
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာ ၁၁ ရက်က ရွာသားနှစ်ဦး၊ မိုင်းနင်းမိပြီး တစ်ဦးသေ၊ တဦးဒဏ်ရာရခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာသား ၈ ဦးသည် ဒီဇင်ဘာ ၁၁ ရက်တွင် ကျေးရွာ သောက်သုံးရေမရတော့သဖြင့် ရေစီးရေလာကောင်းစေရန် ရွာနှင့် ၅ မိုင်ခန့် ဝေးသည့်နေရာမှ ရေသွယ်မြောင်းကို သွားရောက်ရှင်းလင်းရာမှာ နှစ်ဦးမှာ မြေမြှုပ်မိုင်းကို နင်းမိခြင်းဖြစ်သည်ဟု သိရသည်။
“သေသွားတဲ့သူကတော့ ခြေထောက်မှာ တော်တော်လေး ကြေသွားတယ်။ ဗိုက်မှာလဲ ဟိုဘက် ဒီဘက် ပေါက်သွားတယ်။ တစ်ယောက်ကတော့ ကျောက်မဲမှာ ဆေးရုံတင်ထားတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။
မိုင်း နင်းမိသူ ကိုနန္ဒာနှင့် ဦးမြဇော်တို့ နှစ်ဦးတွင် ၂၃ နှစ်အရွယ် ကိုနန္ဒာဆိုသူ သေဆုံးပြီး ၅၃နှစ်အရွယ် ဦးမြဇော်ကို ကျောက်မဲမြို့နယ်ဆေးရုံတွင် ကုသနေဆဲဖြစ်ကြောင်း သားဖြစ်သူ ကိုလှကျော်က ပြောသည်။
ဦးမြဇော်၏ ကျန်းမာရေးအခြေအနေသည် လက်ရှိအချိန်တွင် သက်သာနေပြီး အသက်အန္တရာယ်မစိုးရိမ်ရဟု ဆိုသည်။
တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွားလေ့ရှိသော ခုံငင်းကျေးရွာတွင်လည်း လွန်ခဲ့သော ၆ ရက်က ဝါးခုတ်သွားသူ ရွာသားနှစ်ဦး မိုင်းနင်းမိသဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသေးကြောင်း အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းဆမ်ဝ်ရှိန်းက Myanmar Now ကို ပြောသည်။