သတင်း

ရန်ကုန်တွင် ၂၄ နာရီအတွင်း စစ်ကောင်စီပစ်မှတ် ၃ ခု တိုက်ခိုက်ခံရ၊ ၃ ဦးသေ

လူနေထူထပ်သည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် ၂၄ နာရီအတွင်း မြို့နယ်သုံးခု၌ ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ကောင်စီ၏ရပ်ကျေးအုပ်ချုပ်ရေး အာဏာပိုင်များအပါအဝင် ၃ ဦး သေဆုံးသွားသည်။

ယမန်နေ့ (ဩဂုတ် ၁) မွန်းလွဲ ၃ နာရီခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ည ၉နာရီတွင် တွံတေးမြို့နယ်၊ ယနေ့ နံနက် ၉ နာရီတွင် ထောက်ကြန့်မြို့နယ်တို့၌ ပစ်ခတ်မှုများ ပေါ်ပေါက်သည်။

ယနေ့ (ဩဂုတ် ၂ ရက်) နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်ခံရမှုတွင် သေဆုံးသူ ၂ ဦးရှိပြီး အသက် ၄၉ နှစ်အရွယ် ထောက်ကြန့်မြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဇနီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်ဟေမာလွင်ဖြစ်သည်။

အသက် ၁၃ နှစ်သားနှင့် ၁၂ နှစ် သမီးကို ကားဖြင့် ကျောင်းလိုက်ပို့စဉ် ထောက်ကြန့်မြို့နယ်၊ ရွှေနံ့သာအုပ်စု ပေါင်းကူးညဏရပ်ကွက် ဒေါ်ငိုတံတားထိပ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ ယာဉ်ကို ရပ်တန့်လိုက်စဉ် ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာသည့် အမျိုးသား ၆ ဦးက သေနတ်ဖြင့် ပစ်ခဲ့သည်ဟု Myanmar Now သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုအတွင်း ကလေး ၂ ဦး ထိခိုက်မှုမရှိဟု စုံစမ်းသိရှိရပြီး ထိုနေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ် ၁) ညနေပိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဇီဇဝါလမ်းနှင့် ဇီဇဝါ ၂ လမ်းထောင့်တွင် ပစ်ခတ်ခံရသူမှာ ၂၅ ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော်နိုင်(ခ) ချစ်တီးဖြစ်သည်။ ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးက သေနတ်ဖြင့် ၂ချက် ပစ်ခတ်ခဲ့သည်ဟု Myanmar Now သတင်းရင်းမြစ်က ဆိုသည်။

ဦးကျော်နိုင်၏ ရင်ညွန့်တွင် ကျည်ဆန် ရှပ်ထိဒဏ်ရာရခဲ့ပြီး တောင်ဒဂုံဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ ထိုပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ ၁၄ ဖွဲ့ ပူးပေါင်းထားသည့် Yangon UG Association (YUA) ထံမှ သိရသည်။

YUA ပြန်ကြားရေးတာဝန်ခံ၏ အဆိုအရ ဦးကျော်နိုင်မှာ ဇူလိုင်လ၌ တောင်ဒဂုံမြို့နယ်အတွင်း ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖြိုခွင်းရန်လာသည့် စစ်ကောင်စီတပ်၏ မော်တော်ကားကို မောင်းနှင်လာသူဖြစ်ကြောင်း၊ သူနှင့်အတူပါလာသူက သေနတ်ဖြင့် ပြန်လည်ခုခံရန် ကြိုးစားခဲ့ကြောင်း သိရသည်။

“စကစက လက်နက်တပ်ဆင်ပေးထားတဲ့သူပါ။… သုံးချက်မှန်ပြီး ပြန်မထတော့ဘူး။ အခုမှ မသေဘူး ကြားတာ၊ မသေဘူးဆိုရင် မဟုတ်တာ ထပ်မလုပ်နဲ့ပေါ့” ဟု YUA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တွံတေးမြို့နယ်၊ ဘီခိုကျေးရွာတွင် ယမန်နေ့ (ဩဂုတ် ၁) ည ၉ နာရီခန့်က သေနတ်ဖြင့် ၆ ချက် ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသူမှာ စစ်တပ်၏ အမာခံသတင်းပေး (ဒလန်) ဟု စွပ်စွဲခံရသည့် အသက် ၆၀ အရွယ် ဦးသိန်းဝင်း(ခ) ငပူးဖြစ်သည်။ 

“သူက ၂၀၂၁ ခုနှစ် စက်တင်ဘာလက သူ့တပည့် ကရင်ခေါင်းကျေးရွာက ဒလန်အုပ်ကြီး ချစ်ဝင်းဆိုသူကို ဆဲလို့ဆိုပြီး စစ်တပ်ကို ခေါ်ပြီး အပြစ်ပေးခိုင်းတာ ရွာသား ၂ ဦး ပစ်သတ်ခံခဲ့ရပါတယ်” ဟု ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် တွံတေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်မှုအပြီး နောက်တစ်ရက် (ဩဂုတ် ၂) နံနက်တွင် တွံတေးမြို့နယ် ဘီခိုကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ရောက်လာကာ စစ်ဆေးမှုများ လုပ်နေကြောင်း၊ ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ထိုသူ့ထံမှ သိရသည်။

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ်အတွင်း ဩဂုတ် ၂ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်း စီးနင်းလာသည့် မော်တော်ယာဉ်။ ဓာတ်ပုံ – ပေးပို့

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံမှုများ မြင့်တက်လာနေပြီး ရန်ကုန်ကဲ့သို့ မြို့ကြီး၌ပင် စစ်ကောင်စီပစ်မှတ်များ ဆက်တိုက် တိုက်ခိုက်ခံနေရသည်။

ရဲစခန်းများ၊ လုံခြုံရေးဘန်ကာများ၊ ကင်းပုန်းများ ပတ်လည်ဝိုင်းနေသည့် ရန်ကုန်မြို့လယ်ကောင်ရှိ မြို့တော်ခန်းမ အနောက်ဘက်ဂိတ်တွင်ပင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲ ၄ ဦး၊ စည်ပင်ဝန်ထမ်း ၂ ဦး ဒဏ်ရာရသည်။

ထို့အပြင် ဗိုလ်တထောင်မြို့နယ် ၄၂ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဇူလိုင် ၂၈ ရက်က ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုသန်းဝင်း ခေါ် ဘော်ဘီ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ကံကောင်းစွာဖြင့် ဒဏ်ရာသာရခဲ့သည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရန်ကုန်မြို့၌ပင် တိုက်ခိုက်မှုအကြိမ် ၂၀၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု ဩဂုတ် ၁ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button