အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခရီးသည်ကို မုဒိမ်းကျင့်မှုဖြင့် ဖမ်းခံရသည့် YBS 4 ယာဉ်မောင်းမှာ တရားဝင်ခန့်ထားသူ မဟုတ်

ရန်ကုန်တွင် ပြေးဆွဲနေသော YBS နံပါတ် ၄ ယာဉ်လိုင်း၏ ယာဉ်တစ်စီးပေါ်တွင် ခရီးသည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရသူ ယာဉ်မောင်းမှာ ယာဉ်လိုင်းကုမ္ပဏီ၏ တရားဝင်အလုပ်သမား မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

နံပါတ် ၄ ​ယာဉ်လိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရှယ်ယာထည့်ဝင်ထားသော ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) က တိုက်ရိုက်စီမံခန့်ခွဲသည့် ယာဉ်လိုင်းတစ်ခု ဖြစ်သည်။

အခင်းမဖြစ်ပွားခင်တွင် ကုမ္ပဏီ၏ ယာဉ်မောင်းက ဘတ်စကားကို မောင်းနှင်ခဲ့သော်လည်း ၎င်း၏ သားဖြစ်သူ နေမကောင်းသဖြင့် လမ်းတစ်ဝက်တွင် ၎င်းနှင့် ရင်းနှီးသူ “ပြုံးကိုကို” အမည်ရှိ အမျိုးသားတစ်ဦးကို အစားထိုး မောင်းနှင်စေခဲ့ခြင်း ဖြစ်ကြောင်း YUPT ၏ ဒါရိုက်တာ ဦးအောင်မြတ်က Myanmar Now ကို ပြောသည်။

တာဝန်ချိန်တွင် ယာဉ်ကို အခြားသူတစ်ဦးကို အစားထိုးမောင်းနှင်စေခဲ့သည့် ကုမ္ပဏီ၏ယာဉ်မောင်းကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်အရ အမြင့်ဆုံး သုံးလထိ မောင်းနှင်ခွင့် ပိတ်ထားကြောင်း ဦးအောင်မြတ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဓမ္မပြုကျင့်တဲ့ ကိစ္စက သူက ပါဝင်တာ မဟုတ်ဘူး။ သူက ဘာမှလည်း မသိလိုက်ဘူး။ သူကတော့ လိုင်းမပျက်ချင်လို့ လမ်းမှာ တန်းလန်းကြီး မပျက်ချင်လို့ တင်တဲ့ သဘောတော့ ရှိတာပေါ့ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်၊ မနက် ၅ နာရီခွဲခန့်တွင် ဘတ်စကားပေါ်ရှိ ခရီးသည်များအားလုံး ဂိတ်ဆုံး ယုဇနမှတ်တိုင်၌ ဆင်းသွားပြီးနောက် ကားပြန်ထွက်ချိန်ကို ကားပေါ်တွင် တစ်ဦးတည်း စောင့်ကျန်နေခဲ့သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း ပြုံးကိုကိုက ကားတံခါးများပိတ်ကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ယင်းအမျိုးသမီးကိုယ်တိုင် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်။

၎င်းကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) အရ အခင်းဖြစ်ပွားသည့်နေ့ ဇန်နဝါရီလ ၁၄ ရက်တွင်ပင် ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းရဲစခန်း၏ တာဝန်ကျ ရဲအရာရှိက Myanmar Now ကို ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းများ၏ သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ YBS နံပါတ် ၄ ယာဉ်လိုင်းမှ ယာဉ်မောင်းများက မနက်ဖြန် (ဇန်နဝါရီလ ၂၄ ရက်) တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း ကြေညာထားသည်။

“ကျွန်တော်တို့ဆီက ယာဉ်မောင်းတစ်ယောက်ရဲ့ ဆက်စပ်မှုနဲ့ သူငယ်ချင်း အပေါင်းအသင်းဆိုပြီး ပေး (မောင်း) လိုက်တဲ့အခါကျတော့ ဒီယာဉ်မောင်းက လုပ်လိုက်တဲ့ဟာ ကျွန်တော်တို့ ယာဉ်မောင်းတွေ အားလုံး သိက္ခာကျလို့ ရှင်းလင်းပွဲ လုပ်မှာဟု YBS နံပါတ် ၄ ယာဉ်လိုင်း၏ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုထွန်းဇာနည်ကျော်က Myanmar Now ကို ပြောသည်။

အပြင်လူကို မောင်းနှင်စေခဲ့သည့် ကုမ္ပဏီယာဉ်မောင်းကို YUPT က ပေးမည့် ပြစ်ဒဏ်ကို စောင့်ကြည့်သွားမည်ဟု YUPT ကုမ္ပဏီအပါအဝင် ယာဉ်လိုင်းကုမ္ပဏီအားလုံးကို ကြီးကြပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

“(ကုမ္ပဏီက) ပေးတဲ့ အပြစ်က နည်းရင် ကျွန်တော်တို့က တိုးမြှင့်ပေးဖို့အထိ ကျွန်တော်တို့က စဉ်းစားထားပါတယ်။ ကျွန်တော့်အယူအဆအရ ပြောရင် ဒါမျိုးဆို ဒီယာဉ်မောင်းကိုပါ ထုတ်ပစ်သင့်ရင် ထုတ်ပစ်ရမယ်။ ဒါက ကျွန်တော့် အယူအဆပါ။ ဒါကြောင့်မို့ သူတို့ အပြစ်ပေးအရေးယူတာကို စောင့်ကြည့်နေပါတယ်ဟု ဦးလှအောင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button