သတင်း

အစိုးရညွှန်ကြားချက်မရဘဲ အခွန်မဆောင်နိုင်ဟု YRTA ပြော

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူများက ဝင်ငွေခွန်နှင့် ပတ်သက်ပြီး အထက်အဆင့်ဆင့်သို့ တင်ပြထားသော်လည်း ညွှန်ကြားချက်မရ၍ အခွန်ဆောင်ရန် ကြန့်ကြာနေခြင်းသာဖြစ်သည်ဟု ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်တိုင် ကြီးကြပ်နေသည့် YRTA သည် အစိုးရထံ ဝင်ငွေခွန်မဆောင်သဖြင့် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း၌ ဝေဖန်မှု မြင့်တက်လာသောကြောင့် ပြည်ထောင်စုအစိုးရက ညွှန်ကြားလာသည့်အခါ အခွန်ဆောင်မည်ဖြစ်ကြောင်း YRTA ၏ နာယက ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများက ဖြေရှင်းခဲ့ကြသည်။

လက်ရှိအစိုးရက ညွှန်ကြားမလာသဖြင့် အခွန်ဆောင်နိုင်ခြင်း မရှိခဲ့ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အနေအထားရယ်၊ ကျွန်တော်တို့က ဘယ်လိုအနေအထားမှာ ဘယ်လိုသတ်မှတ်ချက်နဲ့ ပေးဆောင်ရမလဲ စသည်ဖြင့် ဒီအချက်တွေကို အားလုံးကို ပြန်လည်တင်ပြပြီးတော့ မေးမြန်းနေတဲ့အခြေအနေ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

YRTA  ဝင်ငွေခွန်မဆောင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖွဲ့က ၂၀၁၇-၂၀၁၈ အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

YRTA ၏ အဓိကဝင်ငွေမှာ YBS ယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများမှ ကောက်ခံရရှိငွေဖြစ်ပြီး အဖွဲ့၏ အဓိကအသုံးစရိတ်မှာ ရုံးဝန်ထမ်းလစာနှင့် အုပ်ချုပ်မှုစရိတ်ဖြစ်၍ တစ်လဝန်ထမ်းလစာ ကျပ်သိန်း ၈၀၀ ကျော် သုံးစွဲနေသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ ၂၀၁၇-၁၈ တွင် YRTA က ကျပ် ၉ ဒသမ ၄ ဘီလျံကျော် ရရှိသည့်အထဲမှ  ၁ ဒသမ၇ ဘီလျံကျပ် သုံးစွဲခဲ့သည်။ 

ကျန်ငွေ ၇ ဒသမ ၇ ဘီလျံအတွက် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းဆောင်ရမည်ဆိုပါက ၁ ဒသမ ၉ ဘီလျံကျပ် ပေးဆောင်ရမည်ဖြစ်သည်။

ဝင်ငွေခွန် ပေးဆောင်ရမည့် အနေအထားကို မသိပါက စာရွက်စာတမ်းအထောက်အထားများနှင့် တင်ပြရန် လိုအပ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။

“စာရွက်စာတမ်းတွေ တင်ပြဖို့က သူ့ (YRTA) တာဝန်လေ။ သူတို့က စာရွက်စာတမ်းလေးတွေနဲ့ မေးတော့မှ ဖြေလို့ရမှာ။ အခုက ဘာမှ မမြင်ရတဲ့အဖွဲ့အစည်းဖြစ်နေတော့။ သူတို့ ဘယ်မှာမှတ်ပုံတင်ထားလဲ၊ ဘာလဲ၊ ဘယ်လိုအသိအမှတ်ပြုထားလဲ။ ဒီလိုဟာမျိုးလေးတွေက ပြန်စစ်ရတာ”ဟု ၎င်းက ပြောသည်။

YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က အခွန်နှင့်ပတ်သက်ပြီး အထက်သို့ တင်ပြသွားမည်ဟု ပြောသည်။

“ကျွန်တော်တို့က အထက်ကနေပြီးတော့ အဆင့်ဆင့်ပေါ့ ၊ ဒါ (အခွန်ဆောင်ခြင်း)နဲ့ ပတ်သက်ပြီးတဲ့ လမ်းညွှန်မှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု ဆိုသည်။ 

ထိုသို့ YRTA က ကျပ်ဘီလျံချီရငွေကို ဝင်ငွေခွန်မဆောင်ဘဲ ငွေကြေးသုံးစွဲနေခြင်းကြောင့် အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ YRTA ၏ ဘဏ္ဍာရေးမှူးဟောင်းဖြစ်သူ ဒေါ်သန်းသန်းမြင့်က ၂၀၂၀ ဩဂုတ်လတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ထံ တိုင်ကြားခဲ့သေးသည်။

YRTA ၏ နာယကမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖြစ်သည်။

ဝန်ကြီးချုပ်က YRTA ၏ဝင်ငွေအားလုံးသည် အစိုးရဘဏ္ဍာဖြစ်သွား၍ အခွန်မဆောင်ခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်၊ လူထုတွေ့ဆုံပွဲတွင် ၂၀၂၀ ဖေဖော်ဝါရီလက ထည့်သွင်းပြောကြားထားသည်။

“ပြည်ထောင်စုအစိုးရက အခွန်ဆောင်ဆို ဆောင်လိုက်ရုံပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခွန်က ကျွန်တော်တို့ တိုက်ပုံအင်္ကျီထဲက ပိုက်ဆံတွေလိုပဲ။ ဒီဘက်အိတ်ပဲ ထည့်ထည့်၊ ဒီဘက်အိတ်ပဲ ထည့်ထည့် ၊ ဘယ်အိတ်ကပ်ထဲ ထည့်ထည့် ၊ ပြည်ထောင်စုအစိုးရနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရရဲ့ဝင်ငွေတွေပဲ ပြန်ရတာ ဖြစ်ပါတယ်၊ ခေါင်းစဉ်ချိန်းရုံ (ပြောင်းလဲရုံ) ပါပဲ”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသွားသည်။ 

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မထသ)ကို ဖျက်သိမ်းပြီးနောက် NLD  အစိုးရက YRTA ကို ၂၀၁၆ ဇူလိုင်တွင် ထူထောင်ကာ  YBS ဘတ်စကားများ ပြေးဆွဲမှု အစပြုခဲ့သည်။ 

Show More

Related Articles

Back to top button