အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Omni Focus ကုမ္ပဏီနှင့်အငြင်းပွားမှု ခုံကောင်စီက ယာဉ်မောင်းများကို အနိုင်ပေး

ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် Omni Focus ကုမ္ပဏီနှင့် လခစားအလုပ်ရပ်နားခံခဲ့ရသည့် ယင်းကုမ္ပဏီ၏ယာဉ်မောင်းများ၏ လျော်ကြေးအငြင်းပွားမှုတွင် အမြင့်ဆုံးအလုပ်သမားခုံသမာဓိကောင်စီက ယာဉ်မောင်းများကို အနိုင်ပေးလိုက်သည်။

လခစားအဖြစ်မှ ရပ်နားခံခဲ့ရသည့် ယာဉ်မောင်းများကို ကုမ္ပဏီက နောက်ဆုံးထုတ်လစာပမာဏနှင့် လုပ်သက်အလိုက် နစ်နာကြေးများထုတ်ပေးရန် ရန်ကုန်တိုင်းအလုပ်သမားခုံသမာဓိအဖွဲ့က ဇူလိုင် ၇ တွင် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမိန့်ကို ကုမ္ပဏီဘက်က မကျေနပ်သဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အငြင်းပွားမှုဖြေရှင်းရေး အမြင့်ဆုံးခုံရုံးဖြစ်သည့် ခုံသမာဓိကောင်စီထံ ဆက်လက်တိုင်ကြားခဲ့ရာ ခုံသမာဓိကောင်စီက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။  

ထိုအငြင်းပွားမှုကို အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းသော ခုံသမာဓိကောင်စီဝင်များဖြစ်သည့် အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်သုံးဦးက အဆင့်ဆင့် စိစစ်ပြီး ဆုံးဖြတ်ချက်ချသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Omni Foucs ကုမ္ပဏီဘက်က တင်သွင်းသည့် အလုပ်သမားများ၏လစာပေးစာရင်းများ တင်ပြရာတွင် စပေးစဉ်က လစာနှုန်းထားများကို ထိမ်ချန်ထားပြီး ကျပ်တစ်သိန်းခွဲဖြင့် လစာပေးသောစာရွက်များသာ တင်ပြသည်ဟု မှတ်ချက်ပြုပြီး ယာဉ်မောင်းများ၏ နောက်ဆုံးထုတ်လစာငွေနှင့် တွက်ချက်ပြီးပေးရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ယာဉ်မောင်းများ၏ နောက်ဆုံးထုတ်လစာများမှာ အများဆုံး ၃၃၀,၀၀၀ ကျပ်မှစ၍ အနည်းဆုံး ၁၅၀,၀၀၀ ကျပ်အထိပါဝင်ပြီး လုပ်သက်အနည်းဆုံး ခုနစ်လမှ အများဆုံး နှစ်နှစ်ခွဲအထိ ပါဝင်သဖြင့် အလုပ်သမား ၆၄ ဦးအတွက် ကျပ်သိန်း ၄၀၀ နီးပါး (၃၉,၃၂၀,၀၀၀) ကို ကုမ္ပဏီဘက်က ဇူလိုင် ၂၇ မှစ၍ တစ်လအတွင်း ပေးလျော်စေရန် ခုံသမာဓိကောင်စီက အမိန့်ချခဲ့သည်။ 

ထို့ကြောင့် ယာဉ်မောင်းများသည် လုပ်သက်အလိုက် အနည်းဆုံးလျော်ကြေးပမာဏ ကျပ် ၃၄၀,၀၀၀ နှင့် အများဆုံး ကျပ် ၈၇၅,၀၀၀ အထိ ရရှိကြမည်ဖြစ်သည်။ 

Omni Foucs ကုမ္ပဏီတွင် ယာဉ်မောင်းလုပ်သက် နှစ်နှစ်ခန့်ရှိသည့် ယာဉ်မောင်း ကိုငြိမ်းချမ်းဝင်းမှာ လျော်ကြေးစုစုပေါင်း ၈၂၅,၀၀၀ ရရှိမည်ဖြစ်သည်။ 

“အခု ဆုံးဖြတ်ချက်က အရမ်းပျော်တော့ ကားမောင်းရင်းတောင် ကလိုက်ချင်သေးတယ်။ နောက်ဆုံးထုတ်ရတဲ့လစာဆို‌တော့ ဆယ်ယောက်လောက်ကတော့ ရတာနည်းသွားတာရှိတယ်။ တချို့ကျတော့ ၃၃၀,၀၀၀ ၊ ၃၂၀,၀၀၀ ထုတ်ခဲ့တဲ့လူတွေရှိတော့ အများကတော့ ခံစားခွင့်ရသွားတယ်၊ အနည်းကတော့ နည်းနည်းနစ်နာသွားတာ ရှိတယ်”ဟု ဦးဆောင်တိုင်ကြားသူ ကိုငြိမ်းချမ်းဝင်းက ပြောသည်။ 

ဇူလိုင် ၂၇ တွင် ခုံသမာဓိကောင်စီက အမိန့်ချမှတ်ခဲ့ပြီး ယနေ့ ဇူလိုင် ၂၉ အထိ ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာဆက်သွယ်မှု မရှိသေးကြောင်း ယာဉ်မောင်းများက Myanmar Now ကို ပြောသည်။ 

