တည်းခိုခန်းတွင် မတည်းဘဲ နေအိမ်တွင်တည်းမှုဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မန္တလေးတွင် ဖမ်းဆီးခံခဲ့ရသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို ယနေ့ တနင်္လာနေ့တွင် တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဟု မန္တလေးခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးက ပြောသည်။
မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် တည်းခိုနေကြသည့် အဆိုပါတရုတ်နိုင်ငံသားများအား ယခုလ ၆ ရက်နေ့က ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းဆီးခဲ့ခြင်းပြီး ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်းရှိမရှိ စောင့်ကြည့်ရန်အတွက် အကျဉ်းထောင်သို့ မပို့ဘဲ ဆေးရုံတွင် ထိန်းသိမ်းထားခဲ့သည်။
တရားဝင်ဗီဇာဖြင့် နိုင်ငံတွင်းဝင်လာသူများဖြစ်သော်လည်း ဗီဇာစည်းကမ်းအရ ဟိုတယ်များတွင်သာ တည်းခိုခွင့်ရှိသူများဖြစ်ပြီး နေအိမ်များတွင် တည်းခိုသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၎င်းတို့အား ထိန်းသိမ်းခဲ့ကာ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ ဖြင့် ထောင်ဒဏ်ခြောက်လ (သို့မဟုတ်) ဒဏ်ငွေ ကျပ်တစ်သောင်းခွဲအထိ ကျခံရရန် မဟာအောင်မြေမြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။
“ပြစ်ဒဏ်က တရုတ်နိုင်ငံသားတွေကို ဒဏ်ငွေ ကျပ် တစ်သောင်းခွဲ မဆောင်နိုင်က ထောင်ခြောက်လဆိုပြီး (တရားရုံးက အမိန့်) ချပါတယ်။ သူတို့ကတော့ ဒဏ်ငွေဆောင်တယ်။ ကျွန်တော်တို့ချက်ချင်းပဲ ပြည်နှင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မန္တလေးခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးစောတင့်လွင်က ပြောသည်။
၎င်းတို့အား စတင်ဖမ်းဆီးခဲ့သည့်နေ့တွင် အဖျားရှိမရှိ စစ်ဆေးခဲ့ပြီး တရားရုံးတွင် ချုပ်ရမန်ယူကာ အကျဉ်းထောင်သို့ မပို့ဘဲ ချမ်းမြသာစည်မြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့ အရိုးအထူးကုဆေးရုံတွင် သီးသန့်ထား စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါဆေးရုံသည် ဝူဟန်မှပြန်လာသည့် မြန်မာကျောင်းသားများအား စောင့်ရှောက်မှုပေးထားသည့် ကန်တော်နဒီဆေးရုံအနီးတွင် ရှိသည်။
လက်ရှိအချိန်အထိ ၎င်းတို့သည် မည်သည့်အဖျားရောဂါမှမရှိဘဲ ကျန်းကျန်းမာမာရှိနေသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။
“… ဗီဇာ စည်းကမ်းဖောက်ဖျက်တဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ဥပဒေအတိုင်းအရေးယူမှာပါ။ WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ )က လမ်းညွှန်ချက်အတိုင်း သူတို့ကို ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးမှုတွေကို ၁၄ ရက် လုပ်ထားတယ်” ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။
ကနဦးသတင်းများအရ ၎င်းတို့သည် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း ကျောက်စိမ်းအရောင်းအဝယ်ကိစ္စဖြင့် မန္တလေးမြို့သို့ ရောက်လာကြခြင်းဖြစ်ပြီး တရုတ်နိုင်ငံ မည်သည့်မြို့မှလာသည် ဆိုသည်ကိုတော့ မသိရသေးပါ။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် 2019 Novel Corona nCoV ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရသူ အရေအတွက်သည့် နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိပြီး ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲထိအထိ ကူးစက်ခံရသူ ၄၀,၀၀၀ ကျော်နှင့် လူ ၉၁၀ သေဆုံးပြီးဖြစ်ကြောင်း WHO နှင့် တရုတ်ကျန်းမာရေးဌာန အပါအဝင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက အတည်ပြုထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၉ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ် သံသယလူနာ တစ်ဦးအပါအဝင် လူနာ ၁၄ ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်ဟု သိရသည်။ သို့သော်လည်း ယခုသတင်း ပုံနှိပ်သည့် ဖေဖော်ဝါရီ ၁၀ ရက် တနင်္လာနေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံနေရသူ တစ်ဦးမျှ မတွေ့ရှိသေးပါ။