
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ဘတ်စကားလိုင်းများကို စီးနင်းရာတွင် ယာဉ်စီးခကို ကတ်ဖြင့်ငွေပေးချေနိုင်သည့် Yangon Payment Service (YPS) စနစ်ကို ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားသော်လည်း အထမမြောက်ခဲ့ပါ။
ကတ်စနစ်စတင်မည့်အချိန် နှစ်ချီကြာမြင့်နေခဲ့ပြီး မိတ်ဆက်မည့်ရက် မကြာခဏ ရွှေ့ဆိုင်းခဲ့ရခြင်းမှာ အဆိုပါစနစ်ကို အသေးစိတ်လုပ်ကိုင်နေခြင်းကြောင့်ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ယနေ့ သုံးနှစ်ပြည့်အခမ်းအနားတွင် မီဒီယာများကို ပြောသည်။ သို့သော် ငွေပေးချေကတ် စတင်အသုံးပြုနိုင်မည့် အချိန်အတိအကျကို ၎င်းက ဖြေကြားမသွားခဲ့ပါ။
“ဒီကတ်တွေကို သုံးလို့ မှားယွင်းသွားခဲ့ရင် ပြည်သူလူထု နစ်နာမှာလည်း ကျွန်တော်တို့က အဖြစ်မခံနိုင်ဘူး” ဟု ဦးလှအောင်က ပြောသည်။
ပိုက်ဆံတိုက်ရိုက်ပေးချေရသည့် စနစ်ကို အစားထိုးမည့် YPS ကတ်စနစ်ကို ရန်ကုန်ဘတ်(စ်)ကားလိုင်းဝန်ဆောင်မှု YBS ပြောင်းလဲမှု သုံးနှစ်ပြည့်သည့် ယနေ့တွင် စတင်မိတ်ဆက်ရန် လျာထားကြောင်း YPS ကတ်စနစ်ကို ဝန်ဆောင်မှုပေးမည့် Asia Starmar Transport Intelligent Co.,Ltd နှင့် YRTA တို့က ပြီးခဲ့သည့်လပိုင်းက ထုတ်ဖော် ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါ ကတ်စနစ်ကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ယမန်နှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် YRTA နှင့် YBS နှစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သေးသည်။
ယာဉ်စီးခငွေပေးချေကတ်စနစ်ကို ဝန်ဆောင်မှုပေးမည့် Asia Starmar Transport Intelligent Co.,Ltd ၏ အရောင်းမြှင့်တင်ရေးအရာရှိချုပ် ဒေါ်ရီရီခင်ကမူ ကတ်တစ်ကတ်ကို ကျပ် ၂,၀၀၀ ဖြင့် ရောင်းချပြီး အနည်းဆုံး ကျပ် ၁,၀၀၀ မှ ၅၀,၀၀၀ အထိ ငွေဖြည့်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့တွင် ၂၄ နာရီဖွင့်သည့် g&g စတိုးဆိုင် ၁၀၀ ခန့်တွင်လည်း ရောင်းချမည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် YRTA စာစောင်တွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များအရ YPS ကတ်စနစ်ဝန်ဆောင်မှုအတွက် ၂၀၁၈ ခုနှစ်တွင် လေလံအောင်မြင်ထားသည့် Asia Starmar Transport Intelligent ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ ၁၀ ဦးတွင် မြန်မာနိုင်ငံသား ခြောက်ဦး၊ တရုတ်နိုင်ငံသား သုံးဦးနှင့် ကနေဒါနိုင်ငံသား တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် ဗန္ဓုလကုမ္ပဏီ၊ YUPT၊ YBPC နှင့် ရွှေတောင်ပိုင်း ကုမ္ပဏီတို့၏ ဘတ်စကားအစီးရေ ၁၅၀၀ ကို စက်ပစ္စည်းတပ်ဆင်ပြီး ဖြစ်ကြောင်း YRTA က သတင်းထုတ်ပြန်ထားသည်။
YPS ကတ်များကို ၂၀၂၀ ခုနှစ် ဧပြီလ နောက်ဆုံးထားပြီး YBS ယာဉ်အားလုံးတွင် တပ်ဆင်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားဖူးကြောင်း ၂၁ ယာဉ်လိုင်းပြေးဆွဲသည့် Power Eleven ကုမ္ပဏီလီမိတက်၏ မန်းနေးဂျင်းဒါရိုက်တာ ကိုသက်တင်ဝင်း (ခေါ်) ကိုတရုတ်လေးက Myanmar Now ကို ပြောသည်။
YPS ကတ်စနစ်အသုံးပြုမည့် စက်ပစ္စည်းများကို ယာဉ်လိုင်းကုမ္ပဏီများ အလှည့်ကျ တပ်ဆင်မည်ဖြစ်ရာ ၎င်း၏ ကုမ္ပဏီမှ ကားများတွင် တပ်ဆင်မည့် အချိန်ကို မသိရှိသေးကြောင်း ကိုတရုတ်လေးက ပြောသည်။
ယခင်ပြေးဆွဲနေသည့် တစ်ဦးတည်းပိုင်စနစ်ဖြင့် စုပေါင်းထားသော မထသယာဉ်လိုင်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖျက်သိမ်းကာ ပုဂ္ဂလိကနှင့် အများပိုင်ကုမ္ပဏီယာဉ်လိုင်းများ စုပေါင်းထားသည့် Yangon Bus Service (YBS) ဟု ခေါ်သော အများသုံးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုစနစ်ကို စတင်ခဲ့သည်။
ထိုဝန်ဆောင်မှုလုပ်ငန်းအတွက် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ဘီလျံ ၇၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
တိုင်းအစိုးရသည် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့ (မထသ) ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အမည်ဖြင့် သီးခြားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကာ YBS ယာဉ်လိုင်းများကို ကွပ်ကဲခဲ့သည်။
ယာဉ်အသစ်များကို အစားထိုး အသုံးပြုလာခဲ့ပြီး ယာဉ်အားလုံးတွင် “ရှေ့ကတက် နောက်ကဆင်း” ဟူသည့် ယာဉ်အတက်အဆင်း စနစ်ကိုလည်း စတင်အသုံးပြုလာခဲ့သည်။
ယခင်က မထသယာဉ်လိုင်းများတွင် ယာဉ်စီးခကို ယာဉ်နောက်လိုက်ထံ ငွေပေးချေရသည့် စနစ်မှ ပုံးထဲသို့ ကိုယ်တိုင် ထည့်ဝင်ရသည့် စနစ်သို့ ပြောင်းလဲခဲ့ပြီး ယာဉ်နောက်လိုက်များကိုလည်း ခြွင်းချက်ယာဉ်လိုင်း အချို့မှလွဲလျှင် အသုံးမပြုတော့ပေ။