အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရာထူးဝန်အဖွဲ့ကြောင့် ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့ဟု ငွေစာရင်းကော်မတီပြော

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာရှိများကို သင်တန်းများပေးရာတွင် ဆိုင်ရာနိုင်ငံများ၏ တရားဝင် အသိအမှတ်ပြု မဟုတ်သည့် တက္ကသိုလ်နှစ်ကျောင်းနှင့် ပူးပေါင်းခဲ့ခြင်းအတွက် ကျပ် သန်း ၁၉၀ ကျော် ပြည်သူ့ဘဏ္ဍာထဲမှ ကျခံသုံးစွဲခဲ့ရကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ကော်မတီ၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

နေပြည်တော်နှင့် ရန်ကုန်နှစ်မြို့တွင် ရာထူးဝန်အဖွဲ့မှ အရာရှိကြီးများ တက်ရောက်ခဲ့သော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာသင်တန်း (MPA) သင်တန်းများကို အမေရိကန် ပြည်ထောင်စုမှ Akamai University နှင့် မလေးရှားနိုင်ငံ EDS Business School အမည်ရှိ ကျောင်းများမှ ဆရာများက ၂၀၁၇ အောက်တိုဘာမှ ၂၀၁၉ မတ်လအထိ လာရောက် သင်ကြားခြင်းဖြစ်သည်။

Akamai University သည် လက်ရှိပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို ၂၀၁၄ ခုနှစ်တွင် ပညာရေးဦးဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Ph.D. Doctor of Philosophy Honoris Causa in Educational Leadership) ပေးအပ်ထားဖူးပြီး EDS Business School ကဲ့သို့ပင် သက်ဆိုင်ရာနိုင်ငံများ၌ တရားဝင်အသိအမှတ်ပြု မခံထားရပေ။

၂၀၁၉ နှစ်ဆန်းပိုင်းတွင် ဗြိတိန်နိုင်ငံ၌ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့လေ့လာနေသူ ကိုနေယံဦးက အဆိုပါကျောင်းများသည် သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့များ၏ အသိအမှတ်ပြုကျောင်းများ မဟုတ်ဘဲ စီးပွားရေးရှာသက်သက် ကျောင်းများသာဖြစ်ကြောင်း အချက်အလက် အထောက်အထားနှင့်တကွ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ၎င်း၏ Facebook တွင် တင်ခဲ့ပြီးနောက် လူအများအပြားက စိတ်ဝင်စားကာ ထပ်ဆင့် ဖြန့်ဝေခဲ့ကြသလို ပြည်ထောင်စုရာထူးဝန်အဖွဲ့အပေါ် ဝေဖန်မှုလည်း မြင့်တက်ခဲ့သည်။

အချက်အလက်များ ထုတ်ဖော်ဝေဖန်ခဲ့ပြီးနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အဆိုပါတက္ကသိုလ် အဖွဲ့အစည်းနှစ်ခု ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ပြီး ဦးဝင်းသိမ်းကိုလည်း ပြင်းထန်စွာသတိပေးကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထုတ်ပြန်ခဲ့ရဖူးသည်။

သို့သော် ယင်းမတိုင်မီ အဆိုပါ တက္ကသိုလ်/အဖွဲ့အစည်းနှစ်ခု အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ သုံးစွဲပြီးငွေမှာ ကျပ်သန်း ၁၈၉ ဒသမ ၄၅ သန်းအထိ ရှိသည်။ အဆိုပါငွေပမာဏကိုသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ လျာထားတောင်းခံမှုမရှိသကဲ့သို့ ပိုလျှံငွေပြန်မအပ်ဘဲ ထုတ်ယူသုံးစွဲခြင်းကဲ့သို့သော အားနည်းချက်များ တွေ့ရကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံထားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အဆိုပါ ကျပ်သန်း ၁၉၀ နီးပါးကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကတည်းက တစ်ကြိမ်တည်း တောင်းခံထုတ်ယူခဲ့ပြီး ၂၀၁၇ အောက်တိုဘာနှင့် ၂၀၁၉ မတ်လအကြား သုံးစွဲခဲ့ခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မညီဟု အစီရင်ခံစာတွင် ထောက်ပြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ကမူ သင်တန်းအတွက်ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကျော်လျှော့ပေးသည့် ယင်းသို့သော တက္ကသိုလ်အဖွဲ့အစည်းမျိုးမရှိနိုင်၍ ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် နောင်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်မည်ဟု ရှင်းလင်းထားကြောင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ပါဝင်သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကမူ အဆိုပါသင်တန်းကိစ္စမှာ မိမိဌာနအတွက် သီးခြားအခွင့်အရေး ဖန်တီးယူခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများ ဥပဒေနှင့်ညီစေရန် သက်ဆိုင်ရာဌာနက တာဝန်ယူ၊ တာဝန်ခံသင့်ကြောင်း မှတ်ချက်ပြုထားသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာသည် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာကာလ ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိမှုများအပေါ် အခြေခံထားပြီး အစိုးရဌာနများ၏ ငွေကြေးသုံးစွဲမှုများ ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button