သတင်း

ဆားလင်းကြီးတွင် စစ်တပ် စစ်ကြောင်းထိုးနေ၊ ဒေသခံ ၆ ဦး ပစ်သတ်ခံရပြီး PDF တစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က အမျိုးသား ၅ ဦးနှင့် လမ်းသွားလမ်းလာ တစ်ဦးကို ပစ်သတ်ခဲ့ရာ ဒေသခံများ တွေ့ရှိထားသည့် ရုပ်အလောင်းများအရ အသတ်ခံရသူတစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်ဖြစ်သည်ဟု သိရသည်။

အင်အား ၁၅၀ ရှိ စစ်ကြောင်းသည် ယမန်နေ့ (ဧပြီ ၂၅) တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမှနေ၍ ချင်းတွင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကူးကာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပစ်သတ်ခံရသူများအနက် ငါးဦးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်ကာ အသက် ၂၀ နှင့် ၃၀ ကြားရှိ လူငယ်များဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မုံရွာခရိုင် PDF တပ်ရင်းထံမှ သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိ မကျည်းတန်းရွာနှင့် ဖောင်းကတာရွာအကြား ယာခင်းတစ်ခုတွင် အနီးကပ် ပစ်သတ်ခံထားရသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့က တွေ့ရှိပြီးနောက် ယနေ့တွင် ဆားလင်းကြီးမြို့မှ နှစ်မိုင်ခန့်အကွာ ရေခါးရွာမြောက်ဘက်၌ နောက်ထပ် ရုပ်အလောင်းနှစ်ခု တွေ့ရှိခဲ့သည်။

အခြားအသတ်ခံရသူတစ်ဦးမှာ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပေါ်ရှိ ရွှေလှေနှင့် တုံရွာအကြား ဆိုင်ကယ်ဖြင့် သွားလာနေသူဖြစ်ကာ မည်သူမည်ဝါဟု မသိရသေးပေ။

ယမန်နေ့က တွေ့သည့် ရုပ်အလောင်း ၃ လောင်းအနက် တစ်ဦးမှာ မုံရွာခရိုင် PDF တပ်ရင်းမှ အသက် ၂၁ အရွယ် ကိုသက်နိုင်ထွန်း (ခ) ကိုဖက်တီး ဆိုသူဖြစ်ကြောင်း ထိုတပ်ရင်းထံမှ သိရသည်။

၎င်းမှာ ပြီးခဲ့သည့် မတ် ၁၂ ရက်ကတည်းက မုံရွာမြို့အဝင်၌ ဖမ်းဆီးခံထားရသူဖြစ်ကြောင်း၊ စစ်ကြောရေးတွင် ဆက်တိုက်စစ်ဆေးခံရပြီးနောက် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ခံရသူဖြစ်ကာ ဦးခေါင်းနှင့် ရင်ညွန့်တွင် အနီးကပ်ပစ်သတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း PDF တပ်ရင်းမှူးဖြစ်သူ ဗိုလ်သံမဏိဆိုသူက ပြောသည်။

“ဆားလင်းကြီးနဲ့ မန်ကျည်းတန်းရွာအကြားမှာ ပစ်သတ်ခံရတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်အဖွဲ့အစည်းကလဲဆိုတာ ဖော်လို့မရဘူး။ ပိုင်ရှင်မပေါ်တဲ့အခါကျတော့ အဲ့ဒီဘက်တင်ပဲ မီးသင်္ဂြိုဟ်လိုက်တာပေါ့”

ယနေ့ ထပ်မံတွေ့ရှိရသည့် ရုပ်အလောင်းနှစ်ခုအနက် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားမှာ အနီးကပ် သေနတ်ဒဏ်ရာအပြင် လည်ပင်းကို ဓားဖြင့် လှီးဖြတ်ခံထားရကြောင်း၊ ၂၀ အရွယ် အမျိုးသားကိုမူ မျက်နှာကို အနီးကပ်ပစ်သတ်ထားခြင်းဖြစ်ကြောင်း အလောင်းကောက်ယူရာမှာ ပါဝင်ခဲ့သည့် ဆားလင်းကြီးဒေသခံတစ်ဦးက ပြောသည်။ 

“ရေခါးမြောက်နား တစ်မိုင်ခွဲလောက်မှာ အလောင်းနှစ်လောင်း ထပ်တွေ့တာ။ ခုမနက်မှ တွေ့တာ ယာခင်းထဲမှာ။ ဒဏ်ရာဒဏ်ချက်ကတော့ မနေ့ကလို တေ့ပစ်သွားတာ။ လည်ပင်းလှီးသွားတာ”

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်လာဆောင်လာသူများအပြင် ဖြတ်သန်းသွားလာသူတစ်ဦးကို ပစ်သတ်ကာ အလောင်းစွန့်ပစ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ မည်သည့်တပ်ရင်းတပ်ဖွဲ့ဖြစ်သည်ဟု မသိရပေ။

ထို့အတူ သတ်ဖြတ်ခံရသူများအနက် PDF အဖွဲ့မှလွဲ၍ ကျန်ငါးဦးနှင့် ပတ်သက်၍လည်း မသိရပေ။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ဆားလင်းကြီးမြို့ပေါ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။ 

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် တစ်နိုင်ငံလုံးမှ မြို့နယ်ပေါင်း ၄၀ အနက် ဆားလင်းကြီးမြို့နယ်လည်း ပါဝင်ပြီး တော်လှန်ရေးအဖွဲ့များရှိနေသည့် ထိုဒေသကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးနေသည်။

ထိုမြို့နယ်အတွင်းရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်တွင် တော်လှန်ရေးအဖွဲ့များ မလှုပ်ရှားနိုင်စေရန် မကြာခဏ စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။

လက်ရှိတွင် ထိုစစ်ကြောင်းရန်ကြောင့် ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပေါ်ရှိ  ရေခါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်ရွာများ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဓားစာခံ ၅ ဦး၏ ရုပ်အလောင်းများနှင့် လမ်းသွားလမ်းလာတစ်ဦးတို့၏  ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

Show More

Related Articles

Back to top button