သတင်း

ကျပ်သန်း ၄၂၀ အလွဲသုံးသည့် ခရိုင်ရဲမှူးကို ထောင် ၁၀ နှစ်ချခဲ့ဟု ဒုဝန်ကြီးပြော

ကျပ်သိန်း ၄,၂၀၀ နီးပါး အလွဲသုံးစားပြုမှုအတွက် အဓိကတာဝန်ရှိသည့် ခရိုင်ရဲတပ်ဖွဲ့မှူးကို အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ပြီး ၎င်းအပါအဝင် ငွေအလွဲသုံးစားမှုတွင် ပါဝင်ပတ်သက်သူများ၏ ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၈ခုနှစ်အတွင်းက ပေါ်ပေါက်ခဲ့သည့် ငွေကျပ် သိန်း ၄,၂၀၀ နီးပါး အလွဲသုံးစားပြုမှုအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးကို အများနှင့်သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် လားရှိုးခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၆,၀၀၀ ကျော် အလွဲသုံးစားမှုလုပ်ခဲ့ပြီး ယင်းပမာဏအနက် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အလွဲသုံးခဲ့သည့် ကျပ်သိန်း ၄,၂၀၀ နီးပါးကို နိုင်ငံတော်က ပြန်မရသေးဟု ရေးသားထားသည်။

ကနဦးတွင် တာဝန်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးကို နိုင်ငံတော်ပိုင်ငွေနှင့် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် တရားမစွဲခဲ့သော်လည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ကြောင်း၊ ငွေထုတ်သူအရာရှိကို ရဲမှူးအဆင့်မှ ဒုရဲမှူးအဆင့်သို့ (၂)နှစ် လျှော့ချခဲ့ကြောင်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်၌ ပြောသည်။

ထို့နောက် ဒီဇင်ဘာလတွင် ယင်းခရိုင်ရဲတပ်ဖွဲ့မှူးကို လားရှိုးခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငွေကြေးခဝါချမှုနှင့် စပ်လျဉ်း၍ စစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ထပ်မံဖွဲ့စည်း၍ လိုအပ်သည့် သက်သေများကို စစ်ဆေးခြင်း၊ သက်သေခံများ ထပ်မံရယူ၍ (ပြည်သူ့ဘဏ္ဍာအဖြစ်) သိမ်းဆည်းနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက် ရှိပါတယ်ဟု ဗိုလ်ချုပ်အောင်သူက လွှတ်တော်၌ ပြောသည်။

ထို့အပြင် ယင်းအမှုတွင် တရားခံပြေးဖြစ်သည့် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အငယ်တန်းစာရေး ဒေါ်နန်းစွမ်းရည် ပိုင်ဆိုင်သည့် နေအိမ်နှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး လားရှိုးခရိုင်တရားရုံးက ဆောင်ရွက်နေကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။

ကျပ်သိန်း ၆,၀၀၀ ကျော်အနက် ကျန်ရှိသည့် ကျပ်သိန်း ၂,၀၀၀ ကျော် အလွဲသုံးမှုများမှာ မန္တလေးမြို့ရှိ အမှတ် (၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ)၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရေနံချောင်းရှိ အမှတ် (၁) ရေနံမြေ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့တွင် ပေါ်ပေါက်ခဲ့ပြီး အလွဲသုံးငွေများကို ပြန်လည်ရရှိထားကြောင်းနှင့် ကျူးလွန်ခဲ့သူများကို စိစစ်အရေးယူမှုများလည်း တွေ့ရကြောင်း အစီရင်ခံစာအရ သိရသည်။

Show More

Related Articles

Back to top button