သတင်း

အစည်းအဝေးပျက်ကွက်သူ များခဲ့သော်လည်း ခြေဥပြင်ဆင်ရေးမူကြမ်း ဇန်နဝါရီ ၂၇တွင် လွှတ်တော်တင်မည်

ခြေဥပြင်ဆင်ရေးကော်မတီ၏ အစည်းအဝေးနောက်ဆုံးနေ့တွင် တပ်မတော်သားအမတ်များအပါအဝင် ကိုယ်စားလှယ်အများအပြား တက်ရောက်ခဲ့ခြင်း မရှိခဲ့သော်လည်း ခြေဥပြင်ဆင်ရေးဥပဒေကြမ်းနှစ်ခုကို မူလစီစဉ်ထားသည့်အတိုင်း ဇန်နဝါရီ ၂၇ရက်ပြန်စမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းမည်ဟု ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

လွှတ်တော်အမတ် ၄၅ ဦးပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ နေပြည်တော်တွင် ယနေ့ကျင်းပသည့် အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝင် ၁၈ ဦး၊ တစ်သီးပုဂ္ဂလတစ်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးတို့သာ တက်ရောက်ကြပြီး အခြားပါတီ ၁၀ ခုမှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တပ်မတော်က ပါဝင်ခွင့်ရထားသည့် ရှစ်ဦးစလုံး ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရန် လက်ခံရရှိထားသည့် အကြံပြုချက်ပေါင်း ၃၇၀၀ ကျော်ကို အပြီးသတ်ဆွေးနွေးဆုံးဖြတ်မည့် ယနေ့အစည်းအဝေးအစပိုင်းတွင် ကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းအပါအဝင် သုံးဦး အစည်းအဝေးခန်းသို့ ခေတ္တဝင်ရောက်ခဲ့ကြပြီး များမကြာမီ ပြန်လည်ထွက်သွားခဲ့ကြသည်။

ကျွန်တော်တို့နဲ့ NLD ပဲ ရှိမှာလေ၊ တိုင်းရင်းသားပါတီတွေက မတက်ကြဘူး။ ဒါဆို ဆွေးနွေးမှုတွေမှာ အားလုံးရဲ့ သဘောဆန္ဒပါဝင်မှု မရှိနိုင်တဲ့အတွက် ပြန်လာခဲ့ကြတာပါဟု ပူးပေါင်းကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက Myanmar Now ကို ပြောသည်။

ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကမူ ကော်မတီတွင်းဆွေးနွေးမှုများသည် အပြီးသတ်ဆုံးဖြတ်ရန်ကိစ္စအနည်းသာ ဆောင်ရွက်ရန် ကျန်သဖြင့် ပျက်ကွက်မှုများကြောင့် လုပ်ငန်းစဉ်အပေါ် ထိခိုက်မှုမရှိဟု ဆိုသည်။

ဆွေးနွေးမှုများထဲမှ ထွက်လာသည့် အချက်အလက်များကို လာမည့် ဇန်နဝါရီ ၂၇ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများဖြစ်သည့် ပုဒ်မ ၄၃၆ (ကနှင့် ဆက်စပ်သည့် ပြင်ဆင်ချက်များဆိုင်ရာ ဥပဒေကြမ်းတစ်ခု၊ ၄၃၆ (ဆိုင်ရာ ဥပဒေကြမ်းတစ်ခု တင်သွင်းမည်ဟု ၎င်းက ပြောသည်။

သို့သော် မည်သည့်အချက်များပါဝင်မည်ကိုတော့ Myanmar Now က အသေးစိတ်မသိရသေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကော်မတီတစ်ခုဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

ယင်းဆုံးဖြတ်ချက်အရ အဆိုပါပူးပေါင်းကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မတီတွင်း သဘောထားကွဲလွဲမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ၄၅ ဦးထဲမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ နုတ်ထွက်ခဲ့ကြသည်အထိ ဖြစ်ခဲ့သည်။

ထို့အတူ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်နာယကထံ စာပေးပို့ခြင်းအပါအဝင် တပ်ဘက်က ကန့်ကွက်ထောက်ပြမှုများ မကြာခဏပြုလုပ်ခဲ့သည်။

Related Articles

Back to top button