သတင်း

ပြောက်ကျားအဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် မန္တလေးတွင် ၃ နေရာ တိုက်ခိုက်ခံရ

မန္တလေးမြို့တွင် ယမန်နေ့ (ဩဂုတ် ၁) ညပိုင်း ဗုံးခွဲတိုက်ခိုက်ခံရမှု ၃ ခုတွင် ရာအိမ်မှူး ၁ ဦး၊ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဗုံးပစ်တိုက်ခိုက်ခံရသည့် နေရာများမှာ ည ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်တံတားအနီး ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊  ည ၉ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနှင့် လမ်း ၁၃၀ အနီးရှိ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ၄၉ လမ်းနှင့် ၁၃၁ လမ်းထောင့်အနီး ရတနာလမ်းရှိ စစ်တပ်ထောက်ခံသူများ စုဝေးလေ့ရှိသည့် နေအိမ်တစ်လုံးတို့ ဖြစ်သည်ဟု သိရသည်။

ချမ်းမြသာစည်တိုက်ခိုက်မှုတွင် ၄၅ နှစ်အရွယ် ရာအိမ်မှူး ဦးဝင်းဇော်၊ ကင်းစောင့်ကျနေသူ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါရပ်ကွက်၌ နေထိုင်သူများက ပြောသည်။

“အသံကတော့ အကျယ်ကြီးပဲ။ ထုပြေးတာလို့ ပြောတယ်။ လေးဦး ဒဏ်ရာရတာပေါ့။ (ဒဏ်ရာ) ပြင်းထန်တယ် ပြောတယ်၊ သေတော့မသေဘူး” ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆိုသည်။

ဒဏ်ရာရသူတို့ကို လူနာတင်ယာဉ်တစ်စီးဖြင့် တင်ဆောင်သွားကြောင်း၊ စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ကြကြောင်း ၎င်းက ပြောသည်။

“သူတို့က ဖြစ်ပြီဆို တန်းခေါ်သွားတာလေ။ ဒီမှာမထားဘူး။ လူနာတင်ယာဉ်နဲ့ပေါ့ ။ ညဘက်ဆိုတော့ ဘယ်နေရာ ထိခိုက်တာလဲ အသေးစိတ်မသိရဘူး။ ပစ်တော့ ရမ်းသန်းပစ်တာတွေ လုပ်တယ်” ဟု ဆိုသည်။ 

အဆိုပါရပ်ကွက်ရုံးသည် အာဏာသိမ်းအပြီးလအနည်းငယ်အကြာကတည်းက စစ်ကောင်စီတပ်သားတို့ တပ်စွဲနေထိုင်ခဲ့ပြီး ဦးပွားဂုံးကျော်တံတားဖြတ်သန်းသွားလာသည့် လမ်းသွားလမ်းလာများကို နေ့စဉ် စစ်ဆေးရှာဖွေကြသည်ဟု သိရသည်။

“သံဆူးကြိုးတွေ အရင်က ကာထားတယ်။ အင်အားအများအပြားနဲ့ တပ်စွဲတယ်။ စစ်တယ်။ ဆိုင်ကယ် ရပ်မပေးရင် ပစ်တာတွေ လုပ်တယ်။ အရင်က သူတို့ရမ်းပစ်လို့ လူလည်းသေဖူးတယ်။ အခုရက်ပိုင်းတော့ အဲဒီရုံးမှာ စစ်သားတွေ သိပ်မတွေ့ရဘူး။ အရပ်ဝတ်တွေနဲ့တော့ ၅ ဦးလောက် အမြဲကင်းစောင့်ကြတယ်” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

တစ်နာရီခန့်အကြာ ည ၉ နာရီခန့်တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်း နှစ်နေရာ တိုက်ခိုက်ခံရပြီး (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်ထောက်ခံသူများ စုဝေးသည်ဟု အမည်ထွက်နေသည့် နေအိမ်တစ်လုံးတို့ ဗုံးဖြင့် တစ်ပြိုင်နက် တိုက်ခိုက်ခံရသည်။ 

ယင်းဖြစ်စဉ်နှင့်များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိမှုအသေးစိတ်အခြေအနေတို့ကိုမူ မသိရှိရသေးပေ။

