သတင်း

YRTA အဖွဲ့ အရာရှိ၏ ကုမ္ပဏီက အဖွဲ့ပိုင်ငွေ ကျပ်ဘီလျံချီ ရနေ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ၏ အရာရှိကြီးတစ်ဦးပိုင်ဆိုင်သော ကုမ္ပဏီက YBS ယာဉ်များတွင် တပ်ဆင်ထားသည့် တည်နေရာပြစနစ် ပစ္စည်းများအတွက် လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ကျပ်ဘီလျံချီ ဝင်ငွေရရှိနေသည်။

ရန်ကုန်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း(YBS- Yangon Bus Service) ယာဉ်များတွင် GPS (တည်နေရာပြ စနစ်) ထည့်သွင်း၍ အွန်လိုင်းမှ ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရန် ယာဉ်များတွင်တပ်ဆင်မည့် စက်ပစ္စည်းများကို YRTA က တင်ဒါ မခေါ်ဘဲ B’ smart Myanmar ကုမ္ပဏီက ၂၀၁၇ ဇန်နဝါရီ ၂၂ တွင် လုပ်ပိုင်ခွင့်ရခဲ့သည်။  

Myanmar Now က ရရှိခဲ့သော အထောက်အထား၊ အချက်အလက်များအရ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် အဆိုပါကုမ္ပဏီသည် စက်ဝယ်ယူရေး ကြိုတင်ငွေအဖြစ် ၂၀၁၈ တွင် ကျပ်သိန်းသုံးထောင်၊ ၂၀၁၉ တွင် ကျပ်သိန်းငါးထောင် ရရှိခဲ့သည့်အပြင် စက်ပစ္စည်းငှားရမ်းမှုအတွက်လည်း နေ့စဉ် YBS ယာဉ်တစ်စီးလျှင် ကျပ် ၄၀၀ နှုန်း ဖြင့် YRTA ထံမှ ရရှိနေသည်။ 

အသွင်ပြောင်း စီအီးအို

ထိုကုမ္ပဏီကို အသက် ၃၈ နှစ်အရွယ် ဦးအောင်ညီညီမော်က ပိုင်ဆိုင်ပြီး ၎င်းသည် ၂၀၁၇ နိုဝင်ဘာမှစ၍ YRTA ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။

၂၀၁၄ တွင် တည်ထောင်ခဲ့သော ကုမ္ပဏီတွင် CEO အဖြစ် လုပ်ကိုင်နေရာမှ ၂၀၁၇ ဇူလိုင်တွင်  YRTA သို့ အဖွဲ့ဝင်အဖြစ် ရောက်ရှိလာပြီး တစ်လအကြာ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်(CEO) ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ၂၀၁၇ နိုဝင်ဘာတွင် မန်နေဂျင်းဒါရိုက်တာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

မန်နေဂျင်းဒါရိုက်တာ တာဝန်ယူထားသူ ဦးအောင်ညီညီမော်သည် အဆိုပါကုမ္ပဏီမှ နုတ်ထွက်ထားကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

“သူကိုယ်တိုင်က ဒီတာဝန်ကို ယူတဲ့အခါမှာ B’ smart ကုမ္ပဏီက တာဝန်ယူနေတဲ့ Telematic စနစ်နဲ့ မပတ်သက်အောင်၊ (ကုမ္ပဏီကနေ) သူ နုတ်ထွက်တယ်ဆိုတဲ့အကြောင်းကို လူကြီးတွေအားလုံးကို သူ ရှင်းလင်းတင်ပြထားပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော် B’ smart Myanmar ကုမ္ပဏီတွင် ဦးအောင်ညီညီမော်က တရားဝင် ဒါရိုက်တာတစ်ဦးအဖြစ် ရှိနေကြောင်း မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ယနေ့အထိ ဖော်ပြထားသည်။

ထိုကုမ္ပဏီတွင် ဒါရိုက်တာရာထူးအဖြစ် ဆက်ရှိနေသော်လည်း ကုမ္ပဏီ၏ လုပ်ငန်းများသည် ၎င်းနှင့် ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ဦးအောင်ညီညီမော်က Myanmar Now ကို ဇန်နဝါရီ ၁၈ တွင် ပြောသည်။

