သတင်း

သန်းခေါင်ယံအချိန် လက်နက်ကြီးထိမှန်၍ ပုဏ္ဏားကျွန်းတွင် လူသေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ရွာတွင် အလှူလုပ်ရန်ပြင်ဆင်နေသည့် လူများအနက် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတဦး ယနေ့ သေဆုံးသွားပြီး နေအိမ်တစ်လုံးမီးလောင်သွားသည်ဟု ပုဏ္ဏားကျွန်း အမျိုးသားလွှတ်တော်အမတ်က ပြောသည်။

ညဉ့်သန်းခေါင်ယံကျော် အချိန် မတ် ၁၉ နံနက် ၁ နာရီခန့်က ကုလားတန်မြစ်ထဲမှ ရွာတွင်းသို့ လက်နက်ကြီး လှမ်းပစ်မှုကြောင့် အသက် ၂၇ နှစ်အရွယ် မအေးမြစိုးမှာ နောက်ကျောတွင် လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးသွားသည်ဟု မဲဆန္ဒနယ်အမှတ် (၃)၊ လွှတ်တော်အမတ် ဦးခင်မောင်လတ်က Myanmar Now ကိုပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်တွေ မိုးရွာသလိုကိုပစ်တာ” ဟု လက်မဆိတ်ရွာသားများကို ကိုးကားပြီး ဦးခင်မောင်လတ်က ပြောသည်။

မည်သူ့တွင်တာဝန်ရှိကြောင်းကို Myanmar Now အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

သေဆုံးသူ မအေးမြစိုးသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ရှင်ပြုပွဲကျင်းပရန်အတွက် ရွာသို့ခေတ္တပြန်ရောက်နေသူဖြစ်သည်ဟု ရွာခံ ဦးထွန်းလှစိန်က ပြောသည်။

ထို့အပြင် မောင်ရင်လောင်းတစ်ဦး၏ ယာဘက်ခြေထောက်တွင်လည်း လက်နက်ကြီးကျည်စ ထိမှန်သည့် ဒဏ်ရာရရှိသွားပြီး မစိုးရိမ်ရကြောင်း မအေးမြစိုး၏ အဖေ ဦးကျော်ငြိမ်းက ပြောသည်။

“အလှူလုပ်တဲ့ စာသင်ကျောင်းအနီးမှာကျွန်တော့်သမီးကရှိနေတာ လူတွေလည်း အများကြီးရှိတယ် လက်နက်ကြီးကျတော့ လူအုပ်စုအစွန်မှာရှိနေတဲ့ သမီးကိုထိတာပဲ” ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ယခင်က ရွာအနီး တပ်မတော်စစ်ရေယာဉ်များ မကြာခဏဖြတ်သန်းသွားလေ့ရှိသည်ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ရှင်ပြုပွဲအတွက် နယ်ကလူတွေလည်း ရောက်နေကြတော့ လူတွေကများတယ်၊ အဲဒီအချိန်မှာ မီးရောင်တွေတွေ့လို့ ပစ်တယ်လို့ ကျွန်တော်တို့က ထင်တယ်” ဟု ဦးထွန်းလှစိန်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျွဲ၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့သလို လူနေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားသည်ဟု ၎င်းက ဆိုသည်။ ပစ်ခတ်မှုများပြီးဆုံးပြီးနောက် နာရီဝက်ခန့်အကြာတွင် မအေးမြစိုး၏ အလောင်းကို ရွာအနီးတွင်ပင် မြေမြှုပ် သင်္ဂြိုဟ်လိုက်သည်ဟု ရွာခံများက Myanmar Now ကိုပြောသည်။

လက်မဆိတ်ရွာသည် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင်ရှိပြီး အိမ်ခြေ ၁၄၀ နှင့် လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်။

ရက္ခိုင့်တပ်တော် AA၏ ပြောခွင့်ရအရာရှိ ခိုင်သုခကတော့ လက်မဆိတ်ရွာအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟုဆိုသည်။

ပစ်ခတ်မှုများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါ ဖြစ်စဉ်ကို “မသိသေးပါ” ဟု ပြန်လည်ဖြေကြားသည်။

ကျန်ခဲ့သည့် မတ် ၁၄၊ ၁၅ ရက်များကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း ဒေသခံ ၂၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button