
ရန်ကုန်တိုင်းအစိုးရ၏ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုများမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်နေပြီး ပြည်သူ့ဘဏ္ဍာ သန်းပေါင်းများစွာ ဆုံးရှုံးနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ဝေဖန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇–၂၀၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက ဆွေးနွေးရာတွင် ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ထည့်သွင်းဝေဖန်ခဲ့ခြင်းဖြစ်သည်။
တိုင်းအစိုးရက ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲမှုအခြေအနေတွင် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဖြစ်သည့် (၁/၂၀၁၇) ကို လိုက်နာမှုမရှိခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း ၎င်းက တိုင်းလွှတ်တော်တွင် ဝေဖန်ခဲ့သည်။
၁/၂၀၁၇ ဆိုသည်မှာ ၂၀၁၇ ခုနှစ် ဧပြီလတွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါ လုပ်ထုံး၊လုပ်နည်းများ ဖြစ်သည်။
ထို့ပြင် လုပ်ထုံးလုပ်နည်းမှားယွင်း၍ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးရသည်ဟုဆိုလျှင် အဂတိမြောက်သည်ဟုဆိုပါက မြန်မာ့ဆေးဝါးလုပ်ငန်း BPI ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အမှုကို နမူနာယူပြီး လုပ်နည်းကိုင်နည်း မမှားယွင်းအောင် အတုယူသင့်ကြောင်း ဒေါ်စန္ဒာမင်းက ထည့်သွင်း ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ အဂတိလိုက်စားကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
“သူ့ကို အဂတိမြောက်တယ်လို့ ပြောတာမဟုတ်ဘူး။ အဂတိကော်မရှင်က ဒီလိုသတ်မှတ်ထားတာမျိုးဖြစ်တဲ့ အတွက် ကျွန်မတို့ဟာ လုပ်နည်းကိုင်နည်းတွေ မမှားဖို့ သတိပြုဆင်ခြင် သင့်တယ်လို့ ကျွန်မတို့က တင်ပြတာပါ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးကို အနော်မာ အနုပညာအဖွဲ့ ကုမ္ပဏီလီမိတက်ကို BOT စနစ်ဖြင့် ငှားရမ်းရာတွင် ငှားရမ်းသူများကို အထူးအခွင့်အရေးများပေးထားခြင်း၊ ကျပ်ငွေ ဘီလျံ ၃၀ ဖြင့် ၂၅ မဂ္ဂါဝပ် မီးစက် ဝယ်ယူထားခြင်းသည် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်၍ တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးထားခြင်း၊ ကျပ်ငွေ ဘီလျံ ၂၀ အကုန်အကျ ခံထားသည့် ခေတ်မီ မီးပွိုင့်စနစ် တပ်ဆင်ခြင်းလုပ်ငန်းတွင် လုပ်ငန်း မပြီးစီးသေးဘဲ ၁၀၀ ရာခိုင်နှုန်း ငွေပေးချေလိုက်ခြင်း စသည့် အချက်များမှာ ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့ကြောင်း ၎င်းက ထောက်ပြဝေဖန်ခဲ့သည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ ၂၀၁၇–၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ်တွင် တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီအနေဖြင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် ကော်မတီအဖွဲ့ဝင် ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုးတို့က ယနေ့ လွှတ်တော်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် ဆွေးနွေးခြင်းမဟုတ်ဘဲ လွှတ်တော်ကော်မတီတစ်ခုအနေဖြင့် ဆွေးနွေးခြင်းဖြစ်သည့်အတွက် အချိန်အကန့်အသတ်ကို ခွင့်ပြုပေးရန်ကိုလည်း ဒေါ်စန္ဒာမင်းက လွှတ်တော် ဒုတိယဥက္ကဋ္ဌကို လွှတ်တော်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က အပြောင်းအလဲကို ဖော်ဆောင်ရသည့်အခါတွင် အခက်အခဲများစွာရှိကြောင်း အစိုးရဌာနတချို့မှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို မသိရှိသည့်အတွက် အခက်အခဲရှိသော်လည်း အရေးကြီးသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်မှုမျိုး မတွေ့ရှိရကြောင်း ပြောသည်။
“အရေးကြီးတဲ့ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ အချက်မျိုးတော့ သိပ်မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇–၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းလွှတ်တော် အမတ်များက ယခုလ ၂၁ ရက်နေ့က စတင်ဆွေးနွေးနေကြခြင်းဖြစ်သည်။
ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက စာရင်းပေးသွင်းထားပြီး ယမန်နေ့ (ဇန်နဝါရီလ ၂၂) အထိကိုယ်စားလှယ် ၁၈ ဦး ဆွေးနွေးခဲ့ပြီးဖြစ်သည်။