အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်တိုက်ပွဲမှဒဏ်ရာရ အရပ်သားအမျိုးသမီးသုံးဦးကို စစ်တွေဆေးရုံပို့

ယမန်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒဏ်ရာရခဲ့သည့် အရပ်သားအမျိုးသမီး သုံးဦးအား စစ်တွေဆေးရုံသို့ အရေးပေါ်တင်ပို့လိုက်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်သားများက ပြောသည်။

ဒေသခံများ၏အဆိုအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့သည် ရသေ့တောင်မြို့နယ်၏ မြောက်ဘက် ၁၀ မိုင် ကျော်ခန့်အကွာ၊ မယူမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသည့် ရေဘုတ်ရွာနှင့် ဆောက်ခတ်ရွာတို့အနီးတွင် ကြာသပတေးနေ့ ညနေ  နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းမှ လက်နက်ကြီး ကျည်ဆန်တစ်ခုသည် ရေဘုတ်ရွာရှိ အသက် ၄၅ နှစ်အရွယ် ဒေါ်ယဉ်ကျော့နု၏ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ဒေါ်ယဉ်ကျော့နု နှင့် အသက် ၁၈ နှစ်အရွယ် သူ၏တူမတို့ ခြေထောက်တွင် ဒဏ်ရာရခဲ့သည်ဟု ကူညီပေးသူ ကိုဘက္ကာက ပြောသည်။

လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် ဒေါ်ယဉ်ကျော့နုနှင့် သူ၏တူမတို့မှာ နေအိမ်အနီးရှိနေပြီး ဗုံးခိုကျင်းထဲသို့ ဝင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းတို့အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ယဉ်ကျော့နု၏အကို ဦးမောင်အေးသိန်းက ပြောသည်။

လက်နက်ကြီးက ဘယ်ဘက်က ပစ်လိုက်လဲမသိ ကျတော့မှသိတာ၊ တိုက်ပွဲဖြစ်တာမဖြစ်တာလည်း ကျွန်တော်တို့က မသိရဟု ရေဘုတ်ရွာတွင်ရှိနေသည့် ဦးမောင်အေးသိန်းက ပြောသည်။

ရေဘုတ်ရွာအနီးရှိ ဆောက်ခတ်ရွာတွင်ရှိနေခဲ့သည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသည်လည်း အဆိုပါပစ်ခတ်မှုများအတွင်း ပခုံးတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့ သုံးဦးစလုံးအား ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်မှတစ်ဆင့် စက်လှေနှင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုလည်း ကိုဘက္ကာက ပြောသည်။

ဒေသခံများဒဏ်ရာရသည့် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA နှစ်ဖက်လုံးက ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ကြသည်။

ယမန်နေ့က အဆိုပါရွာများအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ စစ်ရေယာဉ်များနှင့် ရွာများဘက်သို့ အကြောင်းမဲ့ ပစ်ခတ်သွားခြင်းသာဖြစ်ကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ယမန်နေ့ ညနေ နာရီခန့်က ရသေ့တောင်မြို့နယ် အောင်ဇေယျရွာအနီးတွင် AA အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီးကျရောက်ပေါက်ပွဲခဲ့သည့် ရေဘုတ်ရွာနှင့် အလှမ်းဝေးသည့်အတွက် တပ်မတော်က ပစ်ခတ်ခြင်းမဖြစ်နိုင်ဟု ဆိုသည်။

ယမန်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်များတွင် တပ်နှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး သောကြာနေ့မှာလည်း အဆိုပါနေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု နှစ်ဖက်လုံးက အတည်ပြုသည်။

ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့၏ အချက်အလက်များအရ ရခိုင်တိုက်ပွဲများအတွင်း သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၂၀ ဝန်းကျင်ခန့် ရှိနေပြီး ဒဏ်ရာရသူ ဦးရေမှာ ၃၇၀ ကျော်အထိ ရှိလာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button