Omni Focus သည် ဧပြီလဆန်းမှစ၍ ၎င်း၏ဝန်ထမ်း ယာဉ်မောင်း ၃၀၀ ကျော်ကို လခစားအဖြစ်မှ ရပ်နားကာ နေ့စဉ် ယာဉ်စီးခရငွေထဲမှ ဆီဖိုးနုတ်ပြီး ကျန်ငွေကို ယာဉ်ပိုင်နှင့် ယာဉ်မောင်းများကြား ၆၅-၃၅ ရာခိုင်နှုန်းအချိုး ခွဲဝေယူသည့် ကော်မရှင်စားစနစ်ဖြင့် ပြောင်းလဲလိုက်သည်။  

အဆိုပါကော်မရှင်စားစနစ်ဖြင့် မမောင်းလိုသည့် ယာဉ်မောင်းများကို နစ်နာကြေး ကျပ် ၂၀၀,၀၀၀ ပေးကာ အလုပ်မှ နုတ်ထွက်စေခဲ့ရာမှ ယခုအငြင်းပွားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကော်မရှင်စားစနစ် မမောင်းလိုသည့် ၁၃၄ ယောက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအလုပ်သမားရေးရာဦးစီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများထံ ဧပြီမှာပင် တိုင်ကြားခဲ့ကြပြီး ရန်ကုန်တိုင်းအလုပ်သမားခုံသမာဓိအဖွဲ့ထံ တိုင်ကြားချိန်တွင် ယာဉ်မောင်း ၆၅ ဦးသာ ကျန်တော့သည်။ ကျန်ယာဉ်မောင်းများမှာ ကုမ္ပဏီ၏ ကော်မရှင်စားစနစ်အောက်တွင် ပြန်လည်လုပ်ကိုင်နေခဲ့ကြသည်။ 

အခြေခံလစာ ၃၀၀,၀၀၀ အပြင် ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခဲ့သည့်အတွက် နစ်နာကြေး (Notice ကြေး) အဖြစ် လုပ်ခတစ်လစာ စုစုပေါင်း ကျပ် ၆၀၀,၀၀၀ ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။ 

ကုမ္ပဏီဘက်ကမူ အစိုးရသတ်မှတ်သည့် အခြေခံလစာသည် ၃၀၀,၀၀၀ မဟုတ်ဟု ဆိုကာ ၁၅၀,၀၀၀ ကျပ်နှင့် Notice ကြေး ၅၀,၀၀၀ ကျပ် သတ်မှတ်ပြီး နှစ်ခုပေါင်း ၂၀၀,၀၀၀ ကျပ်သာ ပေးလျော်လိုခြင်းဖြစ်သည်။

အမြင့်ဆုံးခုံသမာဓိကောင်စီ တက်ရာတွင် ယာဉ်မောင်းတစ်ဦး ထပ်မံမပါဝင်တော့သောကြောင့် ခုံသမာဓိကောင်စီက အနိုင်ပေးရန် ဆုံးဖြတ်လိုက်သောစာရင်းတွင် ယာဉ်မောင်း ၆၄ ဦး သာ ပါဝင်တော့သည်။ 

ယခုကဲ့သို့ နောက်ဆုံးထုတ်လစာပမာဏ အငြင်းပွားနေမှုသည် အလုပ်ရှင် Omni Focus ကုမ္ပဏီနှင့် အလုပ်သမားများကြား နှစ်ဦးသဘောတူ Employment Contract (EC) စာချုပ် မရှိခြင်းကြောင့် ဖြစ်သည်ဟု ယာဉ်မောင်းများက ဆိုသည်။ 

ကုမ္ပဏီအနေဖြင့် အလုပ်သမားများနှင့် EC စာချုပ်များ ချုပ်ဆိုထားခြင်းမရှိသဖြင့် အမြန်ဆုံးချုပ်ဆိုထားရန် ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့က ၂၀၁၉ နိုဝင်ဘာကတည်းက တိုက်တွန်းခဲ့သော်လည်း ယခုအချိန်အထိ ချုပ်ဆိုခြင်း မရှိပေ။

Omni Focus General Services Public Co., ltd သည် ၎င်းပိုင် ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့် YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိပြီး ထိုကုမ္ပဏီကို ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏မြေး ဦးကျော်နေဝင်းက ဦးဆောင်လုပ်ကိုင်နေသည်။

လက်ရှိ YBS စနစ်တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆,၀၀၀ ကျော် ရှိပြီး ၂၀၁၉ မေလအထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ စာရင်းအရ ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ ၈ ဖွဲ့ ရှိသည်။ ယာဉ်အမှတ် ၁ မှ ၁၀၁ အထိ ရှိပြီး ပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်း ၁၂၀ အထိရှိကာ ကုမ္ပဏီပိုင်ကား ၂,၅၀၀ ကျော်နှင့် ပုဂ္ဂလိကပိုင်ကား ၃,၅၀၀ ကျော် ပြေးဆွဲလျက်ရှိသည်။​​​​​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles