အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် နှစ်အစမှာပင် ဘူးသီးတောင် ဒေသခံ ၆ ဦးအထိသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအရေအတွက် ၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလအတွင်း လက်နက်ကြီးကျည်စထိမှန်ခြင်း၊ မိုင်းပေါက်ကွဲခြင်းများကြောင့် ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ရွာတွင် ၄ ယောက်၊ ကင်းတောင်ရွာတွင် ၂ ယောက် သေဆုံးခဲ့သည်။

ထို့အပြင် ထိပ်တူးပေါက်၊ ကင်းတောင်နှင့် ဆင်သေပြင်ရွာများမှ ဒေသခံ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ယနေ့မနက်တွင် သေနတ်ဒဏ်ရာရသွားသည့် အသက် ၃၀ အရွယ် ဆင်သေပြင်ရွာသား ကိုအာမက်နူလာနှင့်ဆိုလျှင် ဒဏ်ရာရသူ ၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ယနေ့ မနက် ၉ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာအနီးတွင် ထင်းကောက်နေသည့် အသက် ၃၀ အရွယ် ဆင်သေပြင်ရွာသား အာမက်နူလာမှာ ယာဘက်ခြေထောက်တွင် သေနတ်ဒဏ်ရာရသွားခဲ့သည်ဟု ယင်းရွာသားပင်ဖြစ်သူ ကိုအာဆင်ဂျာက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွာအနီး သုံးဆယ့်တစ်ဘုံတံတားအနီးတွင် ရှိနေသည့် တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ကိုအာဆင်ဂျာက စွပ်စွဲပြောဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ယင်းသို့ ထိခိုက်ဒဏ်ရာရမှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်က သိရှိခြင်းမရှိကြောင်း ပြောဆိုသလို AA ဘက်ကလည်း သူတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်။

သေနတ်ဒဏ်ရာ ရရှိသွားသူကို ဘူးသီးတောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေနတ်ဒဏ်ရာကြောင့် ယာဘက်ခြေထောက် အရိုးကျိုးသွားသည့်အတွက် မောင်တောမြို့နယ်ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက Myanmar Nowကို ပြောသည်။

ယနေ့မနက် ပစ်ခတ်မှုဖြစ်စဉ်ကို အတိအကျ မသိရသေးသော်လည်း ဘူးသီးတောင်မြို့နယ်အတွင်း AA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒီလိုဖြစ်စဉ်မျိုးကို မကြားရသေးဘူး၊ ကျွန်တော့်ဆီ သတင်းတက်လာတာလည်း မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ အဆိုပါပစ်ခတ်မှုမှာ တပ်မတော်၏ လက်ချက်သာဖြစ်ပြီး ဒေသခံ မွတ်စလင်များနှင့် AAတို့ အကြားတွင် အထင်အမြင်လွှဲမှားမှုများ ဖြစ်ပွားအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲလိုက်သည်။

ဇန်နဝါရီလ ၇ ရက်နေ့က ထိပ်တူးပေါက်ရွာမှ ကျောင်းသားတစ်စု ရွာအနီးထင်းကောက်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ ဝန်းကျင်ခန့် ရှိသည့် ကလေး ၄ ယောက် သေဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၂၅ ရက် နေ့ နံနက် ၁ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သောကြောင့် အသက် ၁၈ နှစ်နှင့် အသက် ၂၈ နှစ်အရွယ်ရှိသည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇ ဦးအထိ ရှိခဲ့သည်။

ကင်းတောင်ရွာသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုများနှင့် ပတ်သက်၍ တပ်မတော်ကရော ရက္ခိုင့်တပ်တော် AA ကပါ ငြင်းဆန်ကြသည်။

စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏အချက်အလက်များအရ ရခိုင်တိုက်ပွဲတွင်း အရပ်သားသေဆုံးသူ အရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိပြီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles