
ရန်ကုန်တိုင်းနှင့် ခရမ်းမြိုနယ်အတွင်းရှိ ကျေးရွာ ၆ ရွာထက်မနည်းကို စစ်တပ်က ဒီဇင်ဘာလကုန်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားသည်ဟု လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကိုင် အင်အား ၆၀ ကျော်က ခရမ်းမြို့နယ်ရှိ အိုးဝ၊ ကျီနီချောင်၊ ကံသာ၊ တကောစု၊ ငှက်ပျောတော၊ တကောကျေးရွာများကို စစ်ကား ၅ စီးဖြင့် ရောက်သွားပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်နက်ကိုင်များထဲတွင် ပြည်သူ့စစ် ခေါ် ပျူစောထီး တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။
အမျိုးသားတစ်ဦးကမူ ထိုစစ်ကြောင်းတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသည့် အရပ်ဝတ်များလည်း ပါဝင်ပြီး အင်အား ၁၀၀ နီးပါးရှိသည်ဟု ပြောသည်။
ပဲခူးတိုင်းနှင့် ကပ်လျက်ရှိသော ခရမ်းမြို့နယ်တွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စစ်ရေးပစ်မှတ် ၅ ခုထက်မနည်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က PDF များ ခိုလှုံနိုင်သည်ဟု ယူဆသည့် ကျေးရွာများကို ပစ်မှတ်ထား စီးနင်းခဲ့ခြင်းဖြစ်သည်။
ခရမ်းနှင့် သုံးခွမြို့နယ်တို့တွင် သံသယရှိသူများကို ဖမ်းလိုသည့် စစ်တပ်က ထိုစစ်ဆင်ရေးများနှင့် မသက်ဆိုင်သည့် သက်ကြီးရွယ်အိုများ၊ ၁၀ နှစ်အောက် ကလေးများကိုပါ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
“အဓိကကတော့ ပြန်ပေးဆွဲတဲ့ သဘောမျိုးလုပ်တာပေါ့။ မိဘတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှာကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ အခါမှာ အိမ်မှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးတာမျိုးအထိ လုပ်ဆောင်လာတယ်” ဟု ပြောသည်။
ထိုသူများကို ခရမ်းမြို့နယ် အားကစားရုံတွင် စစ်ဆေးနေသည်၊ ဖမ်းဆီးခံထားရသူများတွင် အသက် ၆၀ အထက် မည်မျှပါဝင်သည်၊ ၁၆ နှစ်အောက် မည်မျှပါဝင်သည်ကိုမူ မသိရသေးဟု ဆိုသည်။
အိမ်ထောင်စု ၂၃ စုမှ လူဦးရေ ၆၀ ကျော် တိမ်းရှောင်နေရသည်ဟုလည်း ခရမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြို့နယ်အတွင်း တိုက်ခိုက်မှုနှင့် ဖမ်းဆီးစစ်ဆေးမှုများ
နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များက ခရမ်းမြို့နယ် ရဲစခန်း၊ သုံးခွမြို့နယ် ရဲစခန်း၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၂ တွင် ဘုရားပျိုးကျေးရွာ မြသိန်းတန်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် တပ်ကို ဗုံးသီးတပ်ဒရုန်းအသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၃ တွင် ခရမ်းမြို့ ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို အလားတူ တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာ ၃၀ ည ၉ နာရီကျော်တွင် စစ်ကား ၂ စင်း ရောက်လာပြီး အသက် ၆၀ အရွယ် အမျိုးသမီးနှင့် သူ၏ ၁၆ နှစ်အရွယ်သမီးတို့ကို ဖမ်းသွားသည်။
ပြန်လည်လွတ်မြောက်လာသည့် အဆိုပါအမျိုးသမီးကြီးက လုံခြုံရေးကြောင့် ၎င်းတို့၏ အမည်များနှင့် ရွာအမည်ကို ပြောဆိုလိုခြင်းမရှိပါ။