ပိုင်ဆိုင်မှုနှင့် လုပ်ငန်းဝင်ရောက်ဆောင်ရွက်မှုမှာ တူညီခြင်းမရှိဟု သူက ဆိုသည်။  

“ပိုင်ဆိုင်မှုဆိုတာကတော့ ဘယ်သူမဆို ရှိနေမှာပဲ။ တစ်ခုပဲ။ အဲ့ဒီပိုင်ဆိုင်မှုက ကျွန်တော်တို့အနေနဲ့ ဖုံးကွယ်စရာတော့ မရှိဘူး။ ပိုင်တာက ပိုင်တာပဲလေ။ Operation (လုပ်ငန်းဆောင်ရွက်မှု) ကို မလုပ်တာက မလုပ်တာပဲလေ။ မတူဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ရှိတယ်လေ၊ ကုမ္ပဏီတွေ ပိုင်မှာပဲ။ ဝင်လုပ်လား၊ မလုပ်လားပဲ အရေးကြီးတယ်လေ”ဟု ဦးအောင်ညီညီမော်က ပြောသည်။

YRTA တွင် ၎င်း၏ ရာထူးရရှိထားမှုနှင့် ကုမ္ပဏီ၏အကျိုးစီးပွား ပတ်သက်ဆက်နွှယ်မှု မရှိဟုလည်း ဦးအောင်ညီညီမော်က ငြင်းဆိုသည်။

“YBS ကြီး အပြောင်းအလဲလုပ်တာက ၂၀၁၇ ဇန်နဝါရီ ၁၆၊ Telematic က အဲ့ဒီ (ဇန်နဝါရီ ၂၂) ကတည်းက စနေပြီ။ ကျွန်တော်က အပြင်လူပဲ အဲ့ဒီအချိန်တုန်းက။ ဆိုတော့ အဲ့ဒီအချိန်ကာလမှာ တင်ဒါ ခေါ်ခြင်း၊ မခေါ်ခြင်းက ကျွန်တော့်အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးအောင်ညီညီမော်အား Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် YRTA ရုံးတွင် ဇန်နဝါရီ ၁၈ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ဇော်ရဲသွေး/ Myanmar Now)

စက်ငှားရမ်းခအဖြစ် YBS တစ်စီးလျှင် နေ့စဉ် ကျပ် ၄၀၀

YBS များကို ထိန်းချုပ်နေသည့် Yangon Bus Operation (YBO) စီမံကိန်းတွင် အသုံးပြုနေသည့် Telematics စက်ပစ္စည်းများ ငှားရမ်းခကိုလည်း YRTA က ကုမ္ပဏီထံ လစဉ် ပေးသွင်းနေသည်။ ထိုသို့ ပေးသွင်းနေရခြင်းမှာ စာချုပ်ပါအချက်များအရ ဖြစ်သည်ဟု YRTA ၏ မန်နေဂျင်းဒါရိုက်တာနှင့် တွဲဖက်အတွင်းရေးမှူးတို့က ပြောသည်။

၂၀၁၇ ဇန်နဝါရီ ၁၆ မှစ၍ YRTA အဖွဲ့၏ စီမံခန့်ခွဲမှုစရိတ်အဖြစ် YBS တစ်စီးလျှင် နေ့စဉ် ကျပ် ၄,၀၀၀ နှုန်း ကောက်ခံပြီး ထိုအထဲမှ ၄၀၀ ကျပ်ကို Telematic စက်ငှားရမ်းခအဖြစ် B’ smart Myanmar  ကုမ္ပဏီကို ပေးခြင်းဖြစ်သည်ဟု YRTA တွဲဖက်အတွင်းရေးမှူးက ရှင်းလင်းသည်။

” ယာဉ်တစ်စီးကို တစ်နေ့ကို လေးရာကျပ်နှုန်းကို ယခင် (ဦးအောင်ညီညီမော် မရောက်ခင်) သတ်မှတ်တဲ့အတိုင်း ကျွန်တော်တို့က ပေးဆောင်နေရတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

YRTA ၏ စာရင်းများအရ ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်အစီးရေ ၄,၆၀၀ ခန့်ရှိနေရာ တစ်စီး ကျပ် ၄၀၀ နှုန်းဖြင့် တွက်ပါက တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၅၅၀ ခန့်ကို ကုမ္ပဏီက ရရှိနေခြင်းဖြစ်သည်။