ချမ်းမြသာစည်တိုက်ခိုက်မှုမှာ No More Dictatorship ဟု အမည်ပေးထားသော မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့၏လုပ်ဆောင်ချက်ဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ ထုတ်ပြန်သည်။

“တစ်ဖွဲ့ကျရင် တစ်ဖွဲ့တက်မည်”  ကြွေးကြော်သံနှင့် ထုတ်ပြန်ခဲ့ကြခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း တိုက်ခိုက်မှုကိုမူ Justice Mandalay People Defense Force နှင့် မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုအဖွဲ့များက ယနေ့ ထုတ်ပြန်သည်။

မန္တလေးမြို့၊ ၇၃ လမ်း သိပ္ပံလမ်းတောင်ဘက်တွင် စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ စုစည်းပြီး ဟောပြောစည်းရုံးနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

မန္တလေးတွင် ဩဂုတ်လအစပိုင်း၌ပင်  ပြောက်ကျားတိုက်ခိုက်မှုအများအပြား ပေါ်ပေါက်နေပြီး စစ်ကောင်စီကလည်း အပြင်းအထန် ဖိနှိပ်နေသည်။

လက်နက်ကိုင် ခုခံမှုများမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဖမ်းအဆီးများ

ယမန်နေ့နံနက်က မန္တလေးတွင် ပြောက်ကျားတပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူငယ် ၁၀ ဦး တစ်ပြိုင်နက်တည်း ဖမ်းဆီးခံလိုက်ရကြောင်း၊ Myanmar Return Ranger Force (MRRF) အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်အောင်မြေလည်း ပါဝင်ကြောင်း သိရသည်။

နံနက်အစောတွင် အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်၊ ၈၆ လမ်းနှင့် ၈ လမ်းအနီးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်သား အင်အားအများအပြား စီးနင်းစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ဆိုသည်။

“ဘယ်သူတွေလဲတော့ အတိအကျမသိရသေးဘူး။ PDF လူငယ်တွေလို့ ပြောကြတယ်။ သတင်းပေးကြောင့် ဖမ်းခံရတာလို့လည်း ပြောတယ်။ ခေါင်းဆောင်တစ်ဦးလည်းပါတယ် လို့သိရတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် ဗိုလ်အောင်မြေသည် ဇူလိုင် ၂၂ စစ်ဆင်ရေးတစ်ခုတွင် ဖုန်းကျ ကျန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ထိုဖုန်းကို သုံးပြီး အဖွဲ့အစည်းဆိုင်ရာ Facebook စာမျက်နှာကို ထိန်းချုပ်ခဲ့သည့်အတွက် ဆက်စပ်နေသူများ သတိထားကြရန် မန္တလေးတော်လှန်ရေးအင်အားစုများက ထိုရက်အတွင်း သတိပေးထုတ်ပြန်ခဲ့သေးသည်။

ထိုအဖွဲ့သည် ယခင်က Myanmar Revolution Ranger Force အမည်ဖြင့် ဖွဲ့စည်း လှုပ်ရှားခဲ့ပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောအဖွဲ့ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ကလည်း မန္တလေးပြောက်ကျားခေါင်းဆောင်တစ်ဦး အဖမ်းခံရပြီးနောက် အဖွဲ့ဝင် သုံးဦး ဆက်စပ်အဖမ်းခံခဲ့ရကြောင်း ဒေသအခြေစိုက် PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်နက္ခတ်ထံမှ သိရသည်။

မန္တလေးမှ Dragon Warrior ဆိုသော အဖွဲ့ခေါင်းဆောင် အသက် ၂၇ နှစ်အရွယ် ဗိုလ်နဂါးလေး (ခေါ်) ကိုရှိုင်းထက်အောင်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ ရောက်ရှိစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့မှာပင် မန္တလေးရှိ DRM Rangers Mandalay မှ အဖွဲ့ဝင် ၅ ဦးထက်မနည်း အဖမ်းခံရသည်။ 

ခုခံအား များပြားသည့် မန္တလေးတွင် စစ်ကောင်စီကလည်း ၎င်းတို့ ခိုင်းစေနိုင်သူများထဲမှ တချို့ကို လက်နက် တပ်ဆင်ပေးနေသည်။

ဇူလိုင် ၃၀ တွင် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတချို့ကို စစ်ကောင်စီက လက်နက်နှင့် စစ်ယူနီဖောင်း ထုတ်ပေးခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button