
ဥရောပသမဂ္ဂ (EU) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် အထည်ချုပ်ကဏ္ဍ ပံ့ပိုးရေးစီမံကိန်းသည် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုရရန် ပံ့ပိုးသည့်အပြင် အလုပ်သမားများအတွက် အကျိုးမရှိဟု ဆိုကာ အလုပ်သမားအဖွဲ့အစည်းများက ကန့်ကွက်ထားသည်။
MADE in Myanmar အမည်ရ ထိုစီမံကိန်းကို EU ရန်ပုံငွေ ယူရို ၃ သန်း၊ အဝတ်အထည်အမှတ်တံဆိပ်ကုမ္ပဏီများ၏ ထည့်ဝင်ငွေများဖြင့် ဥရောပကုန်သည်ကြီးများအသင်း (မြန်မာ) နှင့် ဂျာမနီနိုင်ငံအခြေစိုက် Seaqua အဖွဲ့က လေးနှစ်ကြာ အကောင်အထည်ဖော်မည်ဖြစ်သည်။
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က စီမံကိန်းလုပ်ငန်းစဉ်များသည် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) တွင် တရားဝင်မှုပေးရန် ပံ့ပိုးပေးရုံသာမက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ပေးနေကြောင်း ဝေဖန်သည်။
“ဒီစီမံချက်တွေလုပ်တာက အပြသက်သက်ပဲ ဖြစ်နေပြီးတော့ ကျွန်မတို့အလုပ်သမားတွေ ခံစားနေရတဲ့ အတိဒုက္ခတွေကို အပြည်ပြည်ဆိုင်ရာမှာ မဟုတ်ဘူးဆိုပြီး ပြောသလိုပဲ။ ဖြေရှင်းပြီးပြီ၊ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ နည်းလမ်းတွေရှိပါတယ်ဆိုတာကို ဝိုင်းပြီးလိမ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယခုစီမံကိန်းသည် မြန်မာနိုင်ငံတွင် အဝတ်အထည်ချုပ်လုပ်နေသည့် အမှတ်တံဆိပ်များကို ကာကွယ်ရန်သာဖြစ်ပြီး အလုပ်သမားများအကျိုးရှိမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
EU ရန်ပုံငွေဖြင့် ၂၀၁၃ မှ စတင်လည်ပတ်သော အထည်ချုပ်ကဏ္ဍမြှင့်တင့်ရေး Smart စီမံကိန်းအပြီး ယခုစီမံကိန်းစတင်ခြင်းဖြစ်ပြီး စက်ရုံ ၂၀၀ ထက်မနည်း လွှမ်းခြုံနိုင်ရန် ရည်မှန်းထားကာ နည်းပညာနှင့် အကြံဉာဏ်ပေးခြင်း၊ လုပ်ငန်းခွင်နစ်နာမှုဖြေရှင်းရေးယန္တရားကို ကူညီပံ့ပိုးခြင်းတို့ ပါဝင်သည်။
Smart စီမံကိန်းတွင် မြန်မာနိုင်ငံတွင် အဝတ်အထည်ချုပ်လုပ်နေသည့် နိုင်ငံတကာအမှတ်တံဆိပ်ကုမ္ပဏီကြီးများ ပူးပေါင်းပါဝင်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားအဖွဲ့အစည်းများ ဖိနှိပ်ခံနေရပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးကို ဆက်သွယ်တိုင်ကြားရန်ပင် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။
ထိုအခြေအနေတွင် အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးရန် မဖြစ်နိုင်ကြောင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးနွေးနိုင်မည့်လမ်းကြောင်းများကို ပံပိုးကူညီမည်ဆိုသော်လည်း လုပ်ငန်းရှင်စိတ်ကြိုက် ချယ်လှယ်နိုင်မည့်အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။
အထူးသဖြင့် Smart စီမံကိန်းတွင် စက်ရုံအလုပ်ရုံများ၌ အငြင်းပွားမှုဖြေရှင်းရေးကော်မတီဖွဲ့ရာတွင် အလုပ်ရှင်စိတ်ကြိုက်ရွေးချယ်ထားသည့် အလုပ်သမားများကို အဖွဲ့ဝင်အဖြစ် ရွေးချယ်မှုများရှိကြောင်းလည်း ပြောသည်။
မြန်မာအထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေး စံချိန်စံညွှန်းများမရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပုံမှန်လူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန်လည်း မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာကျင့်ဝတ်စောင့်ကြည်ရေးအဖွဲ့ (Ethical Trading Initiative ETI) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ထို့ပြင် အထည်ချုပ်စက်ရုံများတွင် အဓမ္မခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များ ဆုံးရှုံးမှုရှိလာသလို လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့်မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ဘက်ပေါင်းစုံလုပ်ငန်းခွင်ချိုးဖောက်ခံရချိန် ဆောင်ရွက်သည့် MADE စီမံကိန်းကို ကန့်ကွက်ရှုတ်ချပြီး ပူးပေါင်းမည်မဟုတ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ၁၈ ခု ပါဝင်သည့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအဖွဲ့က ဧပြီ ၅ တွင် ထုတ်ပြန်ထားသည်။