ဦးအောင်ညီညီမော်က YRTA တွင် ၎င်းတာဝန်ယူချိန်အတွင်း Telematics စက်များအတွက် ကုမ္ပဏီထံ ငွေပေးသွင်းခဲ့ရသည့် ပမာဏကို မမှတ်မိတော့ကြောင်း ပြောသည်။

ထိုစက်တန်ကြေး ငွေပမာဏအပါအဝင် လစဉ် ပေးချေနေရသည့် စက်ငှားရမ်းခများကို မည်သည့်ကာလအထိ ပေးချေရမည်ကိုမူ YRTA ဘက်မှ ဖြေကြားကြခြင်း မပြုပေ။

အဆိုပါ Telematics စက်ပစ္စည်းများ အသုံးပြုရခြင်းအတွက် ကျပ်သိန်းပေါင်း ၃၃၀၀ ကျော်ကို YRTA က တစ်နှစ်အတွင်း သုံးစွဲခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာချုပ်ပါသတ်မှတ်ချက်များ သိနိုင်ရန် အင်တာနက်တွင် B’ smart Myanmar ကုမ္ပဏီက ဖော်ပြထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဝေအောင်ထံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

ထိုစက်များ တပ်ဆင်ထားပါက YBS ယာဉ်မောင်းများ၏ ယာဉ်မောင်းနေစဉ် အပြုအမူများ၊ ယာဉ်အမြန်နှုန်း၊ ဘရိတ်အသုံးပြုမှုများနှင့် ယာဉ်သွားလာသည့် အကွာအဝေးများကို သိရှိနိုင်မည်ဖြစ်သည်။ 

အဂတိကော်မရှင်သို့ အတိုင်ခံရ

ရန်ကုန်တိုင်းအစိုးရကိုယ်တိုင် ကွပ်ကဲနေသော YRTA သည် အဖွဲ့ပိုင်ငွေ သုံးစွဲရာတွင် Telematics စက်ကိစ္စအပါအဝင် အခြားကိစ္စရပ်များကို ဘဏ္ဍာရေးစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသည်ဟုဆိုကာ YRTA ၏ ဘဏ္ဍာရေးမှူးဟောင်း ဒေါ်သန်းသန်းမြင့်က ၂၀၂၀ ဩဂုတ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့သည်။

“ဘယ်လောက် တန်ဖိုးရှိတဲ့ဟာကို ဝယ်မယ်လို့ ဘယ်ဆုံးဖြတ်ချက်မှာမှ မရှိဘဲနဲ့ (ကျပ်သိန်း) ၃၀၀၀ ပေးလိုက်၊ ၅၀၀၀ ပေးလိုက်နဲ့ (ကုမ္ပဏီထံ) ပေးခိုင်းနေတယ်။ နောက်ပြီးတော့မှ ဘတ်ဂျက် ဘယ်လောက်သုံးမယ်ဆိုတဲ့ အစအဆုံးကို ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ အစည်းအဝေးမှာ လက်မှတ်ထိုးထားခြင်းမရှိဘဲနဲ့ လစဉ် သိန်း ၃၀၀၀ လိုသလို သုံးနေကြတယ်။ အဲ့ဒါ အဂတိပဲ။ အဲ့ဒီ စိတ်တိုင်းကျ သုံးစွဲနေတဲ့ဟာတွေ မှန်သမျှကို မှန်ပါတယ်လို့ ဘဏ္ဍာရေးမှူးကို ထောက်ခံခိုင်းတယ်”ဟု ဒေါ်သန်းသန်းမြင့်က Myanmar Now ကို ပြောသည်။

YRTA  ၏ ၄ နှစ်သက်တမ်းအတွင်း ဘဏ္ဍာရေးမှူး ၃ ဦး အပြောင်းအလဲဖြစ်ခဲ့ပြီး ၎င်းသည်လည်း ၂၀၁၉ စက်တင်ဘာ တစ်လသာ YRTA ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့ကာ နုတ်ထွက်စာတင်၍ နုတ်ထွက်ခဲ့သည်ဟု တိုင်ကြားသူ ဒေါ်သန်းသန်းမြင့်က ပြောသည်။

