဝန်ထမ်းများကို အသက် ၆၂နှစ် ပြည့်ချိန်မှ သက်ပြည့်ပင်စင်ယူခွင့် ပြုမည်ဟု ပြင်ဆင်သတ်မှတ်ထားချိန်တွင် တပ်ဘက်မှ အရပ်ဘက်ဌာနအသီးသီးသို့ အရာရှိများအဖြစ် ရောက်လာ၍ အရပ်သားဝန်ထမ်းများ ရာထူးတက်လမ်း မျှော်လင့်ချက်မရှိသဖြင့် စိတ်ဓာတ်ကျနေရ ကြောင်း ဝန်ထမ်း လုပ်သက် ၂၀ နှစ်ကျော်ရှိသည့် အထက်ပါ ဦးစီးအရာရှိထံမှသိရသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း အစိုးရ ဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ကြသဖြင့် စစ်ကောင်စီ အကျပ်ရိုက်ခဲ့ရသည်ကို ကျန်းမာရေးကဏ္ဍတွင် ထင်ရှားစွာ တွေ့ခဲ့ရသည်။ စစ်ဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြု ၂၀၀ နီးပါးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် အရပ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုဘက်သို့ ယခုနှစ်ဆန်းတွင် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခဲ့သည်။
အာဏာသိမ်းပြီးနောက်တွင် မိုးကျရွှေကိုယ်ဟု အများက ခေါ်ကြသည့် စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ထမ်းဆောင်သူများမှာ ထွေအုပ်နှင့် ကျန်းမာရေးဌာနများတွင်သာမကဘဲ အခြားဝန်ကြီး ဌာနများသို့လည်း အလုံးအရင်းဖြင့် ရောက်လာသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီလက်ထက် တပ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသည့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ အတည်မပြုနိုင်သေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)