ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦး ယခုလ ၂၂ ရက်က ဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးရောက်ရှိနေသည်ဟု ခရမ်း PDF ခေါင်းဆောင်က ပြောသည်။
မရမ်းကုန်းနှင့် သာကေတမြို့နယ်တို့တွင် ၃ ဦးစီ လက်နက်နှင့်အတူ အဖမ်းခံရခြင်းဖြစ်သည်ဟု ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ယနေ့ (ဧပြီ ၂၄) ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရနှောင်၊ မှေးကြီး၊ ဗိုလ်ကလေး၊ သာလိကာ၊ စာကလေး၊ DK ဆိုသူတို့ဖြစ်ကာ ၎င်းတို့ကို စစ်ကောင်စီက ခရမ်းမြို့ပေါ်၌လည်းကောင်း၊ လှိုင်သာယာမြို့နယ်တွင်လည်းကောင်း သုံးဦးစီ ခွဲကာ စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။
“ပစ္စည်း (လက်နက်) တွေ ပါသွားတယ်” ဟု ကိုမီးပွားက ဆိုသော်လည်း သိမ်းဆည်းခံရသည့် လက်နက်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ခရမ်းမြို့နယ် PDF က ၎င်းတို့တပ်ဖွဲ့ဝင် ၆ ဦး အဖမ်းခံရသည်ဆိုသော်လည်း ဧပြီ ၂၂ ရက်က ဖမ်းမိခဲ့သည်မှာ မရမ်းကုန်းမြို့နယ်၊ သမိုင်းမုဒိတာအိမ်ရာရှိ တိုက်ခန်းတစ်ခုမှ လူငယ် ၃ ဦး၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်ရှိ တိုက်ခန်းတစ်ခုမှ ၅ ဦး၊ စုစုပေါင်း ၈ ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
အဖမ်းခံထားရသည့် PDF အဖွဲ့ဝင်များ၏ ဖုန်းမှတစ်ဆင့် ဆက်စပ်သူများကို လိုက်လံဆက်သွယ်နေပြီး မိသားစုဝင်တချို့ ထပ်မံဖမ်းဆီးခံရသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ခရမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
မိသားစုဝင်များ အဖမ်းခံရခြင်း ရှိမရှိ အတည်မပြုနိုင်သေးပေ။
စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း အဖမ်းခံရသည့် တပ်ဖွဲ့ဝင် ၂၀ ကျော် ရှိပြီဖြစ်ကာ စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ရင်း သေဆုံးသူ ၄ ဦးရှိသည်ဟု ခရမ်း PDF ခေါင်းဆောင်ထံမှ သိရသည်။ ယခုလအတွင်း စစ်ကောင်စီပစ်မှတ်များကို ၇ ကြိမ် တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးသည်ဟုလည်း ဆိုသည်။
ခရမ်းမြို့နယ်အတွင်း ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ကို လေးရက်ကြာ ပိတ်ဆို့စစ်ဆေးကာ ဒေသခံ ၅၀ နီးပါ ကို ဖမ်းဆီးခဲ့သည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခဲ့သည်။ မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၅၃ စုလုံးတွင် ထိုသို့ပိတ်ခဲ့ခြင်းဖြစ်သည်။
ယခုလ ၂၀ ရက်မှစ၍ ဆိုင်ကယ်သာမက ကုန်ပစ္စည်းသယ်ဆောင်ရာ၌ အဓိကအားထားနေရသည့် ဘေးတွဲ (သုံးဘီးဆိုင်ကယ်) များကို စီးနင်းခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ရှိကာ ၈၀ ရာခိုင်နှုန်းမှာ ကျေးရွာများတွင် နေထိုင်ကြသည်။ ရန်ကုန်မြို့နှင့် ၄၂ မိုင်သာ ဝေးသော ခရမ်းမြို့သည် ပဲခူးတိုင်းနှင့်လည်း ထိစပ်နေပြီး အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး အများဆုံးနုတ်ထွက်ခဲ့ရာမြို့နယ်ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)