စီမံကိန်းလုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ကာကွယ်မပေးနိုင်ကြောင်း၊ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့တွင် အစီရင်ခံစာတင်ရန် ပံ့ပိုးပေးနေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အလုပ်သမားများ၏ အကျိုးဟုဆိုကာ မျောက်ပြဆန်တောင်းသည့်လုပ်ရပ်ဖြစ်၍ ကန့်ကွက်ကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) အဖွဲ့၏ တာဝန်ခံ ဒေါ်မျိုးမျိုးအေးက ဝေဖန်သည်။
“ရှင်းရှင်းပြောရရင် လုပ်ငန်းရှင်အဖွဲ့အစည်းတွေကို Support လုပ်တာဗျာ။ ဒါပေမဲ့ အမည်ခံကတော့ အလုပ်သမားပေါ့။ မြန်မာအလုပ်သမားတွေက မျောက်ပြပြီး ဆန်တောင်းခံရတယ်ဆိုတဲ့ စိတ်ခံစားချက် ကျွန်တော်တို့မှာရှိလို့ ဒါကို ကန့်ကွက်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုစီမံကိန်းသည် ယခင် SMART စီမံကိန်းတွင် ပါဝင်သည့် စက်ရုံများနှင့်သာ ဦးစားပေးမည်ဖြစ်၍ အလုပ်သမားထုတစ်ရပ်လုံး ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဧပြီ ၉ ရက်တွင် ထိုအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး စံသတ်မှတ်ချက်များနှင့်အညီ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပက ထုတ်ဖော်ပြောဆိုလာပြီးနောက် နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းလာကြသည်။
ဥရောပအခြေစိုက် C&A, လန်ဒန်မြို့အခြေစိုက် Tesco PLC, Marks & Spencers, အိုင်ယာလန်မှ Primark နှင့် ဂျပန် Uniqlo တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ထုတ်ဖော်ကြေညာထားသည်။
လူ့အခွင့်အရေး လေးစားလိုက်နာသည်ဟုဆိုကာ မြန်မာနိုင်ငံမှ နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ ထွက်ခွာနေကြသော်လည်း အခြားတစ်ဖက်တွင် မက်လောက်စရာ လုပ်အားခဈေးသက်သာမှုရှိနေ၍ လုပ်ငန်းဆက်လုပ်ချင်သည့်ကုမ္ပဏီများရှိနေသည်ဟု ဒေါ်မျိုးမျိုးအေးက ဆိုသည်။
“Brand တွေရှိနေတဲ့ စက်ရုံတွေမှာ ညှိနှိုင်းမှုတွေရှိနေတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံတကာမှာ သူ့ရဲ့ အဝတ်အထည်ကို ဝတ်ဆင်တဲ့သူတွေကို Marketing ဆင်းလို့ကောင်းတာပေါ့၊ ပြလို့ကောင်းတာပေါ့။ ဒီနိုင်ငံမှာ ဘာတွေလုပ်နေတယ်၊ ဘယ်လိုတွေလုပ်နေတယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းက ဆိုသည်။
အလုပ်သမားအဖွဲ့အစည်းများ၏ ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ရန်ပုံငွေအဓိကထောက်ပံ့သည့် ဥရောပသမဂ္ဂကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
MADE စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် အလုပ်နားခံရသည့် အမျိုးသမီး ၅ ဦးကို သင်တန်းပေးခြင်း၊ အထည်ချုပ်ဝန်ထမ်းအချို့ကို အာဟာရနှင့် ကျန်မားရေးဗဟုသုတများ ဆွေးနွေးခြင်းတို့ ပြုလုပ်နေကြောင်း Smart အစီအစဉ်၏ လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။
အထည်ချုပ်ကဏ္ဍသည် ပို့ကုန်ဝင်ငွေနှင့် အလုပ်အကိုင်ဖန်းတီးနိုင်မှုအများဆုံးလုပ်ငန်းဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် စက်ရုံများပိတ်သိမ်းလာသဖြင့် အလုပ်အကိုင်ဆုံးရှုံးမှုများစွာရှိနေသည်။ အော်ဒါများကျဆင်းလာသလို လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် ရှိနေသည့်အော်ဒါများ ချုပ်လုပ်ရန် ဒီဇယ်အင်ဂျင်သုံးရသဖြင့် ကုန်ကျစရိတ်တက်ကြောင်း၊ အခြေအနေအားလုံး ခြုံကြည့်ပါက အပေါင်းလက္ခဏာ မတွေ့ရကြောင်းလည်း အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)