သတင်း

ရခိုင်အရေးတွင် ရာဇဝတ်မှုကျူးလွန်သူများအား တရားစွဲရန်သဘောတူဟု သမ္မတရုံးကြေညာ

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း၊ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် အထောက်အထား ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် သဘောတူသည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့ (ဇန်နဝါရီ ၂၁ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဆင်ရေးများတွင် ‘စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများ’ ရှိခဲ့ပြီး ‘အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း’ များကို ကော်မရှင်က တွေ့ရှိရသည်ဟု သမ္မတရုံးက ထပ်လောင်းအတည်ပြု ထုတ်ပြန်ထားသည်။

ထို့ပြင် ‘ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မွတ်စလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း’ ကိုလည်း ကော်မရှင်က တွေ့ရှိကြောင်းကို သမ္မတရုံး၏ ထုတ်ပြန်ချက်က ထပ်မံထုတ်ပြန်သည်။

အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သော်လည်း လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျှင်းမရှိ’ ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မွတ်စလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံး အနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်သည်” ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ‘ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်း ပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ ပြုလုပ်သွားသင့်သည်ကို စစ်ဥပဒေချုပ်နှင့် လိုအပ်သကဲ့သို့ တိုင်ပင်ဆောင်ရွက်သွားရန်’ လည်း ပြည်ထောင်စု ရှေ့နေချုပ်အား နိုင်ငံတော်သမ္မတက အကြောင်းကြားထားသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

၂၀၁၇ ဩဂုတ်လတွင် အာဆာ(ARSA)အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက် တိုက်ခိုက်မှုများဖြစ်ပြီးနောက် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ICOE ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တစ်နှစ်ခွဲခန့်ကြာ စုံစမ်း၊ စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ရရှိလာသည့် ကော်မရှင်၏ အစီရင်ခံစာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့က လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန်လည်း အကြံပြုထားသေးသည်။

ကော်မရှင်၏ အစီရင်ခံစာတွင် စုစုပေါင်း စာမျက်နှာ (၄၅၀) ကျော်ပါရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သက်သေများ၏ထွက်ဆိုချက် စုစုပေါင်း (၁၅၀၀)ခန့်တို့အား စုဆောင်ထားသည်ဟု ဆိုသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိခိုက်၊ ခံစားရသူအားလုံးအတွက် စာနာဝမ်းနည်းပြီး “တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီ လုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အာဆာက လုံခြုံရေးရဲကင်းများအား ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြန်မာ့တပ်မတော်က အလွန်အကျွံအင်အားသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုများသည် လူမျိုးသုဉ်းသတ်ဖြတ်မှုအဆင့်ထိ ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သလို ယင်းစွပ်စွဲချက်ဖြင့်ပင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button