
အဂတိမှုဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး၏ အမှုတွင် ထိုင်းဘဏ်တစ်ခု၏ ငွေစာရင်းကို ၎င်းလာဘ်ယူခဲ့ခြင်း သက်သေခံအဖြစ် ရန်ကုန်တိုင်းတရားလွှတ်တော်က လက်ခံခဲ့သည်။
ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) ဒုတိယမြောက်ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က ထိုင်းနိုင်ငံအခြေစိုက် KBank ၏ ဘဏ်စာရင်းရှင်းတမ်း ၃၂ ရွက်ကို ဦးစန်းမောင်ဦး လာဘ်ငွေယူခြင်း သက်သေခံအဖြစ် တင်သွင်းခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ အပိုဒ်ခွဲ (ဋ) တွင် “ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ နိုင်ငံတော်အတွင်း တည်ထောင်ထားသည့် အဖွဲ့အစည်းများ” ဟု အဓိပ္ပာယ်ဖွင့်ထားသဖြင့် နိုင်ငံခြားဘဏ်စာရင်းကို သက်သေခံအဖြစ် လက်မခံသင့်ကြောင်း စွပ်စွဲခံရသူ ဦးစန်းမောင်ဦး၏ ရှေ့နေ ဦးအောင်မြသန်းက တရားခွင်တွင် ကန့်ကွက်ခဲ့သည်။
အဆိုပါဘဏ်စာရင်းမှာ ဦးစန်းမောင်ဦး၏ တပည့်ဖြစ်သူ လားလား (ခေါ်) လမိုင်းဆန်း၏ ဘဏ်စာရင်းဖြစ်ပြီး ထိုင်းဘတ် ၂၀,၀၀၀ ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ပြည်တွင်းအခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ တစ်ခုထံမှ ရယူခဲ့သည်ဟု ဦးမိုးကျော်လွင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ကော်မရှင်၏ အဆိုအရ ဦးစန်းမောင်ဦးသည် အဆိုပါ ကုမ္ပဏီထံမှ ထိုင်းဘတ် ၄၀,၀၀၀ (ကျပ်သိန်း ၂၀ နီးပါး) ကို လာဘ်ငွေအဖြစ် ၂၀၁၈ ခုနှစ်အတွင်း နှစ်ကြိမ်ခွဲယူခဲ့သည်။ ပထမအကြိမ်မှာ ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာကိုယ်တိုင်က ဦးစန်းမောင်ဦးကို ပေးခဲ့ပြီး၊ ဒုတိယအကြိမ်မှာ လားလား (ခေါ်) လမိုင်းဆန်း၏ Kbank ဘဏ်စာရင်းမှတစ်ဆင့် လက်ခံခဲ့သည်ဟု ဦးမိုးကျော်လွင်က ပြောသည်။
ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲခန့် ကာလအတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများထံမှ လာဘ်ငွေ အကြိမ်ကြိမ် ရယူခဲ့သည်ဟုဆိုကာ ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အမှုဖွင့် တရားစွဲဆိုခဲ့သည်။
- ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိဟောင်း အဂတိမှုဖြင့် အမှုဖွင့်ခံရ
- သံအရာရှိ လာဘ်စားကြောင်း အထောက်အထားပြနိုင်သည့်အမှုဖြင့် စတရားစွဲဟု အဂတိကော်မရှင်ပြော
အဆိုပါ အလုပ်သမားသံအရာရှိဟောင်းကို လာဘ်ငွေယူရာတွင် အားပေးကူညီကြောင်း ကော်မရှင်က စွပ်စွဲထားသည့် ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့ကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၆၃ တို့ဖြင့် အမှုဖွင့်ထားသော်လည်း ၎င်းတို့နှစ်ဦးမှာ တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပုဒ်မ ၆၃ အရ အဂတိကျူးလွန်ရန် အားပေးကူညီသူကို တူညီသော ပြစ်ဒဏ်ချမှတ်နိုင်သည်။
အဆိုပါအမှု၏ နောက်ထပ် ရုံးချိန်း ဇန်နဝါရီလ ၂၁ ရက်တွင် တိမ်းရှောင်နေသူများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူကို တရားရုံးက စစ်ဆေးမည် ဖြစ်သည်။