ဒေါ်သန်းသန်းမြင့်သည် အစိုးရဝန်ထမ်းလုပ်သက် ၃၈ နှစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ ဒုတိယအထွေထွေမန်နေဂျာ အတွင်းစာရင်းစစ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၉ စက်တင်ဘာ ၂ တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် လက်မှတ်ထိုးပြီး YRTA ဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ဒေါ်သန်းသန်းမြင့်က အစိုးရဌာနများနှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုများ၊ ဘဏ္ဍာငွေသုံးစွဲမှုအလွဲများကို အသိပညာပေး၊ အစီရင်ခံစာထုတ်ဝေသော အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် Citizen Action for Transparency (CAFT) ကိုယ်စားပြု၍ အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်း၏ တိုင်ကြားချက်ပါဖြစ်စဉ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်မြောက် မပြင်ဆင်ခင်က အကြောင်းအရာဖြစ်နေ၍ အရေးယူဆောင်ရွက်၍ မရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်က ၂၀၂၀ ဒီဇင်ဘာ ၁၁ တွင် စာဖြင့် အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် ၎င်းက အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် တိုင်ကြားခဲ့ရာ ပါတီအနေဖြင့် စစ်ဆေးပါက အလုပ်သဘောအရ ဘောင်ကျော်သည့်သဘော သက်ရောက်နေ၍ လုပ်ဆောင်၍မရကြောင်း NLDဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။ 

ထို့ပြင် YRTA အဖွဲ့အတွင်း ဘဏ္ဍာငွေအသုံးပြုရာတွင် အထောက်အထားမဲ့ ငွေကြေးသုံးစွဲမှုများဖြစ်ပေါ်နေသည်ကို ၎င်း ဘဏ္ဍာရေးမှူးဖြစ်ချိန်တွင် တွေ့ရှိရသဖြင့် YRTA ၏ နာယကဖြစ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဝန်ကြီးဒေါ်နီလာကျော်ထံ နှစ်ကြိမ်တိုင်ကြားခဲ့သော်လည်း လူချင်းတွေ့ဆုံခွင့်ပင် မရခဲ့ကြောင်း တိုင်ကြားသူ ဘဏ္ဍာရေးမှူးဟောင်းက ပြောသည်။

GPS တပ်မှ YBS ဆွဲခွင့်ရ

YBS တစ်စီးတွင် ယာဉ်မောင်းခုံအနီး တပ်ဆင်ထားသည့် Telematic (ခေါ်) GPS တည်နေရာပြ စက်ပစ္စည်းကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မျိုးဆက်ပိုင်/ Myanmar Now)

တည်နေရာပြ Telematic (ခေါ်) GPS စက်ကို ခရီးသည်တင်ပြေးဆွဲမည့် ယာဉ်များတွင် တပ်ဆင်ထားမှသာ မြို့တွင်းပြေးဆွဲခွင့်ရပြီး ထိုစက်တပ်ရန်အတွက် ယာဉ်လိုင်းပိုင်ရှင်နှင့် YRTA အကြား စက်ငှားရမ်းစာချုပ် ချုပ်ဆိုရကြောင်း Power Eleven Public Co., ltd အမှုဆောင်ညွှန်ကြားရေးမှူး ကိုတရုတ်ကလေး (ခေါ်) ဦးသက်တင်ဝင်းက Myanmar Now ကို ပြောသည်။

YBS ၂၁၊ ၃၉၊ ၄၁ စသည့် ယာဉ်လိုင်းများပိုင်ဆိုင်သည့် ထိုကုမ္ပဏီသည် ယာဉ်အစီးရေ ၂၅၀ ကျော်၊ ယာဉ်မောင်း ၃၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

“သာမန်အားဖြင့်ဆိုရင်တော့ လုပ်ဆောင်မှု (Telematic စက်လုပ်ဆောင်မှုပုံစံများ) အနေအထားလောက်ဆိုရင်တော့ တစ်သိန်း ၊ တစ်သိန်းခွဲ ဝန်းကျင်လောက်တော့ တန်ကြေးရှိမယ်နဲ့ တူတယ်” ဟု ကိုတရုတ်ကလေးက စက်တန်ဖိုးကို ခန့်မှန်းသည်။

