အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲပြင်းထန်၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပလက်ဝမြို့နယ်၊ ဗွီဝုန်းရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း အဆိုပါရွာသားများက ဆိုသည်။

ယမန်နေ့ညနေ ၅ နာရီခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးရှိ AA အဖွဲ့ဝင်များရှိရာသို့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့်လာရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

AA ပြောခွင့်ရခိုင်သုခက မီးချောင်း(ချောင်း)အနီးတစ်ဝိုက်ကို တပ်မတော်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်ဘက်က ပစ်သည့်လက်နက်ကြီးကျည်များ ရွာအတွင်းကျရောက်ခြင်းဖြစ်ကြောင်း Myanmar Now ကိုပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို Myanmar Now ကဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မီးချောင်း(ချောင်း)အနီးရှိနေသည့် ဗွီဝုန်းကျေးရွာအတွင်းသို့ ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး အသက် ၃၀ နှစ်ခန့် ကိုအလုံးမှာ လက်နက်ကြီးကျည်စမှန်ပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့သူ ရွာသားဦးရဲထွန်းက ပြောသည်။

“လက်နက်ကြီးကျည်က တစ်ရွာလုံးနီးပါးကျတာ သေတဲ့သူက သူတို့အိမ်တွေပေါ်ကျတော့ ဘယ်လိုမှရှောင်လို့မရတော့ဘူး” ဟု ဦးရဲထွန်းက ပြောသည်။

ထို့အပြင် ဗွီဝုန်းရွာမှ အသက် ၂၅ နှစ်အရွယ် မဝင်းဝင်းဖြူနှင့် အသက် ၁၅ နှစ်အရွယ် မောင်ဇော်ဝင်းတို့မှာလည်း ခြေထောက်နှင့် ကျောကုန်းတို့တွင် လက်နက်ကြီးကျည်စထိမှန်သွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့နေ့လယ်အထိလည်း တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေဆဲဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးနှင့် ရွာသားအားလုံးနီးပါးမှာ နီးစပ်ရာရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြကာ အသက်အရွယ်ကြီးသူ ၁၅ ယောက်ခန့်သာကျန်ရှိတော့သည်ဟု ရွာအတွင်း၌ရှိနေသည့် ဦးရဲထွန်းက ဆိုသည်။

ဗွီဝုန်းရွာသည် ပလက်ဝနှင့် ကျောက်တော်အကြားတွင်ရှိပြီး အိမ်ခြေ ၄၃ အိမ်နှင့် လူဦးရေ ၁၅၀ ခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ရခိုင်စစ်ရှောင်အရေအတွက်မှာ ၁၂၀၀၀၀ ကျော်အထိရှိနေပြီး တိုက်ပွဲများအတွင်း သေဆုံးသည့် အရပ်သားအရေအတွက်မှာ ၁၃၀ ကျော်အထိရှိနေပြီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles