သတင်း

ဝူဟန်မြို့ရှိ မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမား ၆၀ ကို သံရုံးက ကူညီနေဟုပြော

ကိုရိုနာဗိုင်းရပ် စတင်ပျံ့နှံ့ခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမား ၆၀ ကို ငွေအပါအဝင် လုံခြုံသည့်နေစရာနေရာနှင့် နေ့စဉ်အစားအသောက်များ ရရှိနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း ပေကျင်းအခြေစိုက် မြန်မာသံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

“သံရုံးက ဝန်ထမ်းတစ်ဦးက ကူညီလိုက်တာပါ။ အစိုးရငွေနဲ့ မဟုတ်ဘူး။ စေတနာနဲ့ ကူညီတာပါ။ WeChat ကနေ လွှဲလို့ရနိုင်တဲ့ ပမာဏတစ်ခုကို ကူညီတာပါ” ဟု သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ WeChat မှာ တရုတ်နိုင်ငံတွင် လူသုံးအများဆုံး ဆက်သွယ်ရေးနှင့်ငွေပေးချေရေး မိုဘိုင်းအပလီကေးရှင်း ဖြစ်သည်။ ကူညီသည့် ငွေပမာဏကိုတော့ ထုတ်ဖော်မပြောပေ။

ဝူဟန်မြို့တွင်း၌ပင် တစ်နေရာနှင့် တစ်နေရာ သွားလာခွင့် ကန့်သတ်နေသည့် ကာလတွင် အစားအသောက် ပြတ်လပ်ကြောင်း မြန်မာအလုပ်သမား ၁၉ ဦးက သံရုံးသို့ ဆက်သွယ်လာ၍ ကနဦးငွေကြေးကူညီပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ တရုတ်ရဲများ ရှာဖွေတွေ့ရှိသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမားများနှင့် သံရုံးကို ဆက်သွယ်လာသူများ စုစုပေါင်း လူ ၆၀ ကို ရှိပြီဖြစ်ကြောင်း သံရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။

သံရုံးအနေဖြင့် ဝူဟန်မြို့ရှိ အာဏာပိုင်များနှင့် နိုင်ငံခြားသားများ စောင့်ရှောက်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ ၎င်းတို့ကို မိုတယ်တစ်ခုသို့ ပြောင်းရွှေ့ပေး၍ နေ့စဉ် နံနက်နှင့် ညတွင် ထမင်းဘူးများ ရရှိရန် စီစဉ်ပေးနိုင်ခဲ့ကြောင်း ပေကျင်းအခြေစိုက် မြန်မာ သံရုံးက ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

COVID 19 ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ပြီး ဝူဟန်မြို့မှ တခြားဒေသများသို့ ခရီးသွားလာခွင့် ပြန်လည် ခွင့်ပြုသည့် အချိန်ထိ ထို အလုပ်သမား ၆၀ သည် ဝူဟန်မြို့တွင်းမှာပင် နေထိုင်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရောဂါ စတင်ဖြစ်ပွားရာ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင်းမှာ မဟုတ်ဘဲ တရုတ်ပြည်နယ် အသီးသီးတွင် စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် အလုပ်သမားများ အပါအဝင် နေရပ်ပြန်ချင်သည့် တရားမဝင် အလုပ်သမားများကို ပေကျင်းရှိ မြန်မာသံရုံးက စာရင်းကောက်ယူ၍ ကားလမ်းကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနေသည်။

ယနေ့အထိ သံရုံးက ကောက်ယူရရှိသည့် နေရပ်ပြန်လိုသည့် အလုပ်သမားဦးရေ ၁,၅၀၀ ကျော် ရှိကြောင်း သံရုံးတာဝန်ရှိသူက ဆိုသည်။ ၎င်းတို့အနက် ပထမဦးစားပေးအနေဖြင့် ကိုယ်ဝန်ဆောင်များ၊ နာမကျန်းဖြစ်သူများပါဝင်သည့် အလုပ်သမား ၁၅၄ ဦးကို ကားလမ်းကြောင်းဖြင့် အာဏာပိုင်ရဲများ၊ ဆရာဝန်များက လိုက်ပါစောင့်ရှောက်ကာ ယခုလအတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ရောက်နိုင်ရန် ပို့ဆောင်ပြီး ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်အထိ ရရှိသည့်စာရင်းများအရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားသူပေါင်း ၉၅,၅၀၁ ဦး၊ သေဆုံးသူ ၃,၂၈၆ ဦး၊ ပြန်လည်ကျန်းမာလာသူ ၅၃,၆၈၉ ဦးဖြစ်ကာ စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၇ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေသည်။ တရုတ်ပြင်ပတွင် ကူးစက်ခံရသည့် နိုင်ငံများအနက် အိမ်နီးချင်း ကိုရီးယားနိုင်ငံမှာ သေဆုံးသူပေါင်း ၄၀ နှင့် ကူးစက်ခံရသူပေါင်း ၆၀၀၀ ဖြင့် အမြင့်ဆုံး ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနက် COVID 19 ရောဂါ မကူးစက်သေးသည့် နိုင်ငံပေါင်း ၁၁၇ နိုင်ငံ ရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button