သတင်း

ခရမ်းမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ရာ စစ်သား၂ ဦး သေဆုံးခဲ့သည်ဟု ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့(PDF – Khayan) ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် တပ်စွဲထားသည့် သစ်တောစစ်ဆေးရေးဂိတ်ကို ၄၀ မမ ဗုံးသီးဖြင့် ယမန်နေ့ ည ၉ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခရမ်း PDF အဖွဲ့ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

“(စစ်သား) တွေစုတဲ့ နေရာတည့်တည့်ကို ကျတာပါ (PDF – Khayan) အဖွဲ့ကတော့ အထိအခိုက်မရှိ အောင်မြင်ခဲ့ပါတယ်” ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသည့်အပြင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ခရမ်းမြို့နယ်နှင့် မိုင် ၂၀ ခန့်ဝေးသည့် ရန်ကုန်မြို့တွင်လည်း ၂၄ နာရီအတွင်း စစ်ကောင်စီပစ်မှတ် ၃ ခု တိုက်ခိုက်ခံရကာ ၃ ဦး သေဆုံးခဲ့သည်။

ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက်က ထောက်ကြန့်မြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဇနီးတို့  မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ 

ရွှေနံ့သာအုပ်စု ပေါင်းကူးညဏရပ်ကွက် ဒေါ်ငိုတံတားထိပ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ ထိုလူလိုက်ပါသည့်ယာဉ်ကို ရပ်တန့်လိုက်စဉ် ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာသည့် အမျိုးသား ၆ ဦးက သေနတ်ဖြင့် ပစ်ခဲ့ခြင်းဟု Myanmar Now သတင်းရင်းမြစ်က ပြောသည်။

ဩလဂုတ် ၁ ညနေပိုင်းကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) ဇီဇဝါလမ်းနှင့် ဇီဇဝါ ၂ လမ်းထောင့်တွင် ၂၅ ရပ်ကွက် ရာအိမ်မှူး ဦးကျော်နိုင်(ခ) ချစ်တီး ပစ်ခတ်ခံခဲ့ရသည်။ ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးက သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ 

ဦးကျော်နိုင်၏ ရင်ဘတ်တွင် ကျည်ဆန် ရှပ်ထိဒဏ်ရာရခဲ့ပြီး တောင်ဒဂုံဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ထို့အတူ ဩဂုတ် ၁ ည ၉ နာရီခန့်က တွံတေးမြို့နယ်၊ ဘီခိုကျေးရွာတွင် စစ်တပ်၏ အမာခံသတင်းပေး (ဒလန်) ဟု စွပ်စွဲခံရသူ အသက် ၆၀ အရွယ် ဦးသိန်းဝင်း သေနတ်ဖြင့် ၆ ချက် ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ဇူလိုင် ၃၁၊ ၁၀ နာရီ ၃၇ မိနစ်တွင် တော်လှန်ရေးအဓိဋ္ဌာန်ပြုကြရန် နှိုးဆော်ခဲ့ကြသည့်ပွဲတွင် ပါဝင်သည်ဟု ဆိုကာ ဩဂုတ် ၁ က ရန်ကုန်တွင် ၁၀ ဦးခန့် ဖမ်းဆီးခံရသည်။

ထိုသို့စစ်တပ်က ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်နေသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြောက်ကျားအဖွဲ့များက စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။   

ဩဂုတ် ၁ ရက်က PDF ၁၀ ဦးခန့် ဖမ်းခံရသည်ဆိုသော မန္တလေးမြို့တွင်လည်း ယင်းညမှာပင် ဗုံးခွဲတိုက်ခိုက်ခံရမှု ၃ ခု ဖြစ်ပေါ်ခဲ့ပြီး ရာအိမ်မှူး ၁ ဦး၊ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရသွားသည်။

ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ၄၉ လမ်းနှင့် ၁၃၁ လမ်းထောင့်အနီး ရတနာလမ်းရှိ စစ်တပ်ထောက်ခံသူများ စုဝေးလေ့ရှိသည့် နေအိမ်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button