သတင်း

ဗကသ ကျောင်းသား ဝေယံဖြိုးမိုးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆို ခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည်။

ကိုဝေယံဖြိုးမိုးမှာ ၂၀၁၉ ဇူလိုင်လက ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ လှုပ်ရှားမှု၊ ၂၀၁၉ စက်တင်ဘာလက ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို ထောက်ခံဆန္ဒပြမှုတို့အပေါ် ခွင့်ပြုချက် လျှောက်ထားခြင်း မရှိ၍ဟုဆိုကာ ရဲက ကျောက်တံတားမြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကိုဝေယံဖြိုးမိုးမှာ အင်းစိန်အကျဉ်းထောင်အတွင်းမှ အချုပ်ဖြင့်တရားရင်ဆိုင်နေရသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယနေ့ ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်ချရာတွင် ယင်းအမှု နှစ်ခုအတွက် ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခဲ့ကာ ဖုယွင်သပိတ်ထောက်ခံသည့် အမှုကိုသာ ချုပ်ရက်ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။

ယင်းကြောင့် ရခိုင်စစ်ဆန့်ကျင်သည့် ဆန္ဒပြပွဲဖြစ်သော ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ လှုပ်ရှားမှုအတွက် ထောင်ဒဏ် ၁၅ ရက်ကို ကျခံရမည်ဖြစ်သည်။

တရားဥပဒေပြဋ္ဌာန်းချက်များမှာ မရှင်းလင်းခြင်းကြောင့် ၎င်းအနေဖြင့် ထောင်ထဲတွင် ပြစ်ဒဏ်ကျခံရမည့် ရက်ထက် ပိုမို နေထိုင်နေရသည်မှာ တရားမျှတမှုမရှိကြောင်း ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးက တရားခွင်မှ အထွက်တွင်ပြောသည်။

“ထောင်ထဲမှာ ချုပ်ရက်အရ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်ပေမဲ့ နှစ်မှုပေါင်းမှ ထောင်ဒဏ် တစ်လပဲ ရှိတာဖြစ်တယ်။ ပထမ တစ်မှုကိုသာ ချုပ်ရက်ခံစားခွင့် ပေးလိုက်တဲ့ အခြေအနေမျိုးဖြစ်တယ်။ နောက်ထပ် ၁၅ ရက်ကို အင်းစိန်ထောင်မှာ ဆက်ပြီး ချုပ်နှောင်ထားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုဝေယံဖြိုးမိုးမှာ ၂၀၁၉ ဇူလိုင်လ ဆဲဗင်းဇူလိုင် ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်ခဲ့ခြင်းကြောင့်လည်း ငြိမ်းစုစီ ပုဒ်မ ၁၉ အရ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရသေးသည်။

Show More

Related Articles

Back to top button