သူတို့၏ မျက်နှာကို အဝတ်စည်းကာ ခရမ်းမြို့နယ် အားကစားရုံတွင် ဖွင့်ထားသော စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်၊ ခွဲခြား ချုပ်နှောင်ထားပြီး ၂ ရက်တိုင် ရိုက်နှက်စစ်ဆေးသည်၊ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ကုသမှု ခံယူနေရသည်ဟု ၎င်းက ပြောသည်။
“သူတို့က နင့်ယောကျ်ား ဘယ်မှာတုန်းဆိုပြီး မေးတယ်။ ကျွန်မက ထိုင်းမှာလို့ ဖြေတော့ ဒီအဘွားကြီးက လိမ်တယ်ဆိုပြီး သေနတ်တွေနဲ့ ခေါင်းကို ၃ ချက်ထုတာ ခေါင်းလဲ ကွဲသွားတယ်။ နောက်တစ်ခေါက် ပြန်လာတော့လည်း ဒီအဘွားကြီး မဖော်ဘူးလားဆိုပြီး ကျောကုန်းကို ရိုက်၊ ပေါင်တွေလည်း ရိုက်တယ်” ဟု ၎င်းက ပြောသည်။
ထို့နောက် မင်္ဂလာဒုံမြို့ နယ်ရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကာ ၆ ရက်ကြာ ထပ်မံ စစ်ဆေးပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ရွာအခြေအနေကတော့ အိမ်မှာရှိသမျှ ပစ္စည်းတွေလည်း အကုန်ယူသွားတယ်။ ဘာတစ်ခုမှ မထားခဲ့ဘူး၊ ကား ၂ စင်း ထိုးပြီးတော့ အကုန်သယ်သွားတယ်၊ အိမ်တွေကိုလည်း ဖွင့်ထားခဲ့တယ်၊ ရွာမှာလည်း လူမရှိတော့ဘူး၊ ကြောက်လို့ ပြေးကြတာပေါ့” ဟု ၎င်းက ပြောသည်။
အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ၎င်းကို လာရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ပြောသည်။
“ခု ရွာထဲမှာ အကုန်ပြေးကုန်ပြီ၊ ကျန်းမာရေး မကောင်းတဲ့သူနဲ့ လေဖြတ်နေတဲ့သူတွေလောက်ပဲ ကျန်တော့တယ်၊ ဘေးရွာတွေမှာ အိပ်၊ သူတို့ မရှိတဲ့ အချိန်မှ ရွာကို ပြန်လာရတာပေါ့” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့နှင့် မိုင် ၄၀ ကျော်ဝေးသည့် ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ ကျေးရွာများတွင် နေထိုင်ကြသည်။
တော်လှန်ရေးသမားများက ဆိုင်ကယ်ဖြင့် သွားလာပြီး တိုက်ခိုက်ခဲ့ဖူးသည့် ထိုဒေသတွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည်။
ဇန်နဝါရီ ၁၄ ကစပြီး ထိုမြို့နယ်တွင် နောက်တွဲတပ် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များကိုပါ စီးနင်းခွင့် ပိတ်ပင်လိုက်သည်။
ခရမ်းမြို့နယ်ရှိ အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြီးခဲ့သည့် လများအတွင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နှစ် ဧပြီလနှောင်းပိုင်းတွင် ခရမ်းမြို့နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးသမားဟု ယူဆရသူ ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ထိုသူများက ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွင် ဒလန်ဟု ယူဆရသူတို့ကို သတ်ဖြတ်မှု ၃ ခု၊ ရဲနှင့် စစ်တပ်ကို တိုက်ခိုက်မှု ၁၅ မှု ဆောင်ရွက်ထားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ရဲနှင့် စစ်တပ်ကင်းစခန်းများ၊ စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူများ ပစ်ခတ် တိုက်ခိုက်ခံရသည့်အခါ စစ်တပ်က ဒေသခံများကို ဖမ်းဆီး နှိပ်စက်လေ့ရှိသည်။