ယနေ့ (ဩဂုတ် ၂) နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်တွင် ဂတ်စ်ဖြည့်ရန် စောင့်ဆိုင်းနေသည့် ဘတ်စကားတစ်စီးကို အရက်အမူးလွန်နေသူတစ်ဦးက ခိုးယူမောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားကာ လူသုံးဦးသေဆုံးခဲ့သည်။
လူထုမိတ်ဆွေကုမ္ပဏီပိုင် အမှတ် ၉၄ YBS ယာဉ်လိုင်းမှ ဘတ်စ်ကားတစ်စီးမှာ ယနေ့ နံနက် ၃ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွင် ခေတ္တရပ်နားထားစဉ် ခိုးယူမောင်းနှင်ခဲ့သူမှာ အရက်မူးလွန်နေသူဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ခိုးယူမောင်းနှင်သူမှာ မှော်ဘီမြို့နယ်၊ ဒေါနကုန်းကျေးရွာတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ်ရှိ သိန်းထိုက်ဆိုသူဖြစ်ပြီး ယာဉ်တိုက်မှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း၊ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း အင်းစိန်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူကတော့ သူဘာလုပ်လို့ လုပ်မိမှန်း မသိဘူးလို့ ပြောတာပေါ့ဗျာ။ မူးပြီးတော့ တက်မောင်းမိတာပေါ့။ သူ့မှာက ဘာမှမပါဘူး။ အင်္ကျီင်္ကျီတောင်မှ မပါဘူ။ ကျွန်တော်တို့ကတော့ ယာဉ်တိုက်မှု၊ လူသေမှုတွေနဲ့ အမှုဖွင့်ထားတယ်။ ကျန်တဲ့ဟာတွေက ရဲက ဆက်ပြီးတော့ အမှုဖွင့်နေတယ်” ဟု ၎င်းက ပြောသည်။
ခိုးယူမောင်းနှင်ခဲ့သည့် ဘတ်စကားက ဝင်တိုက်ခဲ့မှုကြောင့် အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးခဲ့သည်ဟု လိုက်ပါကူညီခဲ့သည့်လူမှုကူညီရေးအသင်းမှ သိရသည်။
“ကျွန်မတို့ ဒညင်းကုန်းလမ်းဆုံမီးပွိုင့်ရောက်တော့ ၁၂ နှစ်အရွယ်ကောင်လေးက သေနေပြီ။ နောက် ဖော့ကန်မီးပွိုင့်မှာ အမျိုးသမီးတစ်ဦးကို တိုက်မိပြီး သူလည်း ပွဲချင်းပြီးဆုံးသွားတယ်” ဟု ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဘတ်စကားကို ခိုးယူမောင်းနှင်စဉ် ဒညင်းကုန်းလမ်းဆုံမီးပွိုင့်တွင် ပထမတစ်ကြိမ် ယာဉ်တိုက်မှုဖြစ်စဉ် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။
ဒဏ်ရာရသူ ၃ ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိထား၍ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။
“ခေါင်းတွေချည်း ထိထားတာ ခြေလက်တွေ ပွန်းပဲ့တာတော့ ရှိတာပေါ့။ ကြီးကြီးမားမားဒဏ်ရာကတော့ ခေါင်းချည်းပဲ ထိထားတာ ၂ ယောက်က၊ နောက်အမျိုးသမီးတစ်ယောက်က ငုတ်တုတ်ထိုင်နိုင်တယ်။ မျက်ခုံးနေရာလောက်ပဲ ကွဲသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရွှေပြည်သာမြို့နယ်ရှိ CNG ဓာတ်ငွေ့ဆိုင်တွင် စောင့်ဆိုင်းနေစဉ် ၎င်းတို့ယာဉ်လိုင်းမှ ဘတ်စကား ခိုးယူခံရသည့်အကြောင်း လူထုမိတ်ဆွေယာဉ်လိုင်းကလည်း ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)