
ပညာရေးနှင့်ပတ်သက်သော အခမ်းအနားတစ်ခုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားနေစဉ် ကျောင်းသား ၁၀ ဦးက ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) MICC-2 ၌ ယနေ့ကျင်းပသော ‘ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)’ တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ရန်ကုန်နှင့်စစ်ကိုင်းရှိ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များရှိ ကျောင်းသားသမဂ္ဂများကို ကိုယ်စားပြု တက်ရောက်လာသူ ကျောင်းသားကျောင်းသူ ၁၀ ဦးက ဆိုင်းဘုတ်ကိုယ်စီ ထောင်ပြီး အသံတိတ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများက ‘မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံ့စီးပွား တက်နိုင်ပါသလား’ ၊ ‘စီမံခန့်ခွဲမှု အလွဲများအား ချက်ချင်း ပြုပြင်ပေး’ ၊ ‘သုတေသနမရှိသော အစမ်းသပ်ခံ ပညာရေးစနစ် အလိုမရှိ’ ၊ ‘မန္တလေးတက္ကသိုလ်သပိတ်ကို ချက်ချင်း ဖြေရှင်းပေး’ စသည့် ဆိုင်းဘုတ်များကိုင်ကာ မတ်တတ်ရပ် ဆန္ဒပြခဲ့ကြသည်။
မိန့်ခွန်းစပြောချိန်မှ ၉ မိနစ်ခန့်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းကို ခေတ္တနားပြီး ဆန္ဒပြကျောင်းသားများကို ထိုသို့ ဆိုင်းဘုတ်ကိုင်ပြခြင်းထက် အခြားနည်းလမ်းသုံးပြီး တင်ပြရန် တုံ့ပြန်ပြောဆိုသည်။
“အနောက်ကနေ ဘာ(ဆိုင်းဘုတ်)တွေပဲ ထောင်ပြ၊ ထောင်ပြ ဒီကလည်း မမြင်ရဘူး။ မမြင်ရတော့ ဘာမှလည်း ထူးမှာ မဟုတ်ဘူး။ တင်ပြချင်လို့ ရှိရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည် ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလို အခမ်းအနားတွေကို အလွဲသုံးစား မလုပ်ပါနဲ့” ဟု မိန့်ခွန်းပြောသည့် စင်မြင့်ပေါ်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
သို့သော် ဆန္ဒပြကျောင်းသားများက ဆိုင်းဘုတ်ကိုင်ကာ ဆက်လက်ပြနေခဲ့ကြသည်။ ဆယ်မိနစ်ခန့်ကြာ ဆန္ဒပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက “မင်းတို့ (ဆိုင်းဘုတ်)ဖြုတ်ရင်ဖြတ်၊ မဖြုတ်ရင် ငါတို့ ဆွဲထုတ်မယ်” ဟု ပြောဆိုခဲ့သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့ လာရောက်ဖျန်ဖြေချိန်တွင် ဆန္ဒပြကျောင်းသားများက ဆိုင်းဘုတ်များကို ဖြုတ်သိမ်းကာ ပုံမှန်အတိုင်း အခမ်းအနားကို ဆက်တက်ခဲ့ကြသည်။
အခြေခံပညာကျောင်းများ၏ စာသင်ကာလနှင့် စာမေးပွဲကာလများကို မတ်လကုန်အထိ ပြောင်းလဲတိုးမြှင့်မည့်အပေါ် ဆရာ၊ ဆရာမများ၊ ကျောင်းသားများက ကန့်ကွက်နေကြခြင်းဖြစ်ပြီး ထိုကန့်ကွက်မှုများ ပြေလည်မှုမရရှိသဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောသည့် ခန်းမထဲအထိ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
“မတ်လကုန်အထိ စာမေးပွဲတိုးမြှင့်စစ်ဆေးတဲ့ ကိစ္စတစ်ခုရယ်၊ နောက်တစ်ခုကတော့ မန္တလေးသပိတ်ကိစ္စကို မဖြေရှင်းဘဲနဲ့ အချိန်ဆွဲထားတဲ့ကိစ္စရယ်၊ အဲဒီနှစ်ခုအတွက် ကျွန်တော်တို့ အဓိက ဆန္ဒပြတာပါ” ဟု ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သူ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက မီဒီယာများကို ပြောသည်။
အခမ်းအနား ခေတ္တရပ်နားချိန် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် တွေ့ဆုံရာတွင် ဆန္ဒပြကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခဲ့ရာ ဒေါက်တာတင်မောင်ဝင်းက ပယ်ချခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ၏ အဆိုပါ ဆန္ဒပြသည့် လုပ်ရပ်အပေါ် ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “အခြေအနေနဲ့ အချိန်အခါ သင့်တင့်အောင် ဆောင်ရွက်ဖို့ လိုတာပေါ့။ ဒီနေ့ ဆောင်ရွက်နေတဲ့ အခမ်းအနားဟာ ဘာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ။ ဒီအပေါ်မှာတော့ နားလည်မှုရှိဖို့ လိုတယ်” ဟု မှတ်ချက်ပြုသည်။
အခြေခံပညာသူငယ်တန်းမှ နဝမတန်းအထိ နှစ်ဆုံးစာမေးပွဲများကို ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပသော်လည်း ယခုပညာသင်နှစ်မှစ၍ မတ်လနောက်ဆုံးပတ်မှသာ ကျင်းပရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။
အဆိုပါအစီအစဉ်ကို ပြန်မပြင်မချင်း အခြေခံပညာဦးစီးဌာနက ကျင်းပသည့် ဆွေးနွေးပွဲများကို မတက်ရောက်ဘဲ သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က ယခုလ ၂၄ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
မတ်လကုန်အထိ ကျောင်းတက်ရန်သတ်မှတ်ချက်ကို ပြင်ဆင်မပေးပါက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းမည် မဟုတ်ဟုလည်း အဆိုပါ MTF ကပင် ဇန်နဝါရီလ ၅ရက်က ကြေညာချက်ထုတ်ပြန်ထားသေးသည်။