
လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၅၅ ဒသမ၂၀၇ ဘီလျံကို ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရက တောင်းခံလိုက်သည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် လာမည့်စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
အစိုးရဌာနပေါင်း ၁၈ ဌာနမှ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များအတွက် မဖြစ်မနေ သုံးစွဲရမည် ဖြစ်သည့်အတွက် တောင်းခံရခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီလ ၂၀ ရက်တွင်ကျင်းပသည့် အဆိုပါအရေးပေါ်အစည်းအဝေးတွင် ပြောသည်။
ထိုဖြည့်စွက်ရန်ပုံငွေကို ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်အထိ ရန်ကုန်ခရိုင် လေးခုရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြုစု ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုဖြည့်စွက်ရန်ပုံငွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီထံသို့ စိစစ်ရန်ပေးပို့ခဲ့ပြီးနောက် ကော်မတီက ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကို စိစစ်လျှော့ချခဲ့ကာ ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းအစိုးရ အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုငွေကြေးများကို ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ရေရရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် မြေယာလျော်ကြေးများ ပေးချေရာတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး၊လုပ်နည်းများနှင့်အညီ သုံးစွဲသွားမည်ဟု ဝန်ကြီးက ဆိုသည်။
ထိုဖြည့်စွက် ရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို မနက်ဖြန် (ဖေဖော်ဝါရီ ၂၁) တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်သွင်းသွားမည် ဖြစ်သည်။