သတင်း

ဘူးသီးတောင်မူလွန်ကျောင်း ပေါက်ကွဲမှု ဒဏ်ရာပြင်းကျောင်းသူကို ရန်ကုန်ပို့မည်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်ရှိ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူကို ရန်ကုန်သို့ ပို့ဆောင်ကုသနိုင်ရန် စီစဉ်နေသည်ဟု စစ်တွေဆေးရုံအုပ် ဒေါက်တာဦးမိုးမြင့်ဝင်းက Myanmar Now ကို ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နံနက်ပိုင်းက ဘူးသီးတောင်မြို့အနီးရှိ ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး စာသင်ကြားနေသော ကလေးငယ် ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် လေးတန်းကျောင်းသူ မခင်မေဦးကို ဘူးသီးတောင်ဆေးရုံမှတစ်ဆင့် စစ်တွေ ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပို့ဆောင်ခဲ့ရာ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ လွှဲပြောင်းကုသနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

လက်နည်ကြီးကျည်ကျ၍ မေးရိုးထိခိုက်ထားသည့် ကျောင်းသူ မခင်မေဦးကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာဆေးရုံရှိ မျက်နှာနှင့်မေးရိုးကုသဌာနသို့ လွှဲပြောင်းနိုင်ရန် စီစဉ်နေပြီး နောက်ဆက်တွဲ လိုအပ်သည့် အရာများကို ပြင်ဆင်နေရသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်သည်ဟု စစ်တွေဆေးရုံအုပ် ဒေါက်တာဦးမိုးမြင့်ဝင်းကMyanmar Now ကို ပြောသည်။

“နည်းပညာလိုတယ်။ နည်းပညာကြောင့်ပါ။ အားလုံးပြည့်စုံပြီဆိုရင် ကျွန်တော်တို့ လွှဲမှာပါ။ လွှဲဖို့လည်း လုပ်နေပါပြီ” ဟု ၎င်းက ပြောသည်။

စစ်တွေဆေးရုံတွင် ဆေးကုသရန် ပစ္စည်းကိရိယာများ စုံလင်မှုမရှိခြင်းကြောင့် ရန်ကုန်မြို့သို့ ပို့ဆောင်ကုသရန် လိုအပ်သည်ဟု ယနေ့ နံနက်ပိုင်း ဓာတ်မှန်ရိုက်ပြီးချိန်တွင် တာဝန်ကျဆရာဝန်က မှတ်ချက်ပေးခဲ့ကြောင်း၊ ရန်ကုန်သို့ ပို့ဆောင်နိုင်ရန်အတွက် စစ်တွေမြို့ရှိ မြို့မိ၊မြို့ဖများက ကူညီဆောင်ရွက်ပေးနေကြောင်း လေးတန်းကျောင်းသူ၏ ဖခင် ဦးထွန်းမောင်က ပြောသည်။

“အခြေအနေကတော့ ဆန်ပြုတ်လည်း နည်းနည်းစားနေတယ်။ သတိတော့ရနေပြီ။ လမ်းလည်း နည်းနည်းလျှောက်နေပြီ ” ဟု ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ကတည်းက ဘူးသီးတောင်မြို့အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး နံနက် ၁၀ နာရီခန့်တွင် ခမီတိုင်းရင်းသားများ နေထိုင်သည့် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်မြို့နယ် အတွင်းရေးမှူး ဦးမောင်မြင့်ထွန်းက Myanmar Now ကို ပြောသည်။

ယင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့က မိမိတို့မပစ်ခတ်ကြောင်း ငြင်းဆိုထားကြပြီး အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။

ဘူးသီးတောင်ဆေးရုံတွင် ပြင်ပလူနာအနေဖြင့် ၁၅ ဦး၊ အတွင်းလူနာအဖြစ် ၂ ဦး ရောက်ရှိလာခဲ့ပြီး မခင်မေဦးမှာ မေးရိုးနှင့်လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးကုသမှုရရှိရန် စစ်တွေဆေးရုံသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း ဘူးသီးတောင်ဆေးရုံအုပ် ဒေါက်တာဦးစိုးမင်းသိန်းက ပြောသည်။

“ပါးရိုးကျိုးတယ်ဆိုတာ ကျွန်တော်တို့ ဆေးရုံမှာ လုပ်လို့မရဘူး။ အသက်အန္တရာယ် စိုးရိမ်ရလို့ မဟုတ်ဘူး။ အကောင်းဆုံးကုသမှု ခံယူချင်လို့ လွှဲရတာပါ”ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်ဆေးရုံတွင် ပြင်ပလူနာအနေဖြင့် တက်ရောက် ကုသခဲ့သည့် ဒဏ်ရာမပြင်းထန်သည့် ကျောင်းသား ၁၅ ဦးမှာ ၎င်းတို့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ခြေထောက်ထိခိုက်ထားသည့် အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသူ တစ်ဦးသာ ဆက်လက် ကုသမှုခံယူနေသည်ဟု ၎င်းက ပြောသည်။

ရခိုင် အရပ်ဘက် အဖွဲ့အစည်းများအပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်ဘက် အဖွဲ့အစည်း ၁၀၅ ဖွဲ့ကလည်း ဘူးသီးတောင်မြို့နယ် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်၍ ကျောင်းသား၊ကျောင်းသူများ ဒဏ်ရာရရှိသည့်အပေါ် ဖေဖော်ဝါရီ ၁၇ ရက်စွဲဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

Related Articles

Back to top button