သတင်း

ဦးနေဝင်းမြေးပိုင် YBSကုမ္ပဏီ၏ လခစားယာဉ်မောင်းအချို့ စနစ်အပြောင်းမှာ လျော်ကြေးရလို

ကော်မရှင်စားစနစ်ဖြင့် ယာဉ်မောင်းသည့်စနစ်သို့ ပြောင်းလဲမလုပ်ကိုင်လိုသဖြင့် အင်အားကြီး YBS ကုမ္ပဏီကြီးတစ်ခု၏ ယာဉ်မောင်းထက်ဝက်နီးပါးက ၎င်းတို့၏လုပ်သက်ပေါ်အခြေခံကာ လျော်ကြေးအဖြစ် ကျပ်ခြောက်သိန်းဝန်းကျင် တောင်းဆိုရာမှ ကုမ္ပဏီနှင့်အငြင်းပွားမှုဖြစ်ပေါ်နေပြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန၏ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးသို့ ရောက်သွားခဲ့သည်။

လခစား ယာဉ်မောင်းစနစ်ကို ရပ်စဲကြောင်း ကုမ္ပဏီက ဧပြီလဆန်းပိုင်းတွင် ကြေညာခဲ့ပြီးနောက်တွင် ဦးကျော်နေဝင်း၏ ဘက်စုံမြင်ကွင်း (Omni Focus) ဘတ်စ်ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်း ကိုးလိုင်းမှ ဘတ်စ်များတွင်မောင်းနှင်သည့် ယာဉ်မောင်း ၃၀၀ ကျော်အနက် ၁၃၄ ဦးသည် ကော်မရှင်စားစနစ်ဖြင့် မမောင်းနှင်လိုတော့သဖြင့် အပြီးတိုင် အလုပ်ထွက်လိုနေကြခြင်းဖြစ်သည်။

ကော်မရှင်စားမောင်းရမည့်စနစ်တွင် နေ့စဉ်ယာဉ်စီးခရငွေထဲမှ ဆီဖိုးနုတ်ပြီး ကျန်သည့်ငွေကို ကုမ္ပဏီနှင့်ယာဉ်မောင်း ၆၅-၃၅ ရာခိုင်နှုန်းအချိုးဖြင့်ခွဲယူမည်ဖြစ်၍ ခရီးသည်မရှိပါက ဆီဖိုးပင်ပြန်စိုက် ပေးရမည့် အခြေအနေဖြစ်ကြောင်း၊ ကိုယ့်အတွက်ကျန်စေရန် မထသခေတ်ကလို လုမောင်းရမည့် အခြေအနေဖြစ်ကြောင်း မပြောင်းလဲလိုသည့် Omni Focus ယာဉ်မောင်းများကဆိုသည်။

“ရာခိုင်နှုန်းနဲ့ဆိုရင် စည်းမဲ့ကမ်းမဲ့လည်းမောင်းရမယ်။ အန္တရာယ်လည်းများတယ်။ ဘာလို့လဲဆိုတော့ (ခရီးသည်) ရှာနိုင်မှ ကျွန်တော်တို့က ပိုက်ဆံရမှာဖြစ်တဲ့အတွက် အဲ့ဒါကို စိတ်မဝင်စားလို့ကို ဒီမှာ လခစားအဖြစ် ဝင်လုပ်ခဲ့တာ” ဟု လုပ်သက်တစ်နှစ်ခွဲရှိ YBS ၉၉ ယာဉ်မောင်း ဦးစိန်ဟန်ကပြောသည်။

ဘက်စုံမြင်ကွင်း (Omni Focus) သည် ၎င်း၏ YBS ယာဉ်မောင်းဝန်ထမ်းများကို လစာနှင့်အချိန်ပိုကြေး စနစ်ဖြင့် ပေးချေသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည်။ ကျန်ကုမ္ပဏီများမှာတော့ အခြေခံလစာနှင့် ခေါက်ကြေးစနစ်ကို အများဆုံးကျင့်သုံးပြီး တစ်ဦးချင်းပိုင်ယာဉ်များကတော့ ယခင်စနစ်အတိုင်း အုံနာကြေးနှင့် ဆီဖိုးနုတ်ပြီး ပိုငွေကို ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ခွဲယူကြခြင်းဖြစ်သည်။

ယခု Omni Focus ယာဉ်မောင်း ၁၃၄ ဦးအနေဖြင့် ၎င်းတို့ရရှိနေသည့် အခြေခံလစာနှင့် လုပ်သက်ပေါ်မူတည်ကာ လျော်ကြေး ခြောက်သိန်းခန့် တောင်းဆိုနေခြင်းဖြစ်ပြီး တိုင်ကြားသည့် ယာဉ်မောင်းများသည် လုပ်သက် တစ်နှစ်ကျော်မှ လုပ်သက် ၂ နှစ်ခွဲအထိ ပါဝင်သည်ဟု ဦးဆောင်တိုင်ကြားသူများကဆိုသည်။

လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် Omni Focus ကုမ္ပဏီနှင့် YBS ယာဉ်မောင်းတို့ တွေ့ဆုံကာ ညှိနှိုင်းကြခြင်းဖြစ်သော်လည်း ကုမ္ပဏီဘက်က အဆုံးအဖြတ်ပေးနိုင်သူ မလာခဲ့သဖြင့် ဧပြီ ၂၇ သို့ ပြန်လည် ချိန်းဆိုခဲ့သည်။

