သတင်း

ရသေ့တောင်တွင် စစ်ပွဲတွင်း ပိတ်မိနေသည့် ရွာသား ၃၀ ကျော်ကို ကယ်တင်နိုင်

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအတွင်း ၅ ရက်ခန့် ပိတ်မိနေခဲ့သည့် ရသေ့တောင်မြို့နယ်မှ ရွာသား ၃၂ ယောက်ကို ယနေ့မနက်ပိုင်းတွင် စက်လှေဖြင့် သွားရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းက ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် ပြောသည်။

ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာတွင်အနီးတွင် ဇန်နဝါရီ ၉ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းဝင်ရောက်လာသည့်အတွက် ရွာသားများ အားလုံးနီးပါးမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးကြပြီး အသက်ကြီးသူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကလေးငယ်တချို့မှာ ရွာအတွင်း၌ ကျန်နေခဲ့သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။

အဆိုပါ တပ်မတော် စစ်ကြောင်းက ရွာ၌တပ်စွဲထားသဖြင့် ရွာမှ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း ရွာမပြန်နိုင်သလို ရွာတွင်ကျန်ခဲ့သူများလည်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်အခြေစိုက် မေယု ရင်သွေး လူမှုကူညီရေးအသင်းမှ မြို့နယ်အလုပ်အမှုဆောင် ကိုဘက္ကာက Myanmar Now ကို ပြောသည်။

“ရွာထဲမှာ အခုထိ စစ်ကြောင်းတစ်ခုရှိနေတုန်းပဲ။ ကျွန်တော်တို့ ရောက်သွားတော့ နည်းနည်းပါးပါးမေးပြီး ကယ်ခွင့်ပေးလိုက်တယ်” ဟု ကိုဘက္ကာက ဆိုသည်။

ကယ်တင်သည့်အဖွဲ့တွင် မေယုရင်သွေးအဖွဲ့ဝင်များအပြင် မြို့နယ်သံဃမဟာနာယကအဖွဲ့မှ ဆရာတော်သုံးပါး၊ ဒေသခံလူငယ်အချို့ပါဝင်ပြီး လွတ်မြောက်လာသည့် ရွာသားများကို ရသေ့တောင်မြို့နယ် ရွှေပါရမီတောရကျောင်းတွင် နေရာချပေးထားသည်ဟု ၎င်းကဆိုသည်။

ညောင်ပင်လှရွာအတွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖုန်းဖြင့်ဆက်သွယ်၍မရပေ။

ရသေ့တောင်လွှတ်တော်အမတ်အချို့နှင့် မြို့နယ်သံဃမဟာနာယကမှ ဆရာတော်များက ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ယမန်နေ့က ဖုန်းဖြင့်ဆက်သွယ်ကာ ပိတ်မိနေသည့် ရွာသားများကို ကယ်ဆယ်ခွင့်တောင်းခဲ့ပြီး ယနေ့သွားရောက်ကယ်တင်နိုင်ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ဆိုသည်။

ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်နေ့များကလည်း ညောင်ပင်လှရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ၊ ရွာအနီးရှိတောင်တန်းများအနီးတွင် တပ်မတော်က ရဟတ်ယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ခဲ့သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ညောင်ပင်လှရွာမှာ ရသေ့တောင်မြို့၏ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ မယူမြစ်အရှေ့ဘက်ကမ်းပေါ်တွင်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလက ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲအရာရှိများကို AA က ဖမ်းဆီးသွားခဲ့သည့် ရေမျက်ကျေးရွာ၏ အနီးတွင်ရှိသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများကြောင့် ကျေးရွာအတွင်း ရွာသားများပိတ်မိနေသည့် ဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားလေ့ရှိပြီး ကျန်ခဲ့သည့်နှစ် သြဂုတ်လက ဘူးသီးတောင်မြို့နယ် သျှစ်သျှားတောင်ရွာမှ အသက် ၉၀ ခန့်ရှိ ဒေါ်မအောင်ဖြူမှာ ရွာအတွင်း ၁၀ ရက်ခန့် ပိတ်မိနေစဉ် အာဟာရပြတ်ကာ သေဆုံးသည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။

Show More

Related Articles

Back to top button