YRTA နှင့် ချုပ်ဆိုသည့် စာချုပ်တွင် ယာဉ်ပိုင်ရှင်များက Telematic စက်အတွက် ငွေမပေးချေရသော်လည်း စက်ပျောက်ဆုံး၊ ပျက်စီးပါက စက်တန်ဖိုးအဖြစ် ကျပ် ၂၅၀,၀၀၀ ပေးလျော်ရမည်ဟု ဖော်ပြထားသည်။ 

ကိုတရုတ်ကလေးကမူ သုံးနှစ်ကျော်ကြာ အသုံးပြုခဲ့သော အဆိုပါစက်များ၏ စွမ်းဆောင်ရည်သည် ယခုအချိန်၌ ကျပ် တစ်သောင်းကျော်တန်စက်များ၏ စွမ်းဆောင်ရည်နှင့် များစွာကွာခြားမှုမရှိတော့ကြောင်း မှတ်ချက်ပြုသည်။

Telematic စက်ပစ္စည်းအမျိုးအစား အများအပြားရှိသည့်အနက် YBS ယာဉ်ကဲ့သို့ ကားများတွင် တပ်ဆင်နိုင်သည့် စက်အမျိုးအစားသည် တစ်ခုလျှင် ၁၁ ဒေါ်လာ (ပျမ်းမျှ ၁၅,၀၀၀ ကျပ်ခန့်) မှ ၁၄ ဒေါ်လာ (၁၉,၀၀၀ ကျပ်နီးပါး) ကြား တန်ကြေးရှိကြောင်း တရုတ်သူဌေး ဂျက်မားတည်ထောင်ခဲ့သည့် အလီဘာဘာဈေးဝယ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုစက်များ တပ်ဆင်ထားသောကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို အရေးယူနိုင်ခဲ့ပြီး ယာဉ်မတော်တဆမှုအချို့ကိုလည်း စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ မတ်လမှစ၍ ကိုဗစ်နိုင်တင်းကြောင့် လုပ်ငန်းထိခိုက်မှု ကုစားရေးအဖြစ် YBS ယာဉ်တစ်စီးလျှင် စီမံခန့်ခွဲမှုစရိတ် တစ်ရက် ကျပ် ၄၀၀၀ ကောက်ခံနေမှုကို YRTA မှ ကင်းလွတ်ခွင့်ပြုခဲ့သဖြင့် အဆိုပါ Telematics စက်ငှားရမ်းများကိုပါ မူလရရှိထားသည့် ရန်ပုံငွေမှ YRTA က ပေးချေနေရသည်။

၂၀၁၆ တွင် NlD အစိုးရတက်လာပြီးနောက် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများကို ကြီးကြပ်နေသော မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)ကို ဖျက်သိမ်း၍ YRTA အာဏာပိုင်အဖွဲ့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ထို့နောက် နှစ်ဝက်ခန့်အကြာတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် မထသခရီးသည်တင်ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ဖြင့် အစားထိုးပြေးဆွဲခဲ့ရာ ၂၀၂၁ ဇန်နဝါရီ ၁၆ ၌ လေးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၂၀၁၇-၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအရ ယင်းနှစ်အတွက် YRTA သည် ကျပ် ၉ ဒသမ ၄ ဘီလျံကျော် ဝင်ငွေရရှိခဲ့ပြီး ၁ ဒသမ၇ ဘီလျံကျပ် သုံးစွဲခဲ့သည်။

သို့သော်လည်း ဝင်ငွေများအတွက် ပြည်ထောင်စုအစိုးရသို့ အခွန်မဆောင်ဟု ဝေဖန်ခံခဲ့ရသည်။ 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမူ YRTA ၏ဝင်ငွေအားလုံးသည် အစိုးရဘဏ္ဍာဖြစ်သွား၍ အခွန်မဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရက အခွန်ဆောင်ရန် ညွှန်ကြားပါက ဆောင်မည်ဖြစ်ကြောင်း ၂၀၂၀ ဖေဖော်ဝါရီလ ရန်ကုန်မြို့ လူထုတွေ့ဆုံပွဲတစ်ခုတွင် ထည့်သွင်းပြောကြားထားသည်။

Show More

Related Articles

Back to top button