သတင်း

ရသေ့တောင်မြို့နယ်အတွင်း သက်ကြီးရွယ်အို ၇ ဦးပိတ်မိနေဟု လွှတ်တော်အမတ်ပြော

မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခု တပ်စွဲထားပြီးနောက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒရားရွာတွင် သက်ကြီးရွယ်အို ၇ ဦးပိတ်မိနေကြောင်း အဆိုပါမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ယနေ့(ဒီဇင်ဘာ ၁၇ ရက်)တွင် Myanmar Now ကို ပြောသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာအနီးသို့ရောက်လာသည့်အတွက် ရွာသားအားလုံး တိမ်းရှောင်သွားကြခြင်းဖြစ်ပြီး မပြေးလွှားနိုင်သည့် အသက်ကြီးရွယ်အိုများမှာ ရွာအတွင်း၌ ပိတ်မိကျန်နေခဲ့ခြင်းဖြစ်ကာ အချိန်ကြာမြင့်စွာ ပိတ်မိနေပါက ကျန်းမာရေး စိုးရိမ်ရသည်ဟု ၎င်းက ပြောသည်။

သောင်းဒရားရွာတွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းက ရွာအတွင်းမှနေ၍ လက်နက်ကြီးများနှင့် မကြာခဏပစ်ခတ်နေသလို ရွာအနီးဝန်းကျင်တွင်လည်း ကင်းလှည့်နေသည့်အတွက် ပိတ်မိနေသူများကို ကယ်တင်ရန် ခက်ခဲနေကြောင်း ၎င်းက ပြောသည်။

“အခုလောလောဆယ်တော့ ကယ်ထုတ်ဖို့အတွက် လမ်းစမရသေးဘူး၊ သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြားထားတယ်” ဟု ဦးခင်မောင်လတ်က ဆိုသည်။ သောင်းဒရား ရွာမှာ ရသေ့တောင်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်နှင့် လူဦးရေ ၁၃၀၀ ခန့်ရှိသည်။

ပိတ်မိနေသည့် သက်ကြီးရွယ်အိုများမှာ ဒေါ်မမဖြူ အသက် ၁၀၀ ခန့် ၊ဦးမောင်ညွန့်ဦး အသက် ၁၀၀ ခန့်၊ ဦးမောင်သာဇံ အသက် ၈၀ ခန့်၊ ဒေါ်မကျော့ဖြူ အသက် ၉၀ ခန့်၊ ဒေါ်စောမြသိန်း အသက် ၇၄ နှစ်ခန့်၊ ဒေါ်ပိုးရွှေစိန် အသက် ၇၀ ခန့်နှင့် အမည်မသိရသေးသည့် အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးတို့ဖြစ်သည်ဟု လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ သောင်းဒရားရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော်လည်း ရွာအတွင်း တပ်မတော်စစ်ကြောင်း တပ်စွဲထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ရွာအတွင်း ဝင်ထွက်ခွင့်ကို တားဆီးပိတ်ပင်ထားခြင်းမရှိကြောင်း Myanmar Now ကိုပြောသည်။

“ဘာမှ ကျိုးကြောင်းခိုင်လုံမှုမရှိဘဲ သက်သက်စွပ်စွဲတာကြီးဗျာ၊ ဘာမှပိတ်မိတာမရှိဘူး သူ့ဟာသူ လာခေါ်လို့ရတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု သောင်းဒရားရွာဘက်သို့ သေနတ်များပစ်ခတ်ပြီး ဝင်ရောက်လာသည့်အတွက် ရွာသားများအားလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရပြီး သက်ကြီးရွယ်အိုများကို ချန်ထားခဲ့ရခြင်းဖြစ်သည်ဟု သောင်းဒရားရွာသား ကိုမောင်လှသိန်းက Myanmar Now ကိုပြောသည်။

သောင်းဒရားရွာသားအားလုံး အနီးအနားရှိ ကျေးရွာများဖြစ်သည့် အလယ်ရွာ၊ ရွာသစ်ကေ စသည့်ကျေးရွာများသို့ တိမ်းရှောင်နေရပြီး သောင်းဒြားရွာအနီးအနားဝန်းကျင်တွင် တပ်မတော်စစ်ကြောင်းများရှိနေသရွေ့ မပြန်ရဲသေးကြောင်း ကိုမောင်လှသိန်းက ပြောသည်။

ကျန်ခဲ့သည့် ဩဂုတ်လက ဘူးသီးတောင်မြို့နယ် သျှစ်သျှားတောင်ကျေးရွာတွင်နေထိုင်သည့် အသက် ၉၀ ခန့်အရွယ်ရှိ ဒေါ်မအောင်ဖြူမှာ ရွာအတွင်း၌ ၁၀ ရက်ခန့် ပိတ်မိနေသည့်အတွက် အာဟာရချို့တဲ့ကာ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးသည်။

ရခိုင်ပြည်နယ်အတွင်း စခန်း ၁၁၉ ခုတွင် လူပေါင်း ၄၃,၀၀၀ ခန့် နေရပ်စွန့်ခွာရလျက်ရှိပြီး ချင်းပြည်နယ်ရှိ စခန်း ၁၂ ခုတွင် လူပေါင်း ၁,၈၀၀ ခန့် နေရပ်စွန့်ခွာ နေထိုင်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ ကိန်းဂဏန်းများကိုအခြေခံပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်သည်။

သို့သော် စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ကူညီပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ ဒီဇင်ဘာ ၁၄ ရက်ကထုတ်ပြန်သည့် အချက်အလက်များအရ ရခိုင်စစ်ဘေးရှောင်အရေအတွက်မှာ ၉၈,၀၀၀ ကျော်အထိ ရှိနေသည်။

Show More

Related Articles

Back to top button