ယာဉ်မောင်းများကို လခစားအဖြစ်မှ ရက်အကန့်အသတ်မရှိ ရပ်နားရခြင်းသည် ဝန်ထမ်းအဖြစ်မှ အပြီးတိုင်ထုတ်ပယ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ကျန်းမာရေးကို အာမခံမှုမပေးနိုင်ခြင်း၊ ကိုဗစ်နိုင်တင်းကြောင့် ခရီးသွားလျော့နည်းခဲ့သဖြင့် ကုမ္ပဏီဝင်ငွေလျော့လာခြင်းတို့ကြောင့်ဟု Omni Focus ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြီးခဲ့သည့်သီတင်းပတ်တွင် Myanmar Now ကိုပြောထားသည်။

“သုံးလနဲ့ သုံးလအောက်ကိုတော့ ကျွန်တော်တို့က ထုတ်ပယ်တယ်။ သုံးလနဲ့အထက်ကိုတော့ သူတို့က နစ်နာကြေးအတွက် ခံစားခွင့်ရှိသွားပြီ။ အဲ့ဒီဟာကျတော့ ကျွန်တော်တို့က အခြေခံလစာနဲ့ တွက်ချက်ပြီးတော့ နစ်နာကြေး ပြန်ပေးမှာ။ လျော်ကြေးလည်းမဟုတ်ဘူး ထုတ်တယ်ဆိုရင်တော့ လျော်ကြေးပေးရမှာ” ဟု ၎င်းက ဧပြီလဆန်းတွင် ပြောသည်။

ဦးထွန်းတောက်ဝင်းဆိုသည့် “နစ်နာကြေး” မှာ အစိုးရသတ်မှတ်ထားသည့် အလုပ်သမားတစ်ဦး၏ အခြေခံလစာ တစ်သိန်းခွဲကျပ်နှင့် နို့တစ်ကြေး ငါးသောင်း နှစ်ခုပေါင်းပြီး ယာဉ်မောင်းတစ်ဦး ကျပ် နှစ်သိန်းနှုန်း ပေးအပ်သွားမည်ဟုဆိုခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားသည့် ယာဉ်မောင်း ၁၃၄ ဦးထဲတွင် မပါသည့် ကျန်သည့်ယာဉ်မောင်းများကမူ ကော်မရှင်စားစနစ်ကိုလက်ခံပြီး Omni Focus ယာဉ်လိုင်းများတွင် ဆက်လက်လုပ်ကိုင်ကြသည်။

လခစားအဖြစ်မှ ရပ်နားခံခဲ့ရပြီး ဥပဒေနှင့်အညီ လျော်ကြေးမရသဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နှင့် မြန်မာနိုင်ငံအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်(CTUM) အပါအဝင် အဖွဲ့အစည်း ၁၀ ခုထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ယင်းယာဉ်မောင်း ၁၃၄ ဦးကဆိုသည်။

ယာဉ်မောင်းများ၏ တိုင်ကြားချက်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကို Myanmar Now က ဆက်သွယ်ရာ YRTA ကိုသာ ဆက်သွယ်မေးမြန်းပါဟု ဆိုကာ ဖုန်းချသွားသည်။

YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကမူ “အဲ့ဒီလုပ်သားတွေကို ခန့်အပ်တယ် ဖြုတ်တယ်ဆိုတာက သူတို့ကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့ သူတို့ရဲ့ ဝန်ထမ်းစည်းမျဉ်းတို့ဘာတို့နဲ့ ခန့်အပ်တာပါ” ဟုသာ ပြောသည်။

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးကတော့ ယခုကိစ္စ လာရောက်တိုင်ကြားပါက အဖြစ်မှန်ကို စုံစမ်းပြီး ကနဦးညှိနှိုင်းကာ မရပါက ဉပဒေအရ ဆောင်ရွက်သွားမည်ဟုဆိုသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

YBS စနစ်တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆၀၀၀ ကျော် ရှိပြီး ၂၀၁၉ မေလအထိ YRTA ၏ စာရင်းအရ ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ ၈ ဖွဲ့ရှိသည်။ ယာဉ်အမှတ် ၁ မှ ၁၀၁ အထိရှိပြီး ပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်း ၁၂၀ အထိရှိသည့်အနက် ကုမ္ပဏီပိုင်ကား ၂၅၀၀ ကျော်နှင့် ပုဂ္ဂလိကပိုင်ကား ၃၅၀၀ ကျော်ရှိသည်။

“Omni Focus ယာဉ်လိုင်းတွေ ရွေးပြီး စီးဖြစ်တယ်။ ဘာလို့လဲဆိုတော့ အများအားဖြင့် သူတို့က ပြိုင်ပြီးမမောင်းကြဘူး။ ၆ တို့ဆို မစီးရဲဘူး အရမ်းမောင်းလို့လေ ၆ ဆိုရင် ရှောင်ပြီးစီးတာများတယ်” ဟု တောင်ဒဂုံမှ လှိုင်သာယာသို့ သွားတိုင်း Omni Focus YBS ၉၉ စီးလေ့ရှိသည့် ခရီးသည် မပိုပိုကပြောသည်။

ဦးကျော်နေဝင်း၏ Omni Focus ကုမ္ပဏီသည် တည်ထောင်ချိန်တွင် တရုတ်နိုင်ငံထုတ် Foton ယာဉ်အစီးရေ ၅၀၀ ဝယ်ယူနိုင်ရန် ပြည်တွင်းပုဂ္ဂလိကဘဏ် ဧရာဝတီဘဏ်ထံမှ စုစုပေါင်း ကျပ် ၅၆ ဘီလျံကျော် ချေးယူခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်မဆပ်သည့်အတွက်ဟုဆိုကာ ဘဏ်က ယမန်နှစ် ဩဂုတ်လတွင် တရားစွဲဆိုခဲ့သည်။

Show More

Related Articles

Back to top button